မစွဲလမ်းပါနဲ့
မစွဲလမ်းအောင် ဘယ်လိုနေမလဲ ?။
========================
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ၀ိပဿနာအခြေခံတရားတော်နဲ့ စူဠဝေဒလ္လသုတ် တရားတော်ထဲကနေ စာရေးသူ နားလည်သလောက်လေး ပြန်ပြောသွားရအောင်ပါ။
မြင်ရာ,ကြားရာ,နံရာ,စားရာ,တွေ့ထိစရာ, စိတ်ကူးကြံသိရာတွေမှာ စွဲလမ်းစရာ ခန္ဓာငါးပါးက အသင့် ရှိနေပါတယ်။
ဥပမာ- ရူပါရုံတစ်ခုကို မြင်ဆဲခဏမှာ
၁။ မျက်စိနဲ့အဆင်းက ရုပ်ဥပါဒါနက္ခန္ဓာပါ။
၂။ မြင်လို့ကောင်းတာ မကောင်းတာက ဝေဒနာဥပါဒါနက္ခန္ဓာပါ။
၃။ မြင်ရတဲ့အဆင်းကို မှတ်သားတာက သညာဥပါဒါနက္ခန္ဓာပါ။
၎။ မြင်မှုကိစ္စပြီးဆုံးအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာက သင်္ခါရဥပါဒါနက္ခန္ဓာပါ။
၅။ မြင်သိရုံမျှသဘောက ၀ိညာဏ်ဥပါဒါနက္ခန္ဓာပါ။
ဒီလိုပါပဲ တခြား ကြားရာ နံရာ စားရာ တွေ့ထိရာ စိတ်ကူးကြံသိရာ တွေမှာလည်း စွဲလမ်းစရာ ခန္ဓာငါးပါး ရှိနေပါတယ်။
ကိုယ့်ရဲ့လက်ကလေး ကွေးတာလေးကိုပဲ အာရုံပြုကြည့်လိုက်ပါ။ ကွေးတဲ့အခါမှာ ကွေးချင်တဲ့ စိတ်ကလေးက အရင်စပြီး ဖြစ်ပါတယ်။ နောက်မှ ကွေးတဲ့ရုပ်ကလေးက တစ်ရွေ့ချင်းဖြစ်လာတာပါ။ ဒီတော့ လက်တစ်ကွေးမှာ ကွေးချင်တဲ့ စိတ်ကလေးရယ်၊ ကွေးတဲ့ရုပ်ကလေးရယ်ပါ။
ကွေးမယ်လို့ကြံတဲ့ စိတ်ကလေးမှာ နာမ်ခန္ဓာလေးပါး ပါပါတယ်။
၁။ ကွေးတဲ့အခါ ၀မ်းမြောက်ဝမ်းသာနဲ့ ကွေးတာလည်းဖြစ်ချင်ဖြစ်မယ်။ နှလုံးမသာမယာနဲ့ ကွေးတာလည်း
ဖြစ်ချင်ဖြစ်မယ်၊ ၀မ်းသာတာလည်းမဟုတ်၊ နှလုံးမသာမယာတာလည်း မဟုတ်လဲ ရိုးရိုးအနေအထားနဲ့ ကွေးတာလည်းဖြစ်ချင် ဖြစ်မယ်၊ ဒါက ဝေဒနက္ခန္ဓာပါ။
၂။ ကွေးမယ်လို့မှတ်သားတဲ့သညာက သညက္ခန္ဓာပါ။
၃။ ကွေးဖို့ရာ စေ့စော်တိုက်တွန်းတဲ့သဘောလေးက သင်္ခါရက္ခန္ဓာပါ။
၎။ ကွေးမယ်လို့ကြံတဲ့စိတ်က ၀ိညာဏက္ခန္ဓာပါ။
၅။ ကွေးတဲ့လှုပ်ရှားမှုက ရူပက္ခန္ဓာပါ။
ဒီတော့ တစ်ရွေ့ကွေးတိုင်း ခန္ဓာငါးပါးရှိနေတာပါ။ ဒါကို မှန်မှန်ကန်ကန် မရှုနိုင်ရင် " ငါကွေးတယ်၊ ငါကွေးတယ် " လို့ ထင်သွားတော့တာပါ။
တခြားနေရာမှာတွေလည်း ဒီအတိုင်းပါပဲ။ " ငါမြင်တယ်၊ ငါကြားတယ်၊ ငါစားတယ်၊ ငါသွားတယ်၊ ငါအိပ်တယ်၊ ငါလွမ်းတယ်၊ ငါဝမ်းသာတယ်၊ ငါစိတ်ဆင်းရဲတယ် " ဆိုပြီး စွဲသွားတော့တာပါ။
ခန္ဓာငါးပါးရဲ့ သဘောကို ခပ်ကျဉ်းကျဉ်းလေး နားလည်သလောက် အရင်ပြောပြတာပါ။ ခန္ဓာငါးပါးရဲ့ သဘောလေးကိုသိပြီးသွားရင် ၀ိပဿနာအခြေခံသဘောလေးကို ဆက်ပြီး ပြောပြရအောင်ပါ။ တရားအားမထုတ်ဖူးသေးတဲ့ သူတွေအတွက် ဖတ်ရတာ နည်းနည်းခက်နေပါလိမ့်မယ်။ ၀ိပဿနာတရား ဗဟုသုတလေးရှိသွားအောင် ကြိုးစားသည်းခံပြီး ဖတ်ပေးပါဦး။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်ကလေးတွေကို အရင်ဆောင်ထားရင် အဆင်ပြေပါတယ်။
ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာရှု၍ ဖြစ်သနည်း။
စွဲလမ်းစရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ဖြစ်သတည်း။
ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ခါရှုရပါသနည်း။
မစွဲဖို့ရာ၊ ဖြစ်ဆဲမှာ၊ မှန်စွာရှုပါသတည်း။
ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
ဝိပဿနာဉာဏ်ဖြစ်အောင် ဘယ်လိုရှုပါသလဲတဲ့။
စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို ရှုရပါတယ်။
ရှုတဲ့အခါ ဘယ်အကျိုးအတွက် ရှုရပါသလဲတဲ့။ပြီးတော့ ဘယ်အခါမှာရှုရပါသလဲတဲ့။
မေးခွန်းနှစ်ခုပါ။ အဖြေကလည်း နှစ်ခုပါပဲ။ မစွဲဖို့အတွက်ရှုရတာပါတဲ့။ ရှုတဲ့အခါ ဖြစ်ဆဲမှာပဲ ရှုပါတဲ့။
ဖြစ်ဆဲမှာမရှုရင် ရုပ်နာမ်နှစ်ပါးအပေါ် စွဲလမ်းမှု ၀င်တတ်ပါတယ်တဲ့။
ရဝေနွယ်(အင်းမ) (ဖြစ်ပြီးတဲ့အကုသိုလ်ကို ဘယ်လိုပယ်မလဲ)

No comments:
Post a Comment