Showing posts with label ဘုရားဟောထဲမှာ သေမင်းမမြင်ရသော နည်းရှိသလား. Show all posts
Showing posts with label ဘုရားဟောထဲမှာ သေမင်းမမြင်ရသော နည်းရှိသလား. Show all posts

Friday, July 24, 2015

ဘုရားဟောထဲမှာ သေမင်းမမြင်ရသော နည်းရှိသလား

ဘုရားဟောထဲမှာ သေမင်းမမြင်ရသော နည်းရှိသလား
======================================
ဒကာ။ ။ သေမင်း မမြင်တွေ့ရသော နည်းလမ်းကောင်းများ ဘုရား ဟောကြားညွှန်ပြခြင်း ရှိပါသလား ဆရာတော်၊ သေမင်းမြင်သွားမှာ ကြောက်လွန်းလို့ ဘုရား၊ ဒကာကြီးကလည်း အသက်ကြီးလာပြီ။
ဆရာ။ ။ အင်း… အသက်ကြီးတော့ သေမင်းနဲ့ ပိုပြီးနီးနီးလာတာပေါ့၊ ဒါပေမယ့် မကြောက်ပါနဲ့၊ သေမင်း မမြင်နိုင်တဲ့နည်း ဟောကြားထားတာရှိတယ်၊ ၄င်းနည်းအတိုင်း နားထောင်လိုက်နာကျင့်ကြံပြုလုပ်ပေါ့။
သုညတော လောကံ အဝေက္ခသု၊
မစ္စုရာဇာ န ပဿတိ။
လောကကြီး သုညဖြစ်အောင် ရှုမှတ်ပွားလို့ တွေ့မြင်သွားသူကို သေမင်း မမြင်ရဘူးတဲ့။
ဒကာ။ ။ လောကကြီး သုညဖြစ်အောင် ဘယ်လိုရှုမှတ်ပွားများရမှာလဲ ဆရာတော်၊ နည်းနယများကို ပြောပြပါဦး ဘုရား။
ဆရာ။ ။ လောကကြီးကို သုညဖြစ်အောင် ရှုမှတ်ပွားများပုံနည်းကို မြတ်စွာဘုရားက သည်လို ထပ်ဆင့် ဟောကြားထားတယ်။
အတ္တနုဒိဋ္ဌိံ ဦဟစ္စ၊
မစ္စုရာဇာန ပဿတိ။ အတ္တာနုဒိဋ္ဌိခေါ်တဲ့ ငါ ငါ့ဥစ္စာ ငါ့ဟာ ခိုင်မြဲနေတာ ချမ်းသာနေတာဆိုတဲ့ အစွဲတွေကို ပယ်ရှားနုတ်ပစ်ရမယ်၊ ရုပ်သဘော နာမ်သဘောသက်သက်တို့၏ ဖြစ်၊ ပျက် နေမှုကို မြင်အောင် ရှုမှတ်ပွားများရမယ်တဲ့၊ ဆိုလိုရင်းက… ငါ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ဆိုတာ မရှိ၊ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တ၀ါဆို တာမရှိ၊ ခြေ လက် ပေါင် ခါး တင်ပါး ဦးခေါင်းဆိုတာ မရှိ၊ မြင် ကြား နံ စား ထိ သိ ဆိုတဲ့ ရုပ်နာမ်တို့ ဖြစ်ပျက်မှု သက်သက်မျှသာ ရှိနေတာဖြစ်တယ်၊ အရှိရုပ်နာမ်ကို အရှိအတိုင်းသတိပြုကာ သိတယ် မြင်တယ် ဟု ရှုမှတ်နေပါ၊ အတ္တာနုဒိဋ္ဌိ ငါစွဲကို သုညဖြစ်အောင် ဖြုတ်နုတ်ပစ်လိုက်ရင် သေမင်း မမြင်နိုင်တော့ဘူးတဲ့။
ဒကာ။ ။ အရှိကိုအရှိအတိုင်း ရှုမှတ်ရမယ်ဆိုတော့ မိမိမှာ ထင်ရှားရှိနေတဲ့ ရုပ်နာမ်တို့ ဖြစ်၊ ပျက်မှုသ ဘောကို ရှုမှတ်ရမှာပေါ့ ဆရာတော်။
ဆရာ။ ။ မဟုတ်ဘူးလေ၊ မိမိမှ မရှိတဲ့ဟာ မိမိမှာ ထင်ရှားရှိနေတဲ့ ရုပ်နာမ်ဖြစ်နိုင်ပါ့မလား၊ နားထောင် ထပ်ရှင်းပြမယ်။
အတ္တနုဒိဋ္ဌိဆိုတာ သဘာဝအားဖြင့် လောက၌ ထင်ရှားရှိနေတဲ့ ရုပ်နာမ်တို့ကို ငါ့ရုပ်၊ ငါ့နာမ်လို့ စွဲယူခြင်းကို ခေါ်ဆိုတာ ဖြစ်တယ်။ ပါဠိလိုကတော့…
အတ္တာနုဒိဋ္ဌိံ ၀ုစ္စတိ၊
ဝီသတိ ၀တ္ထုကာ သက္ကာယဒိဋ္ဌိ…..
တဲ့၊ ထင်ရှားရှိနေတဲ့ ရုပ်နာမ်ကို သက္ကာယခေါ်တယ်၊ ယင်းကို ငါ့ရုပ် ငါ့နာမ်လို့ စွဲယူတာကို ဒိဋ္ဌိခေါ်တယ်၊ အဲဒီ ငါစွဲ သက္ကာယဒိဋ္ဌိကို နုတ်ပယ်ပစ်လိုက်ရင် (သေမင်းက ငါကိုလိုက်ရှာနေတာ) ငါမှမရှိတော့တဲ့ဟာ သေမင်း မမြင်ရတော့ဘူးပေါ့၊ ကဲ…ရှင်းရဲ့လား ငါစွဲသက္ကာယဒိဋ္ဌိကို ဖြုတ် ရုပ်နာမ်သက်သက် ဖြစ်၊ ပျက်ကို မြင်အောင် ရှုမှတ်နေတာပဲ၊ အဲဒါ သေမင်း မမြင်ရတဲ့နည်းပဲ။
ဒကာ။ ။ ရှင်းပါပြီဆရာတော်၊ တိုတိုတိတိနဲ့ ကောင်းလိုက်တဲ့ အဖြေပါဘုရား၊ ဒါပေမယ့် ငါစွဲက မြဲနေပြီ ခွာဖို့ရာ ခက်တယ်။
Thama Meggin
လွင်အောင် မျိုး's photo.
Read more »