Showing posts with label သက္ကာယဒိဋ္ဌိသည် အမြဲတည်ရှိနေသော ပင်ကိုတရားလော. Show all posts
Showing posts with label သက္ကာယဒိဋ္ဌိသည် အမြဲတည်ရှိနေသော ပင်ကိုတရားလော. Show all posts

Friday, July 10, 2015

သက္ကာယဒိဋ္ဌိသည် အမြဲတည်ရှိနေသော ပင်ကိုတရားလော

သက္ကာယဒိဋ္ဌိသည် အမြဲတည်ရှိနေသော ပင်ကိုတရားလော
======================================
ဒကာ။ ။ သက္ကာယဒိဋ္ဌိကို ဗုဒ္ဓဘုရားက ပယ်ရှားနုတ်သတ်ပစ်ရန် အရေးတကြီး ရင်ဝလှံစူး ဦးခေါင်းမီး လောင် ပမာဆောင်ပြီး ဟောကြားတော်မူခဲ့ရာ သက္ကာယဒိဋ္ဌိ တရားဟာ သတ္တ၀ါတိုင်းမှာ မူလဘူတ ပင်ကိုသဘာဝအားဖြင့် ထင်ရှားတည်ရှိနေသော တရားလို့ မှတ်ယူရမှာလား ဆရာတော်၊ ဗုဒ္ဓအလိုတော်ကျ သိပါရစေ ဘုရား။
ဆရာ။ ။ သက္ကာယဆိုတာဘာလဲ၊ ဘာကိုခေါ်တာလဲ၊ ဒကာကြီးတို့ သိရဲ့လား။ ဒိဋ္ဌိဆိုတာကကော ဘာလဲ၊ ဘာကိုဆိုလိုတာလဲ၊ ဒကာကြီးတို့ ကွဲပြားရဲ့လား၊ အဲဒါလေး အဖြေပေးပါဦး။
ဒကာ။ ။ ဒကာကြီးတို့ မသိရှိမကွဲပြားလို့ လျှောက်ကြားတာပါ ဆရာတော်၊ ကွဲပြားအောင် မိန့်ကြားပါ ဘုရား။
ဆရာ။ ။ သက္ကာယဆိုတာ ပင်ကိုသဘာဝထင်ရှားရှိသော ခန္ဓာတရားစုကို ခေါ်တာ၊ သို့မဟုတ် ရုပ်နာမ်တရားစုတို့ ဖြစ်တယ်။ ဒိဋ္ဌိဆိုတာက သည်ရုပ်နာမ်ထဲမှာ မှားသောအမြင်၊ အယူ၊ အစွဲကို ခေါ်တယ်။
ဒကာ။ ။ သည်ရုပ်နာမ်ထဲမှာ မှားသော အမြင်၊ အယူ၊ အစွဲမျိုး ဒိဋ္ဌိဆိုတာက ဘာလဲ ဆရာတော်၊ အနည်းငယ်ရှင်းပြပေးပါ ဘုရား။
ဆရာ။ ။ သတ္တ၀ါတိုင်းမှာ ပင်ကိုသဘာဝ ထင်ရှားရှိလာ၊ ရလာကြတဲ့ခန္ဓာ၊ ရုပ်နာမ်၊ (ကိုယ်အတ္တဘောကြီး) ကို မိစ္ဆာဒိဋ္ဌိအနေဖြင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့ရုပ်၊ ငါ့နာမ် အနေနဲ့ ရှုမြင်စွဲယူနေတာကို ဒိဋ္ဌိလို့ခေါ်ဆိုရတယ်၊ ကွဲရဲ့လား။
ဒကာ။ ။ သက္ကာယနဲ့ ဒိဋ္ဌိ ကွဲပြားစွာ သိရှိရပါပြီ ဆရာတော်၊ ဆက်လက်မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ အဲဒါကြောင့် “သက္ကာယဒိဋ္ဌိ” တရားကို ဗုဒ္ဓဘုရားရှင်က သတ္တ၀ါတိုင်းမှာ မူလ ဘူတ ပင်ကိုသဘာဝအားဖြင့် ထင်ရှားတည်ရှိနေသော တရားဟု မယူဆ မဟောကြားဘူး။
ရုပ်နာမ် ခန္ဓာအပေါ်၌ မှားသောအမြင် အယူအစွဲတွေ ဖြစ်ပေါ်လာကာ၊ ငါ၊ ငါ့ဥစ္စာ၊ ငါ့ဟာ၊ ငါ့ရုပ်၊ ငါ့နာမ်ဟု စွဲယူသောအခါမျိုးမှသာ သက္ကာယဒိဋ္ဌိ ဖြစ်ပေါ်လာတယ်လို့ မှတ်ယူရမည် ဒကာကြီးတို့၊ အဲဒီ အယူအစွဲ အမှားတရားကို ဖြုတ်နုတ်ပယ်ရှားဖို့ မြတ်စွာဘုရားက အရေးတကြီး ဟောကြားတော်မူတာ၊ ဆိုလိုရင်းက ထင်ရှား ပင်ကိုယ်ရှိနေတဲ့ ရုပ်နာမ် သက္ကာယထဲမှာ ငါစွဲ အတ္တဒိဋ္ဌိမထည့်နဲ့၊ အတ္တဒိဋ္ဌိဟာ သက္ကာယဒိဋ္ဌိပဲ၊ အဲဒါ တန်းလန်းနဲ့ သေရင် အပါယ်ငရဲ လားမှာပဲ။
ဒါ့ကြောင့် သက္ကာယဒိဋ္ဌိသည် အမြဲတည်နေသော ပင်ကိုတရားမျိုးမဟုတ်၊ ထင်ရှားရှိနေတဲ့ ရုပ်နာမ်အစု သက္ကာယအပေါ်မှာ ဒိဋ္ဌိနဲ့ စွဲယူမှ ပေါ်လာသော တရားမျိုးဟု မှတ်ပါ၊ ငါ့ရုပ်၊ ငါ့နာမ်ဟု စွဲယူထားခြင်းပဲ။
ဒကာ။ ။ ရှင်းလင်း ကျေနပ် ကွဲပြားပါပြီ ဆရာတော်။
သုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်း
လွင်အောင် မျိုး's photo.
Read more »