Showing posts with label ထာဝရရှင်သန်နေမည့် အမျိုးသားခေါင်းဆောင်. Show all posts
Showing posts with label ထာဝရရှင်သန်နေမည့် အမျိုးသားခေါင်းဆောင်. Show all posts

Thursday, July 16, 2015

ထာဝရရှင်သန်နေမည့် အမျိုးသားခေါင်းဆောင်

MOI Webportal Myanmar's photo.
MOI Webportal Myanmar's photo.
MOI Webportal Myanmar's photo.
MOI Webportal Myanmar's photo.
MOI Webportal Myanmar added 4 new photos from July 16 at 5:00am.
ထာဝရရှင်သန်နေမည့် အမျိုးသားခေါင်းဆောင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®
သတင်း-ခင်ရတနာ၊ ဓာတ်ပုံ- ဘိုဘို
နေပြည်တော် ဇူလိုင် ၁၅
“ဗိုလ်ချုပ်အောင်ဆန်းရဲ့အသက်နဲ့ခန္ဓာကို ဖျက်ဆီးနိုင်ကောင်းနိုင်လိမ့်မယ် သို့သော် သူ့ရဲ့ဂုဏ်ကျေးဇူးနဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့မရနိုင်ပါဘူး။ ဒါတွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တဲ့ နိုင်ငံသားတွေရဲ့စိတ်ထဲမှာ အမြဲတမ်းရှင်သန်နေပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်နဲ့ ကျေးဇူးကို သိတဲ့ပြည်သူတွေရဲ့စိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ဘယ်တော့မှမသေပါဘူး” ဟု ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲကျင်းပသည့် အချိန်တွင် သီတဂူဆရာတော်က တက်ရောက်လာသည့် ပရိသတ်များအား မိန့်ကြားသည်။
စစ်မှန်သော စေတနာကို အရင်းပြုသည့် နိုင်ငံရေးသမားများသည် စွန့်လွှတ် အနစ်နာခံရန် အမြဲအဆင်သင့်ရှိနေ သကဲ့သို့မိမိအကျိုးစီးပွားနှင့် အသက်ကို မငဲ့ကွက်ဘဲ နိုင်ငံနှင့် လူမျိုး ကောင်းစားရေးအတွက် သန့်စင်သော စေတနာဖြင့် ပေးဆပ်ခဲ့သူများသည် အာဇာနည်များဖြစ်ကြောင်း သီတဂူဆရာတော်က ဆက်လက် မိန့်ကြားသည်။
၁၉၄၇ခုနှစ် ဇူလိုင် ၁၉ရက် နံနက် ၁၀နာရီခွဲ၌ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် နိုင်ငံ ခေါင်းဆောင်ကြီးများကို ရန်ကုန်မြို့ အတွင်းဝန်ရုံး (ယခု ၀န်ကြီးများရုံး)တွင် အကြမ်းဖက်သူများက ၀င်ရောက်လုပ်ကြံမှု ကိုခံခဲ့ရပြီး ထိုနေ့ကို ပြည်သူများ၏ စိတ်နှလုံးကြေကွဲဖွယ် အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အာဇာနည်နေ့ အခမ်းအနားများကို တစ်တိုင်းပြည်လုံးတွင် ကျင်းပကာ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဂုဏ်ကျေးဇူးကို ပြန်လည် ဖော်ထုတ်ခဲ့ကြခြင်းဖြစ်ရာ ယခုနှစ်သည် ၆၈နှစ်တိုင်ခဲ့ပြီဖြစ်သည်။
ထိုနေ့က မိုးများတစ်ဖွဲဖွဲရွာသွန်းသဖြင့် ကယ်တင်ခြင်းတပ်မှ ယာဉ်မောင်းဖြစ်သူ ကိုအုန်းဖေမှာ တပ်အရာရှိ တစ်ဦးအား အတွင်းဝန်ရုံးသို့ ပို့ဆောင်ပြီး အတွင်းဝန်ရုံးအောက်ထပ်ရှိ ယာဉ်မောင်းများ ခေတ္တနားခိုရာနေရာ တွင် ရောက်ရှိနေစဉ် သေနတ်သံများကို ကြားမိခဲ့ရကြောင်း ဦးအုန်းဖေက သူ့အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြသည်။
“သေနတ်သံတွေကို အပေါ်ထပ်မှာ ကြားရတယ်။ အားလုံး မှင်တက်နေချိန်မှာပဲ သေနတ်သမားတွေ ဆင်းသွား ကြတယ် လို့ပြောပါတယ်။ ကျွန်တော်ကတော့ မမြင်လိုက်ပါဘူး။ ကျွန်တော်အာရုံထဲမှာ မှတ်မိနေတာက ဗိုလ်ချုပ်တို့ရဲ့ သွေးချင်းချင်းရဲနေတဲ့ ရုပ်အလောင်းတွေနဲ့ ဗိုလ်ချုပ်တို့ကို ဆေးရုံကားတွေပေါ်တင်ပြီး ခေါ်သွားတဲ့ မြင်ကွင်းကို တစ်သက်မမေ့တော့ပါဘူး”ဟု ဦးအုန်းဖေက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့သည့် အချိန်သည် မြန်မာ့နိုင်ငံရေး အခြေအနေမှာ လွတ်လပ်ရေး ရရှိရန်အတွက် တိုက်ပွဲဝင် နေချိန်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်ခေါင်း ဆောင်များမှာ တိုင်းပြည်ပြန်လည် ထူထောင်နိုင်ရန် အားသွန်ဆောင်ရွက်ချိန်လည်း ဖြစ်သည်။
ထိုနေ့နှင့်ပတ်သတ်၍ “ကျွန်မက အာဇာနည်နေ့ကို အလွန်ငယ်သေးတော့ အကုန်မမှတ်မိတော့ပါဘူး။ ကျွန်မသိတတ်စကနေ ကျင်းပလာခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေ ကိုတော့ မှတ်မိပါတယ်။ မကြာသေး ခင်ကစပြီး အာဇာနည်နေ့ အခမ်းအနားကို လွတ်လွတ်လပ်လပ် ကျင်းပခွင့် ပြန်ပေးလာတာကြောင့် အာဇာနည် နေ့ အထိမ်းအမှတ် အခမ်းအနားတွေက ပိုပြီးစည်ကားသိုက်မြိုက်လာတာကို တွေ့ရပါတယ်။ ကျင်းပခွင့် ရရှိသည် ဖြစ်စေ မရရှိသည်ဖြစ်စေ ကျွန်မအနေနဲ့ ဖေဖေနဲ့ အာဇာနည် ခေါင်းဆောင်တွေအားလုံးကို ချစ်ခင်လေးစား နေမှာပါ” ဟု ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထိုစဉ်ကာလ နိုင်ငံရေး လှုပ်ရှားသူများ၏ နိုင်ငံရေးခံယူချက်နှင့် သဘောထားအမျိုးမျိုးတို့မှ သဘောထား ကွဲလွဲ မှုများ ဖြစ်ပေါ်ကာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ခေါင်းဆောင်များအား လုပ်ကြံဖြစ်ခဲ့သည့် အခြေအနေ တွန်းအားတစ်ခု ဖြစ်လာခဲ့ရကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ကွဲပြားခြားနားသော အယူအဆများကြားမှ နိုင်ငံရေးအရ အဖြေရှာခြင်းနှင့်ပတ်သတ်ပြီး “အာဇာနည်နေ့ကနေ ထာဝရအတွက် သင်ခန်းစာတစ်ခုကို ရရှိခဲ့တယ်လို့ ကျွန်မထင်မြင်မိပါတယ်။ အဲဒါက နိုင်ငံရေးပြဿနာကို အကြမ်းနည်းနဲ့ ဖြေရှင်းဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ဘယ်တော့မှ မကြိုးစား သင့်ပါဘူး။ အကြမ်းနည်း သုံးဖြေရှင်းသူတွေဟာ သူတို့ရဲ့ လုပ်ရပ်ကြောင့် ဆိုးရွားတဲ့ အကျိုးကို သူတို့ကိုယ်တိုင် ခံစားရမှာဖြစ်ပါတယ်။ ရေတိုမှာ အကျိုးအမြတ်ရှိသလို ထင်ရကောင်း ထင်ရနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အောင်မြင်တဲ့ ပန်းတိုင်ကို ရရှိမှာမဟုတ်ဘူးဆိုတဲ့ သင်ခန်းစာပါပဲ။ ဖေဖေတို့နဲ့ ပတ်သတ်လို့ကတော့ ဖေဖေတို့ကို ကြမ္မာဆိုး ဖန်တီးပေးသူတွေဟာ ချက်ချင်း နာရီအနည်းငယ်အတွင်းမှာ ဖမ်းဆီးမိခဲ့ပြီး ဆိုးကျိုးတွေ ရရှိခဲ့ရပါတယ်။ ဒါကြောင့်နိုင်ငံရေး ပြဿနာဟာ ညှိနှိုင်းအဖြေရှာခြင်းနဲ့ ငြိမ်းချမ်းစွာ ဆောင်ရွက်ခြင်းတွေနဲ့သာ ကောင်းမွန်တဲ့ အဖြေတစ်ခုကိုပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောကြားသည်။
လာမည့် ဇူလိုင် ၁၉ရက်တွင် ကျရောက်မည့် အာဇာနည်နေ့တွင် လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်အခမ်းအနားအဖြစ် ကျင်းပသည့် အာဇာနည် နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်းတွင် တက်ရောက်ကာ ဖခင်နှင့်တကွ အာဇာ နည်ခေါင်းဆောင်များအား ဂါရ၀ပြု ကန့်တော့မည်ဖြစ်ပြီး နေအိမ်တွင် ဖခင်ဖြစ်သူအတွက် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အာဇာနည်နေ့ အခမ်းအနားကျင်းပခြင်း၊ ညနေပိုင်းတွင် ဘာသာပေါင်းစုံတို့မှ ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ ၀တ်ပြုဆုတောင်းပွဲသို့ တက်ရောက်ခြင်းများကို နှစ်စဉ်ပြုလုပ်နေကျအတိုင်း ပြုလုပ်ရန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“အမျိုးသား ခေါင်းဆောင်ကြီးများကို အောက်မေ့နေရုံနဲ့ မပြီးပါဘူး။ ဆက်လက်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နိုင်ရေးအတွက် သတိရလွမ်းဆွတ်တာတွေကို နိုင်ငံသား တိုင်း ကိုယ်တတ်စွမ်းသလောက် အလုပ်နဲ့ သက်သေပြကြဖို့ လိုအပ်ပါတယ်”ဟု သီတဂူဆရာတော်က အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ပတ်သတ်၍ မိန့်ကြားသည်။
ရှေ့အနာဂတ်နှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကို ရှေးရှုသွားနေတယ်လို့ ယူဆရပါတယ်။ သို့သော် ဖေဖေချမှတ်ခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းတော့ မဟုတ်သေး ပါဘူး။ ဖေဖေချမှတ်ခဲ့တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့အချိန် သာဖြစ်ပါတယ်။ ဖေဖေ ချမှတ်ခဲ့တဲ့ လမ်းစဉ်ပေါ်ကို ရောက်အောင်ကြိုးစား လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။ ဒါမှသာဖေဖေ့နဲ့ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အသက်ပေးမှုအပေါ် ဂုဏ်ပြုရာရောက်မှာပါဟု သုံးသပ်ပြောကြားသွားခဲ့ သည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®http://wwwitking969.blogsport.com
Read more »