Showing posts with label အရွေးမမှားစေဘို့. Show all posts
Showing posts with label အရွေးမမှားစေဘို့. Show all posts

Saturday, August 8, 2015

အရွေးမမှားစေဘို့

အရွေးမမှားစေဘို့
မြတ်ဗုဒ္ဓကသုဇာတာကို အကြောင်းပြုပြီး မယား(၇)ခုနစ်မျိုးရှိကြောင်းပြောပြထားပါတယ်။
၁။သူသတ်နှင့်တူသော မယား။ (Hostile wife)
သူသတ်နှင့်တူသောမယား ဟူသည် မယားဖြစ်သူသည် အစီးအပွားကိုစောင့်ရှောက်လေ့မရှိဘူး၊ မိမိလင်မှတစ်ပါး တစ်ခြားသောယောက်ျားကို တပ်မက်ခြင်း သဘောရှိသော မယားကို သူသတ်နှင့် တူသောမယား ဟုခေါ်ပါတယ်။

၂။ခိုးသူနှင့်တူသောမယား။(Stealing wife)
ခိုးသူနှင့်တူသောမယား ဟူသည် မယားဖြစ်သူသည် မိမိလင်ယောက်ျား ရှာဖွေထားသော ပစ္စည်းများကို လင်မသိအောင် တစ်ခြားသော သူများကို ပေးတတ်သောမယားကို ခိုးသူနှင့်တူသောမယားဟုခေါ်ပါတယ်။
၃။အရှင်နှင့်တူသောမယား။(Uncomfortable wife)
အရှင်နှင့်တူသောမယားဟူသည် မယားဖြစ်သူသည် အလုပ်အကိုင်လုပ်ရန် အလိုမရှိ၊ ပျင်းရိတယ်၊ အစားကြီးတယ်၊ စိတ်လဲကြမ်းတယ်၊ ကိုယ်အမှုအရာမယဉ်ကျေး၊ စကားပြောကလဲ ရိုင်းစိုင်းတယ်၊ လင်ကိုလည်း အနိုင်ယူတတ်သော မယားကို အရှင်နှင့်တူသောမယားဟုခေါ်ပါတယ်။
၎။အမိနှင့်တူသောမယား။(Motherly wife)
အမိနှင့်တူသောမယားဟူသည် မယားဖြစ်သူသည် လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို အစဉ်စောင့်ရှောက်တတ်တယ်၊ အမိသည် သားကို စောင့်ရှောက်သကဲ့သို့ လင်ကို စောင့်ရှောက် တတ်ပါတယ်၊ ထိုသို့သော မယားကို အမိနှင့်တူသောမယားဟု ခေါ်ပါတယ်။
၅။နှမနှင့်တူသောမယား။(Sisterly wife)
နှမနှင့်တူသောမယားဟူသည် မယားဖြစ်သူသည် လင်ဖြစ်သူကို အစ်မကြီး နှမငယ်က မောင်တွေပေါ်၌ ရိုသေသကဲ့သို့ ထို့အတူ လင်ယောက်ျားအပေါ် ရိုသေတယ်၊ ထိုသို့သောမယားကို နှမနှင့်တူသော မယားဟုခေါ်ပါတယ်။
၆။အဆွေခင်ပွန်းနှင့်တူသောမယား။(Harmonious wife)
အဆွေခင်ပွန်းနှင့် တူသောမယားဟူသည် မယားဖြစ်သူသည် အဆွေခင်ပွန်းသည် ကြာမြင့်မှ ရောက်လာသော အဆွေခင်ပွန်းကိုမြင်၍ လွန်စွာ ၀မ်းမြောက်သကဲ့သို့ ထို့အတူ လင်ကိုမြင်လျှင် အလွန် ၀မ်းမြောက်တတ်တယ်၊ ထိုသို့သောမယားကို အဆွေခင်ပွန်းနှင့်တူသော မယားဟုခေါ်ပါတယ်။
၇။ကျွန်မနှင့်တူသော မယား။(Servant wife)
ကျွန်မနှင့်တူသော မယားဟူသည် မယားဖြစ်သူသည် လင်ယောက်ျားက မည်သို့ပင် ရိုက်နှပ်သတ်ပုတ်ပါသော်လည်း အမျက်ထွက်ခြင်းမရှိ၊ မပြစ်မှားသောစိတ်ရှိတယ်၊ လင့်အပေါ်ကို သည်းခံတတ်တယ်၊ လင်၏ အလိုသို့လိုက်တတ်တယ်၊ ထိုသို့သောမယားကို ကျွန်မနှင့်တူသော မယားဟုခေါ်ပါတယ်။
သူသတ်နှင့်တူသောမယား၊ ခိုးသူနှင့်တူသောမယား၊ အရှင်နှင့်တူသော မယားတို့သည် သီလမရှိသော သဘောရှိပါတယ်၊ ကြမ်းကြုတ်သော သဘောရှိပါတယ်၊ လင်ကိုရိုသေခြင်း မရှိကြပါဘူး၊ ထိုမယားသုံးမျိုးတို့သည် သေပြီးသည်မှနောက်၌ ငရဲသို့ရောက်ကြရမယ်။ အမိနှင့်တူသောမယား၊ နှမနှင့်တူသောမယား၊ အဆွေခင်ပွန်းနှင့်တူသောမယား၊ ကျွန်မနှင့်တူသော မယားတို့သည် သီလရှိသော သဘောရှိတယ်၊ ကြမ်းကြုတ်ခြင်းသဘော မရှိဘူး၊ လင်ကိုရိုသေတယ်၊ ထိုသို့သော မယားမျိုးတို့သည် သေပြီးသည်မှနောက်၌ နတ်ပြည်ကို ရောက်ကြရပါမယ်။
မြတ်ဗုဒ္ဓက ဒေသနာအဆုံးမှာ သုဇာတာကိုမေးပါတယ်၊ သမီးသုဇာတာရော ဘယ်လိုမယားမျိုးထဲ ပါသလဲလို့မေးတော့- တပည့်တော်မကို ကျွန်မနှင့်တူသော မယားဖြစ်ကြောင်း ၀န်ခံသွားပါတယ်။
မိမိက ဘယ်လိုမယားဖြစ်သလဲ ဆိုတာ မြတ်ဗုဒ္ဓဓမ္မဖြင့် တိုင်းတာကြည့်ပါ၊ မိမိက မပြည့်စုံသေးဘူး၊ လိုအပ်နေတယ် ဆိုလျှင်ပြုပြင်ယူလိုက်ပါ။ အရင်တုန်းက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ သိလိုက်တဲ့အချိန်မှာ ပြုပြင်လိုက်မယ် ဆိုလျှင် နောက်မကျသေးပါဘူး။ မိမိက ဘယ်လိုမယားဖြစ်သလဲ ဆိုတာ တစ်ခြားသူတွေ မသိရင်တောင် မိမိကိုယ်တိုင်တော့ သိမှာပါ၊ အခု(၇)ခုနှစ်မျိုးထဲကဘယ်ထဲမှာပါနေသလဲဆိုတာကိုပေါ့။ တစ်ခြားသူလိမ်လို့ ရကောင်းရမယ်၊ မိမိကိုယ်တိုင်းမှလိမ်လို့မရတာ။ မိမိကိုယ်စောင့်နတ် က သိပါတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းသော မိသားစုဘ၀ ကိုပိုင်ဆိုင်ချင်တယ်၊ မိမိလင်ယောကျာ်းနှင့် အတူတကွ ရာသက်ပန်ပေါင်းသင်း ဆက်ဆံချင်တယ်ဆိုလျှင် မြတ်ဗုဒ္ဓ၏ အဆုံးမနှင့် ညီအောင်နေသွားလိုက်ပါ။ လင်နှင့်မယားပေါင်းသင်း ဆက်ဆံကြရာတွင် ရေရှည်မှာ ကျသောအခါ ကိစ္စအသေးအဖွဲများကို အများအစားတွေ့ရတတ်ပါတယ်၊ ထိုကိစ္စလေးတွေကို ဂရုမစိုက်သော လင်မယားသည် ဒုက္ခရောက်တတ်ကြောင်းကိုမှတ်သားဖူးတယ်။ အဲဒါလေးကို သူမပြောပြထားတာက- “သူအချစ်ပြယ်လို့ ကျွန်မ စိတ်မညစ်ပါ၊ အသေးအဖွဲ ကလေးတွေကြောင့်သာ ကျွန်မတို့ အချစ် ပြယ်ရတာ” ပါတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် လင်ကလည်း လင့်ဝတ္တရားကျေပွန်မယ်၊ မယားကလည်း မယာကျင့်ဝတ် ကျေပွန်မယ် ဆိုလျှင်သာယာသော မိသားစုဘ၀လေးကို ပိုင်ဆိုင်ရမှာသေချာပါတယ်။ ဒီတော့- မိမိနှင့်သင့်လျော်မည့် အိမ်ထောင်ဖက်ကို ဂရုစိုက်၍ ရွေးချယ်ခြင်းသည် ပထမအရေးကြီးဆုံးဖြစ်တယ်၊ ဒုတိယအရေးကြီးဆုံးမှာ အိမ်ထောင်ကျပြီးနောက် လင်မယားနှစ်ဦးသည် တစ်ဦးကို တစ်ဦး ရိုသေကိုင်းရှိုင်းခြင်းပင် ဖြစ်ပါတယ်။ စာဖတ်သူအားလုံး ဒီစာစုလေးကိုဖတ်ပြီး ဓမ္မအသိလေးတွေ ရသွားကြပါစေ၊ ရသည့်အလျောက် ကျင့်နိုင်ကြပါစေ၊ ကျင့်သည့် အလျောက် မဂ်ဖိုလ်နိဗ္ဗာန်၏ အထောက်ပံ့ကောင်းတွေဖြစ်ပါစေ ဟုဆန္ဒပြုလိုက်ရပါတယ်။
Read more »