အရက်သေစာ မသောက်စားနဲ့
မှောက်မှားတတ်တဲ့ အရာပေ
======================
ကံငါးပါးရှိသည့်အနက် သုရာမေရယကံသည် အဆိုးဆုံး
ကံတစ်ပါးဖြစ်သည်ဟူ၍ ပညာရှိများဆိုကြ၏။ ထိုသုရာ
မေရယကံကို ကျူးလွန်မိသည်နှင့်တပြိုင်နက်အခြား
သော ကံလေးပါးကို ကျူးလွန်ရန်ဝန်မလေးသည်ကို
လည်း အကိုးအကားဖြင့်ဆုံးမထားပါ၏။
အရက်သေစာကြိုက်နှစ်သက်သူ တချို့ကမူ အရက်ကို
အနည်းငယ်မျှသောက်ရုံဖြင့် အမှားမဖြစ်နိုင်ဟု ဆင်ခြင်
ပေးကြသည်။
လောက၏ အနှိုင်းမဲ့သခင်ကျေးဇူးရှင်ဖြစ်တော်မူသော
ဗုဒ္ဓမြတ်စွာဘုရားရှင်ကမူ သုရာမေရယကံကို ကံငါးပါး
ထဲတွင် ထည့်သွင်းကာ တားဖြစ်တော်မူခဲ့သည်မှာကား
ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးဖြစ်ပါ၏။ အမှန်ကိုသိမြင်တော်
မူသော ဘုရားရှင်သည် သုရာမေရယကံ၏ဆိုးကျိုးများ
ကို သိမြင်၍ တားမြစ်တော်မူခဲ့ခြင်းကိုကား မည်သူမျှ
ငြင်းဖွယ်မရှိချေ။
တကယ်တမ်းစမ်းစစ်မည်ဆိုပါက အရက်သည်ကောင်း
ကျိုးထက် ဆိုးကျိုးကိုသာပေးတတ်ပါ၏။ အရက်သေစာ
သောက်စားခြင်းကြောင့် ကျန်ကံလေးပါးကို မကျူးလွန်
စေကာမူ ကျန်းမာရေးအရ အသည်းရောဂါဖြစ်ရခြင်း၊
လေဖြတ်ခံရခြင်း၊ ဦးနှောက်အာရုံကြောများ အားနည်း
လာခြင်း စသည့်ရောဂါများ ဖြစ်ပေါ်စေနိုင်သည်ကို
သိပ္ပံနည်းအရ သိရပါသည်။
အရက်သေစာသောက်စားခြင်းကြောင့် သက်တမ်းစေ့
မနေရဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ဆုံးရှုံးသွား
ရသူများ ဒုနှင့်ဒေးတွေ့ရ၏။ သုရာမေရယကံသည်
အရက်သေစာတစ်ခုတည်းမဟုတ်။ သောက်သူ
စားသူ၊ ရှူသူတို့ကို မေ့လျော့စေတတ်၊ မူးယစ်စေ
တတ်သော သောက်စရာ၊ စားစရာ၊ ရှူစရာဟူသမျှ
သည် သေရည်သေရက်(သို့) အရက်သောစာ
သုရာမေရယချည်းပင်ဖြစ်၏။ သို့ဖြစ်ရာ တောအရက်
မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းအရက်၊ ဓနိရည်၊
ဘိန်းကင်း၊ ကစော်၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊
မာဖီးယား၊ ဘီယာအမျိုးမျိုးတို့မှာလည်း မူးယစ်ဆေး
များဖြစ်၍ သုရာမေရယချည်းပင်ဖြစ်ပါ၏။
ထိုအရက်သောစာစသော မူးယစ်ဆေးများကို
သောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊
သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ၊ နှစ်ဦး
စလုံးကိုဖြစ်စေ အကျိုးပျက်ပြားစေတတ်သော
ကြောင့် အပြစ်ရှိသောအမှုဖြစ်၍ မကောင်းမှု
အကုသိုလ်ပင်ဖြစ်သည်။ အရက်သေစာသောက်
စားသူသည် အကောင်းအဆိုး အမှားအမှန်ကို
ဝေဖန်ခွဲခြားတတ်သော အသိဉာဏ်ကင်းမဲ့တတ်
သဖြင့် အဆိုးရွားဆုံးသော မကောင်းမှုတို့ကို
ကျူးလွန်မိတတ်၏။
အရက်နံ့ အရက်အရသာ မထင်ရှားသော ဆေးဝါး
များကိုမူ အရက်ပင်ပါစေဦးတော့ ရဟန်းတော်
များပင် သောက်သုံးနိုင်သည်ဟု ဘုရားရှင်ခွင့်ပြု
ထားပါ၏။ ထို့ကြောင့် ရှင်သာမဏေများ၊ ဥပုသ်
သည်များလည်း ထိုကဲ့သို့သော ဆေးဝါးများကို
မှီဝဲခြင်းကြောင့် သီလမပျက်စီးကြောင်း မှတ်ယူ
နိုင်၏။
အရက်သေစာ သောက်စားခြင်းကြောင့်အကုသိုလ်
ဒုစရိုက်များဖြစ်သော အမှားများကျူးလွန်မိကြသည့်
သာဓကများစွာရှိပါသည်။
အရက်နှင့်အသားကို အလွန်ကြိုက်သော ဗာရာဏသီ
ပြည် ဘုရင်တစ်ပါးသည် ဥပုသ်နေ့တွင်အသားဟင်း
လျာမရ၍ အရက်သောက်နေရင်း ဒေါသဖြစ်ကာ
မိမိ၏သားလည်ပင်းလိမ်ချိုးပြီး အမည်းအဖြစ်လုပ်ခိုင်း
လေ၏။ နောက်တစ်နေ့ အိပ်ယာနိုး၍ သူ၏သားတော်
လေးကို အခေါ်ခိုင်းမှ မိမိမှားမှန်းကိုသိ၍ သတိသံဝေဂ
ရပြီးလျှင် ထိုနေ့မှစ၍ အရက်ကိုဖြတ်တောက်လိုက်၏။
အရက်သေစာသောက်စားခြင်းသည် ဈာန်အဘိညာဉ်ရ
တန်ခိုးရှင်များကိုပင် ဣနြေ္ဒသိက္ခာကျအောင် စွမ်းဆောင်
နိုင်၏။ ရှေးက ဟိမ၀န္တာ၌ ဈာန်ချမ်းသာဖြင့်မွေ့လျော်
ကြသော ရသေ့အချို့သည် ဆုံးမမည့်သူ ဆရာမပါဘဲ
ချဉ်ဆားအလို့ငှါ ဘုရင့်ဥယျာဉ်အတွင်း ၀င်၍ နေထိုင်
ကြ၏။ ဘုရင်သည် ရသေ့တို့ကိုကြည်ညိုသဖြင့်
အကောင်းဆုံးဖြစ်သော အရက်ကို ဆက်ကပ်လေ၏။
ရသေ့များသည် မတွေ့ဖူးသော အရသာထူးကိုတွေ့ရ
သောကြောင့် အလွန်အမင်းမှီဝဲလေ၏။ ခဏအကြာ
တွင် တချို့ရသေ့က သီချင်းအော်ဆို တချို့ရသေ့က
ကိုယ်ရုံမပါဘဲ ကွေးနေအောင်ကကြ၏။ တချို့ရသေ့
က ဥယျာဉ်အတွင်း လေးကွက်သိုင်းနင်းကာ လှည့်
လည်နေကြ၏။ အမူးပြေ၍ မိမိတို့သိက္ခာမဲ့သော
အပြုအမူတို့ကို ပြန်လည်သတိရကြသောအခါ
အရှက်ကြီးရှက်၍ ဟိမ၀န္တာသို့ချက်ချင်းပြန်သွား
ကြလေတော့သည်။
မြတ်စွာဘုရား၏တပည့် အရှင်သာဂတမထေရ်သည်
ဘဒ္ဒ၀တိကရွာအနီး သရက်ဆိပ်ကျောင်းမှ နဂါးဆိုး
ကြီးကို မိမိတန်ခိုးဖြင့် နိုင်နင်းဆုံးမလိုက်၏။ ဤ
သတင်းကို ကောသမ္ဗီပြည်သားတို့ကြားကြ၍
အရှင်သာဂတမထေရ်ကို အလွန်ကြည်ညိုကြသည်
ဖြစ်၍ ခိုအဆင်းရှိသော အကောင်းဆုံးအရက်ကို
ဆက်ကပ်ကြ၏။ လူတို့ဆက်ကပ်တိုင်း သဒ္ဓါတရား
ကို ငဲ့၍ သောက်ခဲ့ရသော အရှင်သာဂတသည်
ကျောင်းအပြန်တွင် မြို့တံခါးဝ၌ တုံးလုံးကြီး
လဲနေတော့၏။
ထို့ကြောင့် အရှင်သာဂတအား ပွေ့ချီလျက်
မြတ်စွာဘုရားထံ ခေါ်သွား၏။ ဘုရားရှေ့၌
ချထားသောအခါ၌လည်း မြတ်စွာဘုရားဘက်
ကိုသာ သူ၏ခြေထောက်များဆန့်တန်းထား၏။
ထိုအခါမြတ်စွာဘုရားက ယခု သာဂတဟာ
နဂါးမပြောနဲ့ ရေမြွေကိုတောင်မနိုင်တော့ဘူး
ဟု မိန့်ကြားပြီး အရက်သေစာသောက်စားလျှင်
ပါစိတ်အာပတ်သင့်စေဟု သံဃာ့အဖွဲ့အစည်း
အတွက် စည်းမျဉ်းသစ်တစ်ချက်ဖြည့်စွက်ချ
မှတ်တော်မူခဲ့ပါ၏။
အထက်ပါသာဓကကို ကြည့်ခြင်းအားဖြင့် အရက်
သေစာသောက်စားခြင်းသည် ကောင်းကျိုးချမ်းသာ
ကင်း၍ ဆိုးကျိုးဒုက္ခများသာ ရရှိနိုင်ကြ၏။ ဆင်ခြင်
သင့်ပါ၏။ အရက်သေစာသောက်စားသူများသည်
သတိကင်းလွတ်ခြင်း၊ အရှက်မရှိခြင်း၊ အကောင်း
အဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း၊ ခိုက်ရန်ဒေါသ
ဖြစ်ပွားခြင်း၊ မကောင်းသတင်းပျံ့နှံ့ခြင်း၊ ကျက်သရေ
မရှိခြင်း၊ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုံခြင်း၊
မွေးဖွားလာသော သားသမီးများစိတ်ဓါတ်ကျပ်မပြည့်
ခြင်း၊ လုပ်ဆောင်စရာကိစ္စများကို မေ့လျော့ခြင်း၊
စီးပွားပျက်ခြင်းမှစ၍ အပါယ်ဒုဂ္ဂတိရောက်သည်
အထိ ဆိုးကျိုးများဖြစ်စေနိုင်ပါသည်။
သို့ဖြစ်၍ အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်
ပါမူ ရောဂါလည်းကင်း၊ ခိုက်ရန်ရှင်း၍၊ သတင်းကောင်း
ပြေး၊ ရပ်တိုင်းမွှေး၏။ လုပ်ရေးဆောင်တာ၊ ရှိသောခါ
လည်း၊ မကွာသတိ၊ လုပ်ဆောင်ဘိ၏။ ဖွားဘိလေငြား၊
သမီးသားလည်း၊ စိတ်ထားတည်ကြည်၊ ဟီရိသြတ္တပ္ပ၊
အစဉ်ကပ်လျက်၊ မြဲချပ်သတိ၊ သူ့မှာရှိသည်၊ ကတိ
ဖြောင့်တန်း ထက်သို့လှမ်း ဟူသော ကောင်းကျိုးများ
ရရှိခံစားရမည်ဖြစ်ပါ၏။
ချစ်မင်းသူ
မှတ်သားဖွယ်ရာသုတအလိမ္မာများ