Showing posts with label တိမ်ညိုတိမ်မိုက် မလွှမ်းစေလို. Show all posts
Showing posts with label တိမ်ညိုတိမ်မိုက် မလွှမ်းစေလို. Show all posts

Sunday, August 9, 2015

တိမ်ညိုတိမ်မိုက် မလွှမ်းစေလို

ဥုံ
Thaw Ta Htaik's photo.
=-=-=-=-=-=-=-=-=-=-=-=-=
တိမ်ညိုတိမ်မိုက် မလွှမ်းစေလို
=-=-=-=-=-=-=-=-=-=-=-=-=
‘ဥုံ မဏိ ပဒ္မေ ဟုံ’
ဤဂါထာလေးကို အချို့ဗုဒ္ဓဘာသာဝင်အိမ်များ၏ ဘုရားကျောင်းဆောင်တွင် အမြတ်တနိုး ချိတ်ဆွဲတတ်ကြပေသည်။ ဂါထာလေး၏အဓိပ္ပာယ်နှင့် လာရာ ဇာစ်မြစ်ကိုကား သိကြမည် မထင်ပေ။
ဂါထားလေးသည် မဟာယာနဗုဒ္ဓဘာသာ၏ ဘုရားရှိခိုးဂါထာသာ ဖြစ်၏။ ထေရ၀ါဒနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
စာသား၏အဓိပ္ပာယ်မှာ ‘ဥုံ’ ဟူသည် ‘အ ဥ မ’ ဆိုသော အက္ခရာသုံးလုံးကို ပေါင်းထားခြင်းဖြစ်သည်။ ‘အ’ ဆိုသည်မှာ လောကကိုဖန်ဆင်းတတ်သော မဟာဗြဟ္မာ။ ‘ဥ’ ဆိုသည်မှာ လောကကိုတည်အောင်ပြုလုပ်ပေးသော ဗိဿနိုး (ခေါ်) ဗသျှနိုး၊ ‘မ’ ဆိုသည်မှာ လောကကို ဖျက်ဆီးသော သျှီဝ(ခေါ်)သျှီဗစ် တို့ဖြစ်၏။
ဗြာဟ္မဏ၀ါဒ၌ သူတို့သုံးဦးကို ‘တိရတနာ’ ဘုရားသုံးဆူဟု သတ်မှတ် ကိုးကွယ်ကြသည်။ ထိုသုံးဦးကို တစ်ပြိုင်နက်ပူဇော်သောအနေဖြင့် ‘ဥုံ’ ကို ရွတ်ဆိုကြခြင်းဖြစ်သည်။
‘မဏိ ပဒ္မေ ဟုံ’ ဆိုသည်ကား ‘မဏိ-ပတ္တမြားသည်၊ ပဒ္မေ-ကြာပွင့်ထဲ၌၊ ဟုံ-ရှိလေ၏’။
ဆိုလိုသည်မှာ ‘ပတ္တမြားရတနာနှင့်တူသော အ၀လောကိတေသရအရှင်သည် ကြာပွင့်ထဲက ဖြစ်ထွန်းလာသလို ကျွန်ုပ်၏နှလုံးအိမ်တွင်လည်း ဖြစ်ထွန်းပါစေ’ ဟူ၍ဖြစ်သည်။ ‘ကြာ’ ဆိုသည်မှာ သန့်ရှင်းစင်ကြယ်မှု၊ တရားဉာဏ်အလင်းရမှုနှင့် ဗောဓိသတ္တလမ်း(ဘုရားလောင်းလမ်းစဉ်)တို့၏ သင်္ကေတဖြစ်သည်။
ဘုရားလောင်းဝါဒသည် မဟာယာနတို့၏ လမ်းစဉ်ဖြစ်သည်။ မဟာယာနတို့က ‘ဥုံ’ ကို ယူသုံးခဲ့ကြခြင်းဖြစ်သည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်တစ်ရာအကြာ ကာလာသောကမင်းလက်ထက် ဝေသာလီပြည်တွင် ၀ဇ္ဇီတိုင်းသား ရဟန်းများသည် ၀ိနည်းသိက္ခာပုဒ် ဆယ်ချက်ကို ပြင်ဆင်ကြလေ၏။ ၀ိဇ္ဇီတိုင်းသား ရဟန်းများသည် မြတ်စွာဘုရား လက်ထက်တော်ကပင် ၀ိနည်းသိက္ခာပုဒ်များကို ဖောက်ဖျက်ခဲ့ကြ၏။ ဒေ၀ဒတ်သည် မြတ်စွာဘုရားကိုပုန်ကန်၍ ဂိုဏ်ခွဲထွက်စဉ်ကပင် ၀ဇ္ဇီတိုင်သား ရဟန်းငါးရာတို့သည် ဒေ၀ဒတ်နောက် လိုက်ပါသွားခဲ့ကြသူများ ဖြစ်သည်။ ရှင်ဒေ၀ဒတ်၏ အဆက်နွယ်များသည် သာသနာတော်နှစ် တစ်ထောင်ကျော် ဂုတ္တမင်းများလက်ထက်အထိ အိန္ဒိယတွင် တည်ရှိခဲ့ကြသည်ဟု သမိုင်းဆရာတို့ ဆိုကြ၏။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောအခါ ပို၍ အတင့်ရဲလာကြခြင်းဖြစ်သည်။ ဝေသာလီရဟန်းဆိုးတို့၏ အပြုအမူကို ရှင်မဟာယသ သိတော်မူသောအခါ အဓမ္မ၀ါဒ အားမကောင်းမီ ဓမ္မ၀ါဒမပျောက်ကွယ်ရအောင် သံဃာတော် (၁၂)သိန်းခန့် စုဝေးစေ၍ ထိုအထဲမှ တိပိဋကဓရပဋိသမ္ဘိဒါပတ္တ ဆဠဘိညာ ရဟန္တာမထေရ်ကြီး ခုနစ်ရာဖြင့် ဝေသာလီပြည် ၀ါဠုကာရုံကျောင်းတော်ကြီး၌ ကာလာသောကမင်း၏ ပစ္စယနုဂ္ဂဟဖြင့် ဒုတိယသင်္ဂါယနာ တင်တော်မူလေသည်။
ဝဇ္ဇီတိုင်းသား ရဟန်းများကလည်း အားကျမခံ မြတ်စွာဘုရား၏ တရားတော်များကို ကပြောင်းကပြန်လုပ်၍ ရဟန်းပရိသတ်တစ်သောင်းဖြင့် စင်ပြိုင်သင်္ဂါယနာ တင်ကြလေ၏။ သူတို့ကိုယ်သူတို့လည်း သံဃာအများနှင့်တင်သည်ဖြစ်၍ အပေါ်စီးရရန်အတွက် ‘မဟာ’ ဆိုသောစကားလုံးကို ထည့်၍ ‘မဟာသဃိကဂိုဏ်း’ ဟူ၍ အမည်ပေးလေသည်။
ဤကား မဟာယာနဟု ဖြစ်ပေါ်လာမည့်အစ ဖြစ်သည်။
ရဟန္တာမထေရ်ကြီးများဖြင့် ရှင်မဟာယသတို့ တင်ခဲ့သော သံင်္ဂါယနာမှာ ဘုရားရှင်၏ တရားတော်များကို မပြုပြင်၊ မဖြည့်စွက်ဘဲ ထေရ်ကြီးဝါကြီး မထေရ်ကြီးများက တင်ခဲ့၍ ‘ထေရ၀ါဒ’ ဟု ခေါ်လေသည်။
ထို့နောက် မဟာသံဃိကဂိုဏ်းမှ ဂိုဏ်းကွဲ ငါးခု၊ ထေရ၀ါဒဂိုဏ်းမှ ဂိုဏ်းကွဲ ဆယ့်တစ်ခု ထပ်ကွဲထွက်လာပြန်သည်။ ပင်မနှစ်ဂိုဏ်းနှင့်ပေါင်းပါက ဂိုဏ်း ဆယ့်ရှစ်ဂိုဏ်းအထိ ရှိလာပြီး ထိုဂိုဏ်းများထဲမှ ပင်မ ထေရ၀ါဒဂိုဏ်းသာလျှင် တရားတော်များ မူရင်းအတိုင်း ကျန်ရှိပြီး ကျန်ဂိုဏ်းကွဲများမှာ အယူဝါဒ ဖောက်ပြန်ကြလေတော့သည်။
ထိုသို့ အယူဝါဒမျိုးစုံဖြစ်နေလေရာ သာသနာတော်နှစ် နှစ်ရာကျော်လောက်တွင် သီရိဓမ္မာသောကမင်း နန်းတက်လာပြီး ဗုဒ္ဓဘာသာကို အားပေး ချီးမြှောက်ခဲ့သည်။ ထိုအခါ ဗြာဟ္မဏပုဏ္ဏားများ စားပေါက်ကြပ်လာပြီး သာသနာတွင်းသို့ ၀င်၍ ရဟန်းယောင်ဆောင်ကြလေသည်။ ထိုသို့ အုတ်ရောရော ကျောက်ရောရော အတုအယောင်များကြောင့် ရဟန်းကောင်းတို့မှာ သိမ်ထဲ၌ ဥပုသ်မပြုကြရရှာတော့ချေ။
အသောကမင်းတရားကြီးက သာသနာတော်ကို ပြန်လည်သန့်စင်ရသည်။
သန့်စင်ခဲ့ပုံမှာ အသောကမင်းကြီးကိုယ်တိုင် ဗုဒ္ဓတရားတော်များ သင်ယူ၍ မေးစစ်ခဲ့သလို အချို့ ဗုဒ္ဓတရားတော်ကို အသင့်အတင့်နားလည်သော ရဟန်းယောင်များနှင့် ကျန်သော (၁၇)ဂိုဏ်းကို ထေရ၀ါဒစစ် မစစ် ရှင်မဟာမောဂ္ဂလိပုတ္တတိဿကိုယ်တိုင် စိစစ်ထုတ်ပယ်ခဲ့ပြီး သာသနာကို သန့်ရှင်းအောင် လုပ်ခဲ့ပေသည်။
ထေရ၀ါဒမှတစ်ပါးသော အယူမှားများကို ဝေဖန်ထောက်ပြသော ‘ကထာဝတ္ထု’ ကျမ်း ပေါ်လာခဲ့သည်။ ထို့နောက် ပဋိသမ္ဘိဒါပတ္တ ပိဋကသုံးပုံဆောင် မထေရ်ကြီးတစ်သောင်းဖြင့် အသောကမင်းကြီး၏ ပစ္စယာနုဂ္ဂဟ ခံယူကာ (၉)လကြာ တတိယသင်္ဂါယနာ တင်တော်မူလေသည်။
ထိုအခါ တတိယသင်္ဂါယနာမှ ရှင်မဟာမောဂ္ဂလိပုတ္တတိဿတို့၏ အထုတ်ပယ်ခံခဲ့ရသော ကျန်ဂိုဏ်းများသည်လည်း မိမိတို့သဘောတူရာ စုရုံး၍ စင်ပြိုင်သင်္ဂါယနာတင်ပြန်သည်။ ထိုဂိုဏ်းများထဲမှ သဗ္ဗတ္ထိဝါဒီဂိုဏ်းသည် ထင်ရှား၍ ကျန်ဂိုဏ်းများထက် အားကောင်းခဲ့လေသည်။
သဗ္ဗတ္ထိဝါဒီဂိုဏ်းသည် မြတ်စွာဘုရားတရားတော်နှင့် လုံးဝဖီလာဆန့်ကျင်သောဂိုဏ်းဖြစ်သည်။ ဗုဒ္ဓဘုရားရှင်က ‘အရာခပ်သိမ်း အမြဲမရှိ’ ဟု ဟော၏။ ထိုဂိုဏ်းက ‘ခပ်သိမ်းသောအရာတို့သည် တည်ရှိ၏’ ဟု ဆိုလေသည်။
အသောကမင်းကြီးနောက် ခြောက်ဆက်မြောက်၌ ဗြာဟ္မဏပုဏ္ဏားမျိုး စစ်သူကြီး ‘သုင်္ဂပုရှာမိတြ’ သည် ဘုရင်ကိုသတ်၍ နန်းတက်လေ၏။ ထိုမင်းလက်ထက်တွင် ဗုဒ္ဓဘာသာကို နှိပ်ကွပ်ခံရ၍ ဗြာဟ္မဏဘာသာမှာ ပြန်၍ အားကောင်းလာပြန်သည်။ သျှီဝလိင်ကိုးကွယ်မှု၊ ကရိရှနားဘုရား ကိုးကွယ်မှု၊ ဗိဿနိုးကိုးကွယ်မှုမှာ အထွတ်အထိပ်သို့ ရောက်လာသည်။ သတ္တ၀ါများ၏ အသက်သတ်၍ ယဇ်ပူဇော်မှုများ ပြုလုပ်ကြသည်။
ဗုဒ္ဓဘာသာကို အပြင်းအထန်နှိပ်ကွပ်လေရာ ဘုန်းကြီးခေါင်းတစ်လုံး ဖြတ်နိုင်က ဆုငွေတစ်ထောင် ချီးမြှင့်သည်အထိဖြစ်လာ၍ မဂဓတိုင်း၊ ကောသလတိုင်းရှိ ရဟန်းတော်များမှာ မဇ္ဈိမဒေသ၌ မနေနိုင်ကြတော့ချေ။ ထေရ၀ါဒဂိုဏ်းသည် တောင်ဘက်သို့ ရွေ့လျားပြီး သဗ္ဗတ္ထိဝါဒီဂိုဏ်းနှင့် မဟာသံဃိကဂိုဏ်းတို့သည် အနောက်သို့ ပြောင်းရွှေ့ကြသည်။
အခြားဂိုဏ်းများလည်း အရပ်မျက်နှာအသီးသီးသို့ ပြောင်းရွှေ့ကုန်လေသည်။ ထိုသို့ရွှေ့ကြရာ၌ ထေရ၀ါဒဂိုဏ်းသည် မူရင်း တရားတော်များကို မပျောက်ပျက်စေဘဲ မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြ၏။ သဗ္ဗတ္ထိဝါဒီစသည့်ဂိုဏ်းများသည်ကား ဗြာဟ္မဏပုဏ္ဏားနှင့် ဘုရင့်အလိုကျ ကာလဒေသကိုလိုက်၍ တရားတော်များကို ပြင်ဆင်ခဲ့ရုံမျှမက ဘုရားတားမြစ်တော်မူခဲ့သော ‘သက္ကဋ’ ဘာသာသို့ပင် ပြန်ဆိုကြလေတော့သည်။
သက္ကဋဘာသာသည် ဗြာဟ္မဏတို့၏ မူရင်းဘာသာဖြစ်သည်။ သက္ကဋဘာသာဖြင့် ဗြာဟ္မဏကျမ်းများစွာ ရှိနေလေသည်။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်သည် သူ၏တရားတော်များကို သက္ကဋဘာသာဖြင့် ဟောခွင့်မပြုခဲ့ချေ။ ဟောပါက ‘ဒုက္ကဋ်အာပတ်သင့်စေ’ ဟု ပညတ်ခဲ့ပေသည်။ သုင်္ဂပုရှာမိတြ၏ သုင်္ဂမင်းဆက်သည် သာသနာတော်နှစ် (၄၇၁) အထိသာ တည်သည်။
သုင်္ဂပုရှာမိတြ၏ သုင်္ဂမင်းဆက်လက်ထက် သာသနာတော်နှစ် (၃၆၉)တွင် ဂရိတ်လူမျိုးများက အိန္ဒိယမြောက်ပိုင်း၊ အနောက်ပိုင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဂရိတ်နွယ်ဘုရင်တို့သည် ဗုဒ္ဓဘာသာကို အားပေးခဲ့ကြသည်။
ထိုမင်းများထဲမှ မိလိန္ဒမင်း ပေါ်ပေါက်ခဲ့ပြီး မိလိန္ဒပဥှာ ဆိုသောကျမ်း ဖြစ်ပေါ်လာသည်။ မိလိန္ဒမင်းကြီးသည် ထေရ၀ါဒကို အားပေးခဲ့သော်လည်း မိလိန္ဒမင်းကြီးနောက် နှစ်ပေါင်း(၁၀၀)ကျော် ကြာသောအခါ မဟာသံဃိကဂိုဏ်း၊ သဗ္ဗတ္ထိဝါဒီဂိုဏ်းတို့ အားကောင်း၍ ထေရ၀ါဒအစစ် ပျောက်ကွယ်သွားပြန်သည်။
သာသနာနှစ် (၆၀၀)ခန့်တွင် တရုရှကအနွယ်ဝင် ကုသျှန်မင်းဆက်က အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ကို သိမ်းပိုက်ကြပြန်သည်။ ထိုမင်းများတွင် မူလပါရှန်ဘာသာဝင် ‘ကနိသျှ’ မင်းသည် ဗုဒ္ဓဘာသာကိုကိုးကွယ်၍ အားပေးခဲ့သည်။ ထို့ကြောင့် သင်္ဂါယနာတင်ခဲ့ပြန်သည်။ သို့သော် ထိုအချိန်၌ အိန္ဒိယမြောက်ပိုင်းသာသနာသည် ထေရ၀ါဒမဟုတ်တော့ဘဲ မဟာသံဃိကဂိုဏ်းနှင့် သဗ္ဗတ္ထိဝါဒီဂိုဏ်းတို့ကြီးစိုးရာ သာသနာသာဖြစ်သည်။
ထို့ကြောင့် ကနိသျှမင်းတင်သော သာသနာသည် သဗ္ဗတ္ထိဝါဒီဂိုဏ်း၏ကျမ်းစာသာဖြစ်၍ ဦးဆောင်တင်သော ရှင်ဝါသုမိတြနှင့် ရှင်အဿဃောသတို့သည်လည်း ထေရ၀ါဒဘုန်းကြီးများ မဟုတ်ကြပေ။
သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ သုံးရပ်စလုံးအတွက် ‘၀ိဘာသ’မည်သော ဋီကာကျမ်းများကို သက္ကဋဘာသာဖြင့် ကြေးပြားတွင်ရေး၍ စေတီတွင်း ဌာပနာထားလေသည်။ သို့ဖြစ်၍ ထိုသင်္ဂါယနာကို ထေရ၀ါဒဂိုဏ်းက စတုတ္ထသင်္ဂါယနာအဖြစ် အသိအမှတ်မပြုချေ။
ထိုသင်္ဂါယနာတင်ပွဲ၌ပါခဲ့သော ‘ရှင်အဿဃောသ’က ‘ဗုဒ္ဓစရိတ’ ဟူသော ဘုရားကျင့်စဉ်ကျမ်းကို စီရင်တော်မူသည်။ ထိုကျင့်စဉ်တွင် (၁) သာဝကယာန (၂) ပစ္စေကဗုဒ္ဓယာန (၃) ဗုဒ္ဓယာနတို့ ဖြစ်သည်။ ဤမှ စ၍ ‘ယာန’ ဆိုသော အသုံးပေါ်လာ၏။
ထေရ၀ါဒတွင်လည်း (၁) သာဝကကျင့်စဉ် (၂) ပစ္စေကဗုဒ္ဓကျင့်စဉ် (၃) သမ္မာသမ္ဗုဒ္ဓကျင့်စဉ် ဟူ၍ရှိ၏။ မိမိတို့ ကြိုက်သလို ကျင့်ခွင့်ရှိသည်။
သဗ္ဗတ္ထိဝါဒီဂိုဏ်းဝင် ရှင်အဿဃောသတို့က ရှေ့လမ်းစဉ်နှစ်ပါးသည် တစ်ကိုယ်ကောင်းဆန်သည်ဟု ငြင်းပယ်ကာ ‘ဗုဒ္ဓယာန’ သာလျှင် အမြတ်ဆုံးဖြစ်၍ လူတိုင်း ဗုဒ္ဓယာနကိုသာ ကျင့်ရမည်ဟု ဆို၏။ သူတို့ကိုယ် သူတို့လည်း မြင့်မြတ်သူများအဖြစ် ‘မဟာ’ တပ်၍ မဟာယာနဂိုဏ်းဟု ခေါ်ခဲ့ကြလေသည်။
ဤသို့ ရှင်အဿဃောသ စခဲ့သော မဟာယာနမျိုးစေ့သည် ရှင်နာဂဇုနမှ မြေတောင်မြှောက်ပေးခဲ့ရာ အနှစ် (၃၀၀) အတွင်း အလွန်လူကြိုက်များ၍ ထင်ရှားသွားလေ၏။ မဟာယာနတို့က ၀ိနည်းသည် သာဝကတို့အတွက်သာ ဖြစ်၍ ကျဉ်းကျပ်၏။ သူတို့လို ဘုရားလောင်းများအဖို့ ၀ိနည်းသည် မလိုအပ်ဟုဆို၏။
ဘုရားသည်လည်း သုံးမျိုးသတ်မှတ်လာကြသည်။ (၁) ဓမ္မကာယဆိုသော ပရမတ်သဘော အမြဲတည်ရှိသော ဉာဏ်တော်ကြီးသာ ဘုရားအစစ်ဖြစ်၍ ‘အာဒိဗုဒ္ဓ’ ဟုခေါ်၏။ (၂) သမ္ဘေဂကာယ ခေါ် ဘုရားဖြစ်၍ ဗောဓိသတ္တဘုရားလောင်းများ (၃) နိမာနကာယ ခေါ် လူ့ပြည်၌ ဘုရားအဖြစ်ပွင့်ရန် ရောက်လာသော ‘ရှင်ဂေါတမ’ ကဲ့သို့ ဘုရားများ ဟူ၍ခွဲခြားထားလေသည်။
ပရမတ်ဘုရားသည် လူ့ပြည်သို့ တိုက်ရိုက်မဆင်းနိုင်။ ထို့ကြောင့် ကြားခံ တမန်တော် ဘုရားလောင်း ထားရသည်။ ထိုဘုရားလောင်းမှ လူ့ပြည်တွင် တစ်ခါဝင်စား၍ ဘုရားအဖြစ်ပွင့်သည်။
ဗုဒ္ဓဂေါတမသည်လည်း လူဝင်စား ဘုရားသာဖြစ်လေသည်။
ပရမတ်ဘုရားသည် နိဗ္ဗာန်တွင် အမြဲတည်ရှိနေလေသည်။ နိဗ္ဗာန်သည် အနောက်အရပ်တွင်ရှိသော ‘သုခ၀တီ’ နေပြည်တော်ဟု ခေါ်ကြပြန်သည်။ ထိုဘုရားကို ‘အမီတာဘာ’ ဟု ရှိခိုးလေသည်။ ‘အတိုင်းရှည်မရှိသော အလင်းရောင်ဉာဏ်တော်ကြီး’ ဟု ဆိုလိုသည်။
လူဝင်စားဘုရားဖြစ်မည့် ဘုရားလောင်းကို ‘အ၀လောကိတေသရ’ ဟု ခေါ်သည်။ ဘုရားလောင်းများထဲတွင် ‘ကွမ်ယင်’ သည် ထင်ရှား၏။
ကွမ်ယင်သည် မူလက ပုလ္လိင် ဖြစ်သည်။ (၈) ရာစုနောက်ပိုင်းကျမှ ဘုရားလောင်း၏ ကရုဏာတော်ကို မိခင်မေတ္တာနှင့် ထပ်ထူကိုယ်စားပြုကြရာမှ ‘ဣတ္ထိလိင်’ အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
ဝမ်းပူပူနှင့် ပြုံးရွှင်စွာ ရယ်နေသော ပုဂ္ဂိုလ်သည်လည်း အရိမေတ္တေယျဘုရားအလောင်းဟု ဆိုကြလေသည်။
ဤအယူအဆများကို လေ့လာကြည့်ပါက မဟာယာနသည် ထေရ၀ါဒနှင့် အသွင်အပြင်ရော အနှစ်သာရပါ လုံးဝ ကွဲပြားခြားနားနေပြီဖြစ်သည်။
မဟာယာနတို့သည် မိမိတို့တည်ရှိရာဒေသနှင့်လိုက်၍ အယူဝါဒများကို ရောယှက်ခဲ့ကြသည်။ ယောဂ၊ တန္တရ၊ မန္တရအယူအဆများကို လက်ခံခဲ့ကြသည်။
“ရှင်ဂေါတမ” ဆိုသော ရူပကာယသည် ဘုရားမဟုတ်။ ဉာဏ်သည်သာ ဘုရားဟူသော အယူအဆသည် ‘ယောဂ’ ၀ါဒမှ ယူခဲ့ကြ၏။ ပုဂ္ဂိုလ်နှင့် ဓမ္မ၀ိညာဉ် ပူးပေါင်းနေခြင်းကို ‘ယောဂ’ ဟု ခေါ်သည်။ မူလက ဗြာဟ္မဏအယူအဆဖြစ်သည်။
“အမိတာဘာ” ဆိုသော ထာဝရဘုရားကြီးသည် နိဗ္ဗာန်၌ အမြဲရှိနေသည်ဟုဆိုခြင်းမှာ ဗြာဟ္မဏတို့၏ ‘အတ္တ’ ၀ါဒမှလာခြင်းသာ ဖြစ်၏။ ဗိသျှနိုးကဲ့သို့ လူဝင်စား ဘုရားအယူအဆကို လက်ခံခဲ့ကြပြန်လေသည်။
ဘုရားအလောင်းကို အမြတ်တနိုး ကိုးကွယ်ခဲ့ကြပြန်သည်။ သို့ဖြစ်၍ ဗြာဟ္မဏတို့၏ ‘ဥုံ’ ကိုယူသုံးခဲ့ဟန် တူပေသည်။ နတ်ဘုရားကိုးကွယ်မှုဝါဒမှာ မဟာယာနတွင် အားကောင်းနေပြီဖြစ်သည်။ ဂါထာ မန္တာန် ရွတ်ကြလေသည်။
သို့ဖြစ်၍ ထေရ၀ါဒနှင့် မည်သို့မျှမသက်ဆိုင်သော ‘ဥုံ မဏိ ပဒ္မေ ဟုံ’ ဆိုသော စာသားများ ဘုရားကျောင်းဆောင်အောက် ရောက်နေကြခြင်း၊ ကွမ်ယင်၊ အန်းကုန်းတို့ ဘုရားနှင့်အပြိုင် အပူဇော်ခံနေကြခြင်း၊ ‘ဥုံ နမော ဗုဒ္ဓစက်၊ ဥုံ နမော ဓမ္မစက်၊ ဥုံ နမော သံဃစက်’ ဟူ၍ ရတနာသုံးပါးကို ‘ဥုံ’ ခံ၍ ရွတ်နေကြခြင်းတို့သည် ထေရ၀ါဒကို ဖုံးလွှမ်းရန်ကြိုးစားနေသည့် ‘တိမ်ညိုတိမ်မိုက်’ များသာ ဖြစ်ပါတော့သည်။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
{{{ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း အတွဲ (၁၆)၊ အမှတ် (၆) ဇွန်လ၊ ၂၀၁၅ }}}
Read more »