Showing posts with label လောကကို ဘယ်သူနှိပ်စက်နေသနည်း. Show all posts
Showing posts with label လောကကို ဘယ်သူနှိပ်စက်နေသနည်း. Show all posts

Tuesday, July 14, 2015

လောကကို ဘယ်သူနှိပ်စက်နေသနည်း

လောကကို ဘယ်သူနှိပ်စက်နေသနည်း
===========================
နတ်မှာ ပြဿနာမရှိ ၊ တောင်တွေးမြောက်တွေးနှင့် အငြိမ်မနေတတ် ၊ ဆတ်ဆော့သော နတ်မှာ ပြဿနာ ကပ်လာ၏။
နတ်သားတစ်ယောက်သည် လောကအကြောင်းကို ပေါက်ပေါက်ရှာရှာ ကြံစည်လေ၏။ အတွေးနယ်ပယ်ကို ကျယ်ကျယ်ချဲ့ ၊ ဉာဏ်စွမ်းကိုရှိသမျှထုတ်၍ သုံးကြည့်သည်။ အဖြေကိုကား သူ မတွေ့လေ။ ကြာသော် ထိုနတ်သား၏ ကိုယ်တွင် ပြဿနာကပ်နေခြင်းသာ အဖတ်တင်ရုံမက ကိုယ်ပန်းစိတ်ပန်း ဖြစ်လာသည်။ ထိုအခါ ထိုနတ်သားသည် ဗုဒ္ဓမြတ်ဘုရားအား သွား၍ သတိရမိလာသည့်အလျောက် ကသီလင်တနှင့် ဗုဒ္ဓရှေ့တော်ဝင်၍ သူ့ပြဿနာကို ဖြေရှင်းပေးတော်မူပါရန် ပန်ကြားလေသတည်း။
နတ်သား မေး။ ။ အို - သုံးလောကမှန်ကူ သယမ္ဘူ ရှင်တော်မြတ်ကြီးဘုရား ၊
(၁) လောကကို နှိပ်စက်ကလူ ပြုမူနေသည်ကား အဘယ်အရာပါနည်း။
(၂) ထိုလောကကို ဘယ်အရာများက ခြံရံနေပါသနည်း။
(၃) အဘယ်မည်သော မြားလက်နက်က လောက၏ နှလုံးသည်းပွတ်ကို ဖောက်ထွင်းစူး
ဝင်နေပါသနည်း။
(၄) အဘယ်အရာသည် အခါခပ်သိမ်း လောကကို လောင်မြိုက်နေပါသနည်း ဘုရား။
ဤပုစ္ဆာအတွက် ဗုဒ္ဓမြတ်ဘုရား မြွက်ကြားတော်မူသည့် အဖြေကား
- ဗုဒ္ဓ အဖြေ။ ။ ညဥ့်နက်သန်းခေါင် ၊ ငါ့အဆောင်သို့ ၊ ကိုယ်ရောင်ထင်စွာ ၊ ဝင်ရောက်လာပြီး ၊ ပြဿနာတင်ပြ ၊
အို - ဒေဝ။ (၁) လောကကို နှိပ်စက်ကလူပြု၍ ထင်သလိုမင်းမူနေသည်ကား သေမင်းဖြစ်ချေသည်။
(၂) လောကကို အိုခြင်းတရားက ခြံရံနေ၏။ (၃) လောက၏ နှလုံးသားကို တဏှာတည်း
ဟူသော မြားက ဖောက်ထွင်းစူးဝင်နေ၏။
(၄) လောကကို အလိုရမ္မက် တည်းဟူသော လောင်မီးက အခါခပ်သိမ်း လောင်မြိုက်နေ၏ဟု မိန့်တော်မူ၏။
ထိုနတ်သားသည် ဘုရားထံမှ အဖြေကိုရလျှင် ရိုသေစွာ ရှိခိုး၍ ဘုရားသခင်၏ ထံပါးတော်မှ ဖဲခွာသွားလေသတည်း။
( သံယုတ္တနိကာယ် ၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ၊ ဒေဝတာသံယုတ် ၊ အဒ္ဓဝဂ် ၊ အတ္တဟတသုတ် ၊ ၃၇ ၊ ဆဋ္ဌမူ )
BTNR မှ ဆရာဒဂုန် ဦးစန်းငွေ၏ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည်။
လွင်အောင် မျိုး's photo.
Read more »