Showing posts with label နတ်ချမ်းသာကို ဟောကြားတာလား. Show all posts
Showing posts with label နတ်ချမ်းသာကို ဟောကြားတာလား. Show all posts

Monday, July 13, 2015

နတ်ချမ်းသာကို ဟောကြားတာလား

မြတ်ဗုဒ္ဓက ကာမတရား အားပေးချင်လို့ သဂ္ဂကထာ နတ်ချမ်းသာကို ဟောကြားတာလား
ဒကာ။ မြတ်စွာဘုရား တရားဟောတော်မူသော တရားအစဉ် အနုပုဗ္ဗိကကထာထဲမှာ သဂ္ဂကထာ ဆိုတဲ့ နတ်စည်းစိမ်ချမ်းသာတွေနဲ့စပ်တဲ့ တရားစကားတွေကို ဟောကြား ဟောကြားနေတာဟာ ကာမချမ်းသာတွေကို အားပေးချီးမွမ်း တိုက်တွန်းသလို ဖြစ်မနေဘူးလား ဘုရား၊ ဓမ္မစကြတရားတော်ထဲမှာ ကာမသုခလ္လိကကို ဟီန-အယုတ်တရားဟု ဟောသွားတယ် မဟုတ်လားဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။
ဆရာ။ ။ မှန်ပါတယ်၊ ဒါပေမဲ့ သတ္တ၀ါတွေက လူ့ချမ်းသာထက် နတ်ချမ်းသာကို ပိုမိုအထင်ကြီးပြီး စိတ်ဝင်စားလိုလားကြလို့ ဘုရားရှင်တို့၏ တရားဟောအစဉ် အနုပုဗ္ဗိက ကထာထဲမှာ ဒါနကထာ, သီလကထာ, သဂ္ဂကထာ စသည်ဖြင့် ဟောကြားလျက် နတ်သမီးတို့၏ လှပချောမွေ့ပုံ စည်းစိမ်ချမ်းသာ ဘုံဗိမာန်ဥယျာဉ်ကြီးတွေ ယာဉ်ရထားကြီးတွေနဲ့ ခံစား စံစားပုံတွေကို ပြကာပြကာ ဟောကြားသွားပြီး အဆုံးကျတော့ကာ အဲဒီစည်းစိမ်ချမ်းသာ ကာမတရားတွေရဲ့ မခိုင်မြဲမှု အပြစ် အနာအဆာ "ကာမာနံ အာဒီ န၀" ကထာကိုသာ ဆက်ဟောကာ ဒုက္ခသစ္စာကို ထင်အောင်ပြပြီးတော့ နတ်, ဗြဟ္မာ စည်းစိမ်ခံစားချင်တဲ့ သမုဒယသစ္စာ လောဘတဏှာကို အပြတ်ဟောကြားလျက် မဂ္ဂသစ္စာနဲ့ ကမ္မဋ္ဌာန်းပေးပြီး နိရောဓသစ္စာ ကာမဂုဏ် ကိလေသာတရားတို့၏ ချုပ်ငြိမ်းအေးမြရာ နိဗ္ဗာန်ချမ်းသာကို ရောက်အောင် ပို့ဆောင် ပေးလိုက်တာပါပဲ၊ ကဲ...သဘောပေါက်ရဲ့လား။
ဒကာ။ ။ ဘုရားဟော မုက္ခပါဌ်ထဲမှာ ပုံစံဝတ္ထုကြောင်းများရှိရင် တခုလောက် ထုတ်ပြပါလား ဆရာတော်။
ဆရာ။ ။ ပုံစံတွေများစွာရှိပေမယ့် ထင်ရှာတဲ့ ပုံစံ တခုကိုပဲ ထုတ်ပြမည်၊ လူတိုင်းသိတဲ့ မင်းနန်ချွတ်ခန်းပဲ၊ ညီတော်နန္ဒမင်းသားဟာ လူမျှသာဖြစ်တဲ့ ဇနပဒကလျာဏီမင်းသမီးအပေါ်မှာ ကြီးမားစွာ စွဲလမ်းနေတဲ့ ကာမတဏှာရှိနေတယ်။ အဲဒါကို ခွာနိုင်အောင် နတ်အလှကိုပြချင်လို့ ဘုရားမြတ်ကိုယ်တော်တိုင် ရှင်နန္ဒကို ခေါ်ဆောင်ကာ နတ်ပြည်သို့သွားပြီး ဇနပဒကလျာဏီထက် ပြောမပြနိုင်အောင် သာတဲ့ လှတဲ့ နတ်သမီးတွေ နတ်တို့၏ ကျက်သရေစည်းစိမ် ဂုဏ်သိန်တွေကို ထင်ထင်ရှားရှား ပြ,ပြ ပေးသွားတယ်၊ အဲဒီအခါမှာ ဇနပဒကလျာဏီထက် သာတဲ့ နတ်သမီးတွေကို လိုချင်တဲ့ နတ်သမီ စွဲ ကာမတဏှာဖြစ်ပေါ်လာတယ်၊ ဇနပဒကလျာဏီအစွဲ ဥပါဒါန်ပြုတ်သွားတယ်။ အဲဒါဟာ အာရုံပြောင်းပေးလိုက်တာသာ ဖြစ်တယ်၊ ကာမဂုဏ်ကို အားပေးတာ မဟုတ်ဘူး၊ နောက်ပိုင်းကျတော့ လူထက်လှတဲ့ နတ်သမီးတွေဟာလည်း အိုဘေး, နာဘေး, သေဘေး တို့မှ မလွတ်နိုင်တဲ့ ကမ္မဋ္ဌာန်းတရားနဲ့ ကာမ၏ အပြစ်အနာအဆာ အာဒီန၀တွေ ပြကာ ပြကာ တရားအားထုတ်ခိုင်းရင်း ကာမဂုဏ်တရားတွေ ပြုတ်ပြီး ဒုက္ခသစ္စာ သက်သက်တွေ မြင်ကာ သမုဒယသစ္စာတွေ ကွာပြီးတော့ နိဗ္ဗာန်ကို မျက်မှောက် ပြုသွားတာပဲ၊ ကဲ...အဲဒါဟာ ထင်ရှားတဲ့ ပုံစံပဲ၊ တယ်လဲ လျှာရှည်တဲ့ ဒကာတွေပဲကို၊ ထိရဲ့ မိရဲ့လား။
ဒကာ။ ။ အားရ ကျေနပ် နှစ်သက်ဝမ်းမြောက်လှပါတယ် ဘုရား၊ တယ်လည်း ထိမိတဲ့ ပုံစံပါပဲ ဆရာတော်၊ ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာနံ အာဒီန၀ကထာ, မဂ္ဂကထာ ဆိုတာ ဒါတွေပဲကိုး၊ ခုမှ ကွဲပြားတော့တယ် ဆရာတော်။
— with နဝေ တိမ်တောင်.
လွင်အောင် မျိုး's photo.
Read more »