Friday, July 24, 2015

သာသနာရေးစာတမ်း

Htayrawarradhamma WarDi's photo.
{{{ သာသနာရေးစာတမ်း }}} (ပထမပိုင်း) (23)
နိဒါန်း---
ဗုဒ္ဓသာသနာတော်သမိုင်းတွင် သာသနာ့ဘေးအန္တရာယ် အကြိမ်ကြိမ်ကျရောက်ခဲ့ရာ ထေရ၀ါဒ မူရင်းဓမ္မများကို ထိမ်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် သင်္ဂါယနာတက်ပွဲများကိုလည်း ခြောက်ကြိမ်တိုင်တိုင်တင်၍ ထေရ်သံဃာ ဆရာစဉ်ဆက် အမြော်အမြင် ကြီးမားစွာဖြင့် ဆောင်ရွက်ခဲ့ကြရသည်။
သာသနာတော်နှစ် ၃-လ ၄ရက်တွင် (ပထမသင်္ဂါယနာ)
သာသနာတော်နှစ်-၁၀၀ တွင် (ဒုတိယသင်္ဂါယနာ)
သာသနာတော်နှစ်- ၂၃၅ တွင် (တတိယသင်္ဂါယနာ) တင်ခဲကြရသော သင်္ဂါယနာပွဲများဖြင့် ရဟန်းပုဂ္ဂိုလ်များ၏ ၀ိနည်းကျင့်ဝတ် ဖောက်ဖျက်လိုမှုကို အကြောင်းပြု၍ သာသနာ့အန္တရာယ်ကို ကာကွယ်ခဲ့ရသကဲ့သို့ ---
သာသနာတော်နှစ် ၄၅၀ တွင် (စတုတ္ထသင်္ဂါယနာ)
သာသနာတော်နှစ် ၂၄၁၅ တွင် (ပဉ္စမသင်္ဂါယနာ)
သာသနာတော်နှစ် ၂၅၀၀ တွင် (ဆဋ္ဌမသင်္ဂါယနာ) တင်ပွဲတို့ဖြင့် ပိဋကတ်တော်များ သန့်စင် တည်တံ့စေရန် သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါသည်။
ပြင်ဆင်ရန်လည်း မလို၊ ဖြည့်စွက်ရန်လည်း မရှိ၊ မူရင်းအတိုင်း ထေရ်သံဃာအဆက်ဆက်တို့ စောင့်ရှောက်တော်မူခဲ့ကြသည့် ပိဋကတ်တော် သုံးပုံတို့တွင်
၁။ ပုဂ္ဂိုလ်စရိုက် အခြေအနေကိုလိုက်၍ အကြောင်းအားလျှော်စွာ ဆုံးမတတ်သော (ယထာနုလောမ သာသနာ)ဟု ခေါ်တွင်သည့် သတ္တန္တပိဋက။
၂။ ပရိသတ်လေးပါးတို့အတွက် အပြစ်အားလျှော်စွာ ဆုံးမတတ်သော (ယထာပရာဓသာသနာ)ဟု ခေါ်တွင်သည့် ၀ိနယပိဋက။
၃။ သဘာဝတရား အရှိကို အရှိအတိုင်း တရားသဘောအားလျှော်စွာ ဟောကြားဆုံးမတတ်သော (ယထာဓမ္မသာသနာ)ဟု ခေါ်တွင်သည့် အဘိဓမ္မာပိဋကတို့ကို မြတ်စွာဘုရားရှင် သာသနာတော်နှစ် ၂၆၀၀-ခန့်အထိ နှစ်ပေါင်း များစွာ တည်တံ့ခိုင်မာ ထိန်းသိမ်းလာခဲ့ကြသည်။
သို့သော်လည်း သာသနာ့သမိုင်းကြောင်းတလျှောက်တွင် အသားထဲမှ လောက်ထွက်သည့်ပမာ သာသနာတော်တွင် မှီခိုနေထိုင်ပြီး အရိပ်နေနေ အခက်ချိုးချိုး၊ ခင်အိပ်သည့်သားရေကို ပြန်ကိုက်စားသကဲ့သို့ သာသနာတော်၏ အသက်သဖွယ်ဖြစ်သော ၀ိနည်းပိဋကတော်များကို အလေးမထားဘဲ ဖောက်ဖျက်လွန်ကျူးမှုများနှင့် ပိဋကတ်တော်ကျမ်းစာများကို ဝေဖန်ဆန့်ကျင် ကိုယ်ထင်ရာ ဖော်ပြသော အတ္တနောမတိဖြင့် ဖျက်ဆီးနေကြသူများသည် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ကြသည်။
မူရင်းသာသနာတော်မှ မဟာယာနစသော ဂိုဏ်းသစ်ထူထောင်၍ သီးခြားအယူဝါဒတီထွင်သူများသည် ကွဲပြားခြားနားသော သဘာဝကို သိသာမြင်သာသဖြင့် အန္တရာယ်မများလှပေ။
သို့ရာတွင် ထေရ၀ါဒဗုဒ္ဓဘာသာ အမည်ခံကာ ပိဋကတော်များကို ဆန့်ကျင်ဝေဖန်တိုက်ခိုက်၍ အနီးကပ်ပူးသတ်နေသည့် အတွင်းရန်သူများ၏ ဘေးရန်က အလွန်အန္တရာယ်ကြီးမားလှသည်။
တချို့က ဂိုဏ်းဂဏစွဲ၊ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ဆန့်ကျင်မှုပြုကြသည်။ တချို့က အယူဝါဒစွဲ ဒဿနအတွေးအကြံ လွန်ကဲစွာဖြင့် ဝေဖန်ဆန့်ကျင်ကြသည်။ တချို့က ရုပ်ဝါဒလွှမ်းမိုးမှုဖြင့် ဗုဒ္ဓဒေသနာတော်များကို ရုပ်ဝါဒဘောင်ထဲသို့ အတင်းအဓမ္မ သွတ်သွင်းရန် မိုက်မဲစွာ ကြိုးစားကြသည်။ တချို့က မိရိုးဖလာယောင်ယောင် သိဒ္ဓိရှင် တန်ခိုးရှင်ဝါဒယောင်ယောင် အမျှော်အကြောက် ကိုးကွယ်မှုများဖြင့် အတ္တ၀ါဒကို အသက်သွင်းနေကြသည်။
ထိုကဲ့သို့ သာသနာတော်ကြီးတွင် မြင်ရ-မမြင်ရသည့် အန္တရာယ်များ ၀ိုင်းရံနေလေရာ ဘုရားရှင်သာသနာတော် အဆုံးအမအစစ်၊ ဓမ္မအစစ်များကို မသိရှိ မကျင့်သုံးဖြစ်ခဲ့လျှင် လမ်းပေါ်မှ လမ်းပျောက်သူကဲ့သို့ ဘ၀သံသရာအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ရပေလိမ့်မည်။
အလှူတကာ့အလှူတွင် သမ္မာဒိဋ္ဌိတရားတော်များ ပြန့်ပွားစေသော ဓမ္မဒါနအလှူသည် အမြတ်ဆုံးဖြစ်သည်။ သတိပြုရန် အချက်တစ်ခုမှာ အကုသိုလ်အပြစ်များတွင် အကြီးမားဆုံးမှာ အဓမ္မ၀ါဒကို လက်ခံကျင့်သုံးစွဲလမ်းသော အဓမ္မ၀ါဒီမိစ္ဆာဒိဋ္ဌိဘ၀သို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။ တချို့ အဓမ္မ၀ါဒ အယူအဆများမှာ အလွန်သိမ်မွေ့လွန်သည်။ ထို့ကြောင့် ဘုရားဟော တရားအစစ်ဟု ထင်မှတ်မှားကာ ပြန့်ပွားအောင် ဖြန့်ချိမိတတ်ကြသည်။
ယခင်ခေတ်ကာလ တစ်ခုကဆိုလျှင် အယူဝါဒ ဂိုဏ်ဂဏကိုစွဲ၍ သံဃာ့ဂိုဏ်းများစွာ ကွဲပြားပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ သိမ်အတူမ၀င်၊ ဆွမ်းအတူမစားသည်အထိ စိတ်ဝမ်းလည်း ကွဲပြားခဲ့ကြဖူးသည်။ ထိုအခြေအနေများကြောင့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပကာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဖွဲ့စည်းခဲ့သည်။ သံဃာ့ညီညွတ်ရေးနှင့် ဓမ္မ-အဓမ္မ၀ိနိစ္ဆယ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။ သာသနာတွင်း ပြုပြင်သန့်ရှင်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်တော်မူခဲ့ကြသည်။
သို့ရာတွင် သာသနာ့ဘေးရန် အယူအဆ၀ါဒ ပေါင်းစုံတို့ကလည်း သိသိသာသာရော မသိမသာပါ ပုံစံအမျိုးမျိုးဖြင့် သွေးတိုးစမ်းနေကြသည်။ ဆုံးဖြတ်ပြီးသား အဓမ္မ၀ါဒများကလည်း စာအုပ်- စီဒီ- အင်တာနက်၊ သင်တန်းများဖြင့် ပြန်လည်ခေါင်းထောင်လာကြသည်။ ၀ါဒအဟောင်းကို ပြုပြင်မွမ်းမံထားသော ဒဿန၀ါဒအသစ် စွဲကိုင်ထားကြသူများကလည်း တိတ္ထဘုရားကြီးများ ပွင့်သကဲ့သို့ ပေါ်ပေါက်လာကာ နည်းမျိုးစုံဖြင့် လူအများကို စည်းရုံးသိမ်းသွင်းနေကြသည်။ ။
ယနေ့ခေတ် အချိန်အခါတွင် ဘာသာရေး သာသနာရေးကို စိတ်ပါဝင်စားစွာ လေ့လာသူများပြားလျက်ရှိရာ ပထမဦးဆုံး တွေ့သောဆရာသည် ဓမ္မလမ်းကြောင်းမှ သွေဖည်နေသော အဓမ္မအယူ ရှိနေသူဖြစ်ပါက ထိုဝါဒ၏ တရားအစွဲဝင်သွားလျှင် ဘုရားကိုပင် ဆန့်ကျင်ဝေဖန်ရန် ၀န်မလေးတော့သည်ကို တွေ့နေရသည်။ ထို့ကြောင့် အဓမ္မ၀ါဒများ များလာလေလေ လူများအတွက် သံသရာဘေးတွေ့စေမည့်
အန္တရာယ်များ များလေလေပင်ဖြစ်သည်။ ။
ယနေ့ခေတ်တွင် တွေ့မြင်နိုင်သော သာသနာတော်၏
ဘေးအန္တရာယ်များကို လေ့လာကြည့်လျှင် ၃-မျိုး ခွဲခြားနိုင်သည်။ ။
{{{ ၁။ ပုဂ္ဂိုလ်အမှား သာသနာ့အန္တရာယ်များ }}}
ပုဂ္ဂိုလ်ဟူသည်မှာ သာသနာတော်၏ ပရိသတ် ၄-မျိုးဖြစ်သော ဘိက္ခု-ဘိက္ခုနီ- ဥပသကာ- ဥမသိကာတို့ ဖြစ်ကြသည်။ ရဟန်းတော်များသည် သာသနာတော်၏အသက်ဟု ခေါ်ဆိုရမည့် ၀ိနည်းတရားတော်နှင့်အညီ နေထိုင်မှု အားနည်းလာလျှင်၎င်း၊ ဘိက္ခုနီမများနေရာတွင် အစားထိုးထားသည့် သာသနာနွယ်ဝင် သီလရှင်များ စည်းကမ်းမရှိ ဖြစ်လာလျှင်သော်၎င်း၊ သာသနာတော်ကို အထောက်အပံ့ကောင်းပြုရမည့် ဒကာ ဒကာမများသည် ဓမ္မအသိအမြင် အားနည်းလာပြီး ဆရာဒကာဆက်ဆံရေးများ နည်းလမ်းမကျ ပျက်ယွင်းလာလျှင်သော်၎င်း သာသနာ့ဂုဏ်သိက္ခာ ညှိုးနွမ်းကား ထေရ၀ါဒဓမ္မ၏ အနှစ်သာရများ ပျက်စီးသွားရပေလိမ့်မည်။ ၀ိနည်းတော်နှင့် မညီညွတ်ရုံမက လူမျိုး ဘာသာသိက္ခာ ကျဆင်းစေမည့်နေထိုင်ပြုမူမှုများ၊ လမ်းဈေးတို့တွင် စည်းကမ်းမဲ့ အလှူခံနေမှုများ၊ ဗေဒင် လက္ခဏာဟောခြင်း၊ စီးပွားရေးလုပ်နေခြင်းများကို ဓမ္မစက်+အာဏာစက်တို့ဖြင့် တားမြစ်ရန် လိုအပ်နေပေပြီ။ ထို့ပြင် သာသနာပြုအမည်ခံပြီး သာသနာပ အ၀ိဇ္ဇာလမ်းစဉ်လိုက်ကာ လူအများကို အသိမှား အယူမှားများ ဖြန့်ဝေနေသော ၀ိဇ္ဇာဘုန်းကြီးများ၊ နတ်ကတော်ရဟန်းများ၊ ဘိုးတော်-မယ်တော်၊ နတ်ကတော်များကိုလည်း ဝေးဝေးကရှောင်နိုင်မှ သရဏဂုံ ပျက်စီးခြင်းဘေး၊ ယခုဘ၀ လူဖြစ်ရှုံးခြင်းဘေး ကင်းဝေးနိုင်ပေလိမ့်မည်။ ။
((( ဓမ္မစက္က ဦးမောင်မောင် )))

No comments:

Post a Comment