Friday, July 24, 2015

မေးသင့်လှတဲ့ မေးခွန်း

မူရင်းပို့တွင် ပါသောမန့်များကိုလည်း သေချာကျနစွာ ဖတ်စေချင်ပါတယ်ခင်ဗျာ
ဝိဘဇ္ဇ ဝါဒီ's photo.
မေးသင့်လှတဲ့ မေးခွန်း
အရှင်ဘုရားတို့ကရော အဘယ်အကျိုးငှါ
သာသနာ့ဘောင်သို့ ဝင်၍ မြတ်သော အကျင့်ကို
ကျင့်သုံးကြပါသနည်း။
မိတ်ဆွေတို့ကရော အဘယ်အကျိုးအတွက်
သရဏဂုံခံယူလျက် မြတ်သောအကျင့်ကို
ကျင့်သုံးကြပါသနည်း။
အကြောင်းကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အကောင်းဆုံးအကြောင်းပြချက် ဖြစ်ဖို့ထက် မိမိတို့ရဲ့  အကြောင်းပြချက်အတိုင်း အတတ်နိုင်ဆုံး အောင်မြင်အောင် ကြိုးစားဖို့ သတိပေးချင်ပါတယ်။
ငါက 'ဘုန်းကြီးကွ'
'ငါက အဘိဓမ္မာသမားကွ'
'ငါက ဝိပဿနာ နေ့တိုင်း အချိန်ပေးအားထုတ်နေတာကွ'
'ငါက ပိဋကမြန်မာပြန်ကို ဖတ်ထားတာ မနည်းတော့ဘူးကွ'
'ငါက ပုတီးနေ့တိုင်းစိတ်နေတာကွ'
ဆိုတာနဲ့ စိတ်မချရသေးသလို
သွေးရူးသွေတန်းနဲ့ ဝိပဿနာဉာဏ်စဉ်တွေ ခုန်ပျံကျော်လွှားပြီး ဒိဋ္ဌိဖြုတ်ချင်လို့လည်း မရပါဘူး။
သာသနာ့ဘောင်ဝင်တာ၊ အဘိဓမ္မာသင်ကြားတာ၊ အချိန်ပိုင်းပင်ဖြစ်စေ ဝိပဿနာအားထုတ်တာ၊ သုတ္တန်တွေကို စနစ်တကျလေ့လာတာ၊ ပုတီးစိပ်တာ အင်မတန်မြင့်မြတ်ကောင်းမွန်တဲ့ အလုပ်တွေပါပဲ။ ဒါတွေကို မလုပ်ဖို့ တားတာ မဟုတ်ပါဘူး။ မိမိရည်မှန်းချက်နဲ့ မိမိလုပ်ရပ်တွေကို ချင့်ချိန်မိဖို့ သတိပေးချင်တာပါ။ ပြီးတော့ မိမိရည်မှန်းချက် အပေါ် မိမိဘယ်လောက်တန်ဖိုးထားသလည်း ဆိုတာကို ဆန်းစစ်ကြစေချင်ပါတယ်။ ဗုဒ္ဓဘာသာတွေအားလုံး အိမ်ယာကိုစွန့် နိဗ္ဗာန်အတွက် သာသနာ့ဘောင်ဝင်ကြ လို့ နှိုးဆော်နေတာ မဟုတ်ပါဘူး။ ကိလေသာကို နှိမ်နင်းရာမှာ မိမိရဲ့  ပကတိအားကို သိပြီး အားအင်ကို မြှင့်တင်ရပါတယ်။ မဟုတ်ရင် စိတ်ရောဂါရပြီး Doctor တွေဆီပြရဖို့ပဲ ရှိတယ်။ အနှိုင်းမဲ့ဆေးဆရာ ဘေသဇ္ဇဂုရုဖြစ်တော်မူသော မြတ်စွာဘုရားရှင်က ကုရုတိုင်းသားပြည်သူ အပေါင်းကို စစချင်းဆောက်နဲ့ထွင်းသလို ' ကိလေသာ မဖြစ်စေနဲ့' လို့ စတင် မမိန့်ပါဘူး။
'သွားရင်သွားမှန်း တွေးရင်တွေးရင်တွေးမှန်း ကိလေသာဖြစ်ရင်ဖြစ်မှန်းသိဖို့' စစချင်းမှာ လက်ရှိ ဘာတွေဘယ်လိုဖြစ်နေတယ် ဆိုတာ သိရန် ညွှန်ကြားတော်မူပါတယ်။ ဒါက ရိုးစင်းလွယ်ကူလှလို့
ထိုထို အဓမ္မဝါဒီတွေက
'သွားရင်သွားမှန်း အရူးတို့၊ ခွေးတို့တောင်သိတာပဲ'
လို့ ဆိုတတ်ပါတယ်။
မှန်ပါတယ်။ သတိပဋ္ဌာန်ကို ပွားများကျင့်ကြံတယ် ဆိုတဲ့ စရင်းဝင်ချင်ရင်တော့
1) အာတာပီ လို့ခေါ်တဲ့ ကောင်းမှုကိုပွားစေ မကောင်းမှုကိုရှောင်စေ ပြီး ကိလေသာကို ပြင်းစွာလောင်ကျွမ်းစေတတ်သော ဝီရိယ
2) သမ္ပဇည ဆိုတဲ့ သင့်တော်၏ မသင့်တော်၏ ဆိုတာနဲ့ ဘာတွေဘယ်လိုဖြစ်နေမှန်း ပိုင်းခြားနားလည်တတ်မှု ပညာ
3) သတိ ဆိုတဲ့ ကုသိုလ်တရား တို့၌ မပြတ် မမေ့လျော့မှု။ ကုသိုလ်တရားဆိုတာကို သီးခြားကြီး အထူးလိုက်ရှာ နေရမှာ မဟုတ်ပါဘူး။ အာတာပီ နဲ့ သမ္ပဇည ကို မပြတ်ဖြစ်ပွားစေတာပဲဖြစ်ပါတယ်။
ဒီ ၃ချက်နဲ့ ညီညွတ်မှ ဘုရားဟော သတိပဋ္ဌာန်ဖြစ်ပါတယ်။
တစ်ခုထူးခြားတာက အရူးတွေ၊ ခွေးတွေတောင် သိပါတယ် ဆိုတဲ့ 'မိမိဘာဖြစ်နေတယ်' ဆိုတာကို သာမန်လူကောင်းဟုဆိုသူ နေ့စဉ်ဝိပဿနာ ရှု့ ပါတယ် ဆိုသူတွေ မသိကြတာပဲ ဖြစ်ပါတယ်။ grin emoticon
ဝိသုဒ္ဓိ ၇-ပါး မဂ်ရထားဆိုတဲ့ အစဉ်က ကျော်တက် ခုန်ပေါက် လို့မရပါဘူး။ ဒီနေရာမှာ အကျယ်တော့ မပြောလိုတော့ပေမဲ့ 'သီလ' ဝိသုဒ္ဓိကို နဲနဲပြောပါမယ်။
သီလဝိသုဒ္ဓိ ဆိုတာ 'ငါးပါးသီလခံယူရုံ၊ ဘာမှမဟုတ်တာမလုပ်ရုံနဲ့ စင်ကြယ်တတ်တဲ့ အမျိုး မဟုတ်ပါဘူး။
သီလ ဆိုတာ 'ငါ ဝိပဿနာရှု့ နေလို့ မဟုတ်တာ မလုပ်အားဘူး အလိုလို လုံနေတယ် လို့လည်း မဟုတ်ပါဘူး။ အဝီစိငရဲက ငရဲသားတွေဟာ စက္ကန့်မလတ် မီးလောင်နေလို့ ဘာမဟုတ်တာ မှ မလုပ်အားပါဘူး။ ဒါကို သီလဝိသုဒ္ဓိ လို့မခေါ်ပါဘူး။
အဓိသီလ သာသနာတော်မြတ်တည်ရာ ဝိနယသာသနာတော်က ပြတာကတော့ သီလ ဆိုတာ 'ဖြည့်ကျင့်တဲ့ စာရိတ္တသီလ (ကုသလဿုပသမ္ပဒါ) နဲ့ ရှောင်ကြဉ်တဲ့ ဝါရိတ္တသီလ (သဗ္ဗပါပဿ အကရဏံ) တို့ပဲ ဖြစ်ပါတယ်။ ဒါန၊သမထ၊ ဝိပဿနာကျင့်နေသူဟာ မဟုတ်တာ မလုပ်လို့ သီလဝိသုဒ္ဓိဖြစ်နေတာ မဟုတ်ပါဘူး။ ဟုတ်တာ လုပ်လို့ သီလဝိသုဒ္ဓိဖြစ်နေတာပါ။
သီလဆိုတာ 'ရိုးသားဖြောင့်မတ်ခြင်း' နဲ့လည်းအလွန်စပ်ဆိုင်နေပါတယ်။ အဓိသီလဝိနည်းတော်ဟာ အင်မတန်များလို့ 'အရိယာတွေလည်း အာပတ်သင့်ကြပါတယ်'။ထူးခြားတာက အနိမ့်ဆုံးအဆင့် သောတာပန်တို့သည်ပင် 'အင်မတန်ရိုးသားသူများဖြစ်တယ်လို့ ရတနသုတ်မှာ မြတ်စွာဘုရား အာမခံတော်မူပါတယ်။ ဆိုလိုတာက အရိယာတို့ဟာ အာပတ်သင့်ရင်လည်း ဆင်ခြေမပေးပဲ အာပတ်ကို သိသိမသိသိ သင့်လို့က သင့်ပါတယ် အပြစ်ရှိပါတယ်လို့ ဝန်ခံကြပါတယ်။ ဆင်ခြေပေးပြီး မရိုးသားလို့က 'အလဇ္ဇီ' ဖြစ်ပါလိမ့်မယ်။ အလဇ္ဇီအယူကို မစွန့်မခြင်း သီလဝိသုဒ္ဓိဖြစ်ရိုး မရှိပါဘူး။ သီလဝိသုဒ္ဓိ သီလအထူးစင်ကြယ်ခြင်းဆိုတာဟာ သီလသုဒ္ဓိ သီလစင်ကြယ်လုံခြုံမှုထက် များစွာထူးခြားပါတယ်။
သီလဟာ လူသားဆန်မှု တာဝန်ယူတတ်မှု ဖြစ်တဲ့ မကောင်းမှုကိုရှက်ခြင်း ကြောက်ခြင်း 'ဟိရီ သြတ္တပ္ပ' နဲ့လည်း စပ်ဆိုင်နေပါတယ်။ မကောင်းမှုကိုရှောင်လိုမှု ဝိရတီစေတသိက်ဟာ သီလရဲ့  ပြယုဂ် တစ်ခုပါပဲ။
သန္တတိအမတ်ကြီးဟာ မူးနေရင်းနဲ့ တရားရကာ သောတာပန်ဖြစ်သွားလို့ သီလထက် ပညာကသာ အရေးကြီးတယ်၊ ကဿပဘုရားရှင်လက်ထက်က အနှစ်၂၀၀၀၀သီလလုံ တရားကျင့်လာတဲ့ ရဟန်းဟာ သေခါနီး ကုက္ကုစ္စကြောင့် နဂါးဖြစ်ရ၍ သီလဟာ မကယ်နိုင် အရေးမကြီး ပညာကသာ အရေးကြီးတယ်လို့ အဓမ္မဝါဒီ တွေ ဟောပြောလေ့ရှိပါတယ်။ သန္တတိအမတ်ဟာ ကချေသည်မလေး ရုပ်ပျက်ဆင်းပျက်သေတာ တွေ့ပြီးကတည်းကိုက ပြင်းထန်တဲ့ သံဝေဂဉာဏ်/ ကြောက်လန့်ခြင်းကြောင့် အရက်မူးပြေပြီးသားပါ။ ကာမဂုဏ်တွေကို လွှင့်ပစ်ကာ မြတ်စွာဘုရားဆီ အပြေးလာတာကတည်းကိုက သီလတွေရင့်ကျက်နေပါပြီ။ နဂါးဖြစ်သွားတဲ့ ရဟန်းတော်ကျတော့ သီလဟာ အချည်းအနှီးဖြစ်မသွားပါဘူး။ သံဝေဂယူစရာကောင်းတယ် ဆိုပေမဲ့ သီလရဲ့ အပြစ်မဟုတ်ပဲ ကိလေသာရဲ့ အပြစ်ပဲဖြစ်ပါတယ်။ သီလဖြင့်ပညာ ကို ဆေးကြောရသလို ပညာဖြင့်လည်း သီလကို ဆေးကြောမှရပါတယ်။
သီလဟာ ကောင်းပေမဲ့ သီလနဲ့တင်ကျေနပ်နေလို့မသင့်ပါဘူး။ သို့သော် ကျေနပ်နေလို့မရတဲ့ သီလကိုတောင် မလေးမစားဖြစ်နေတယ် ဆိုရင်တော့ အခြေမခိုင်တဲ့ အိမ်အိုကြီးလိုပဲ ဖြစ်ရပါလိမ့်မယ်။ 'ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ' ကို ဖြုတ်ဖို့က မြင့်လွန်းနေပါသေးတယ် (မြင့်ပေမဲ့လည်း ခွါရမှာပဲ) ။ ပဓါနိယင်္ဂတရား ၅-ပါးဟာ >>
၁) ယုံကြည် (ယုံကြည်လေးစားလို့ ဘယ်လောက် လိုက်နာလည်း? သရဏဂုံ အော်နေရုံနဲ့ သဒ္ဓါထူး မဖြစ်သေးပါဘူး)
၂) ကျန်းမာ (ကိုယ်ကျန်းမာရုံသာမဟုတ် မကောင်းမှု ကောင်းမှုကို ပိုင်ပိုင်ခွဲသိတတ်တဲ့ စိတ်ကျန်းမာဖို့ပါလိုသေးတယ်)
၃) ရိုးဖြောင့် (သီလဝိသုဒ္ဓိပေါ့)
၎) မှန်စွာကြိုးစား (တရားသိဖို့ ဘယ်လောက်ကြိုးစားလည်း။ သတိပဋ္ဌာန်အစစ် အသာထား အိပ်ချိန်မှအပ အရူးတွေ ခွေးတောင်သိတယ်လို့ဆိုတဲ့ သတိ အနဲဆုံးရှိအောင်ပေါ့။)
၅) နာမ်ရုပ်ကို ဖြစ်ပျက်သိ (ဒိဋ္ဌိကွာပေါ့။ ဒိဋ္ဌိဝိသုဒ္ဓိပေါ့ဗျာ။ ပြုတ်တာက သောတာပတ္တိမဂ်ကျမှ မုချပြုတ်မှာလေ)
ပဉ္စနိပါတ်အင်္ဂုတ္ထိုရ် ပဓါနိယင်္ဂသုတ် က နံပါတ် ၄ ဟာ ဤသို့ဖြစ်ပါတယ်။
>> အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့်ပြည့်စုံစေရန် ထက်သန်သော လုံ့လဝီရိယရှိသည်ဖြစ်၍ နေထိုင်၏။ (အလုပ်လုပ်နိုင်သော) အားနှင့်ပြည့်စုံ၏။ မြဲမြံသော လုံ့လဝီရိယရှိ၏။ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ'<<
မဟုတ်တာ မလုပ်ရုံနဲ့တော့ ဝိသုဒ္ဓိ မဖြစ်သေးဘူး ဟုတ်တာတွေလုပ်မှ ဝိသုဒ္ဓိဖြစ်လာမှာ အခြေခံကတော့ 'မဟုတ်တာကို မဟုတ်တာလို့ ပိုင်ပိုင်သိဖို့နဲ့ ဟုတ်တာကိုလည်း ဟုတ်တာ လို့ နားလည်ထားဖို့ပဲ' ။ သာသနာတွင်းသီလ သာသနာပသီလ ဆိုပြီး သီလ ၂ပါး မရှိပါဘူး။ လက်တွေ့မှာပေါ့။ဝရှိတာက 'မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဗုဒ္ဓရှင်တိုင်းမိန့်မြွက်မှာ ဟောတော်မူသည့်တရား' ဆိုတာပဲ။ ဆိုရရင်က သာသနာပသား 'ဘုရားအလောင်းတော်များရဲ့  သီလဟာ သဗ္ဗညုတဉာဏ်ကို ကျေးဇူးပြုတတ်တော့' ။ သာသနာဆိုတာကို အဆုံးအမလို့ ရိုးရှင်းပြန်ထားဖို့လည်း လိုမယ်။ ထမင်းစားတာဟာ သာသနာတွင်းအကျင့်တော့ မဟုတ်ပါဘူး။ သို့သော် သီလ ဆိုတာ ထမင်းစားရမှာကဲ့သို့ အရေးကြီးပါရဲ့ ။ သာသနာပမှာက သီလ ဆိုတဲ့ အခြေခံအုတ်မြစ် ၊ သမာဓိ / စိတ္တဝိသုဒ္ဓိ ဆိုတဲ့အခြေခံအုတ်မြစ် တွေတော့ ရှိပါရဲ့  ခက်နေတာက 'ဟုတ်တိုင်းမှန်စွာ သဘာဝသဘောတရား သမညသဘောတရားမသိတော့ >> ဒိဋ္ဌိဝိသုဒ္ဓိ ဆိုတဲ့ အတ္တာဝါဒုပါဒါန် ကို မလွန်မြောက်နိုင်ကြဘူး။ ပြောရ ရင်တော့ အဆင့်ဆင့်ကွာရမဲ့ ဒိဋ္ဌိဟာ ၃ပိုင်းရှိတယ်။ ၁ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ၂ သီလဗ္ဗတုပါဒါန် ၃အတ္တဝါဒုပါဒါန် ပေါ့။ ၁ဒိဋ္ဌုပါဒါန် ဆိုတာက ကမ္မဿကတာ သမ္မာဒိဋ္ဌိ ရဲ့ ဆန့်ကျင်ဘက်ပဲ။ ဒီကမ္မဿကတာသမ္မာဒိဋ္ဌိ ကိုမျှ မရှိပဲ တရားအားထုတ်/ကုသိုလ်ပြုလည်း ဉာဏသမ္ပယုတ်လို့ခေါ်တဲ့ ဘုရားအဆုံးအမသာသနာအတွင်းသို့ မရောက်ဘူး။ ဒိဋ္ဌုပါဒါန် မကွာရင် သီလဝိသုဒ္ဓိ လည်း မဖြစ်ဘူး။ အပြန်အလှန်အားဖြင့် သီလဝိသုဒ္ဓိဖြစ်မှ ဒိဋ္ဌုပါဒါန်ကွာတယ်။ သီလဗ္ဗတုပါဒါန်က စိတ္တာဝိသုဒ္ဓိ အဆင့်မှကွာတယ်။ သီလဗ္ဗတုပါဒါန်က အတ္တကိလမတ္ထာနုယောဂါ ဆန်ဆန် နဲ့ ပင်ပမ်းနာကျင် **မှသာလျှင်** မြတ်သော အကျင့်လို့ယူဆတာမျိုး။ ဒိဋ္ဌိဝိသုဒ္ဓိကတော့ အတ္တဝါဒုပါဒါန်ကွာမှပဲ ပြည့်စုံတော့တယ်။ တနည်းအားဖြင့် အတ္တာဝါဒုပါဒါန်ဟာ ဒိဋ္ဌိဝိသုဒ္ဓိ (နာမရူပပရိစ္ဆေဒ) ဖြစ်မှ ကွာတယ်။ ဒါပေမဲ့လည်း ဒိဋ္ဌိ ၃ပါးဟာ ကင်္ခါဝိတာရဏဝိသုဒ္ဓိ ပစ္စယပရိဂ္ဂဟဉာဏ်ဖြစ်မှပဲ ရှင်းရှင်းလင်းလင်းကွာရော။ ဒါက ဉာတပရိညာအရကွာတာကို ပြောတာ။ ကြားနာရတာကို ကြားသိ စာသိနားလည်ရုံနဲ့ တော့ ဉာဏပရိညာ မဖြစ်သေးပါဘူး။ နားလည်သည့်အတိုင်း ကျင့်ကြံစောင့်ကြည့်လို့ နာမ်သဘော ရုပ်သဘော ကိုပိုင်းခြားသိမှပဲ ဉာတပရိညာပြည့်ကရော။ ကင်္ခါဝိတရဏဝိသုဒ္ဓိအဆင့်ထိဟာ ဝိပဿနာ အစစ်ကြီး တီရဏပရပရိညာမဟုတ်သေးပါဘူး။ ပရမတ်တို့ကို ပိုင်းခြားသိ အကြောင်းအကျိုးကို ဘာဝနာသိနဲ့ နားလည်ပြီးလို့ သာမညလက္ခဏာရှု့ ပွား သိမြင်မှပဲ ပွားများမှုပရိညာ ဖြစ်တော့တယ်။
အင်း!! ပြောလက်စ စကားပြတ်သွားပြီ။
ဒီတော့ဗျာ
1) မိမိရည်မှန်းချက်
2) မိမိရည်မှန်းချက်ကို မိမိအကောင်အထည်ဖော်နေပုံ
3) မိမိအားသာချက် အားနည်းချက်
4) မိမိအလားအလာ
ကို မကွက်မဝှက် စဉ်းစားကြပါ ခင်ဗျား။
အဓိသီလ အဓိသမာဓိ အဓိပညာ သာသနာဟာ တရားအတုတွေကြောင့် တဖြည်းဖြည်းကွယ်ပလာသလို သက်တမ်းဟာ အနာဂတ်မှာပိုပိုတိုလာပြီး
'သူ့ကို ငါမသတ်က သူက ငါ့ကို/ငါ့မိသားစုကို/ငါတန်ဖိုးထားရတာကို သတ်ဖြတ်ဖျက်ဆီးမယ်' ဆိုတဲ့ တိရစ္ဆာန်လောကသာသာ အခြေအနေကို ရောက်ရပါလိမ့်မယ်ခင်ဗျား။ ဒါက ခန့်မှန်းချက်မဟုတ်ပါဘူး သုတ္တန်ပိဋက၊ ဒီဃနိကာယ်၊ ပါထိကဝဂ်၊ စက္ကဝတ္တိသုတ် မှာ ဘုရားရှင်ဟောတော်မူထားတာပါ ခင်ဗျား။ သြော် 'တရားအတု' ဆိုတာ စစ်မှန်သောတရားနဲ့ တော်တော့ကို တူလွန်းလို့သာ အတုလုပ်နိုင်တာပါ ခင်ဗျား။
''ဧဝမေဝ ခေါ, အာဝုသော, သီလဝိသုဒ္ဓိ ယာဝဒေဝ စိတ္တဝိသုဒ္ဓတ္ထာ, စိတ္တဝိသုဒ္ဓိ ယာဝဒေဝ ဒိဋ္ဌိဝိသုဒ္ဓတ္ထာ, ဒိဋ္ဌိဝိသုဒ္ဓိ ယာဝဒေဝ ကင်္ခါဝိတရဏဝိသုဒ္ဓတ္ထာ, ကင်္ခါဝိတရဏဝိသုဒ္ဓိ ယာဝဒေဝ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓတ္ထာ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ယာဝဒေဝ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓတ္ထာ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ယာဝဒေဝ ဉာဏဒဿနဝိသုဒ္ဓတ္ထာ, ဉာဏဒဿနဝိသုဒ္ဓိ ယာဝဒေဝ အနုပါဒါပရိနိဗ္ဗာနတ္ထာ။ အနုပါဒါပရိနိဗ္ဗာနတ္ထံ ခေါ, အာဝုသော, ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတီ’’တိ။
ဒါကတော့ Photo ရဲ့ ပါဠိမူပါဗျာ။ မူလပဏ္ဏာသပါဠိတော် ရထဝိနီတသုတ်ကပါ။ အနုပါဒါပရိနိဗ္ဗာန + အတ္ထ(အကျိုး) = အနုပါဒါပရိနိဗ္ဗာနတ္ထံ ဝဋ်သုံးပါးမှ အကြွင်းမဲ့လွတ်မြောက်ခြင်းအကျိုး ၊ ဥပဓိလေးပါး အကြွင်းမဲ့ချုပ်ငြိမ်းခြင်းအကျိုး။

No comments:

Post a Comment