Thursday, July 23, 2015

စိတ်၏စွမ်းအင်

စိတ်၏စွမ်းအင်
==========
လောကမှာ ပုဂ္ဂိုလ်သတ္တ၀ါအားလုံးတို့ဟာ စိတ်ရဲ့အလိုကို
လိုက်နေကြရပါတယ်။ စိတ်ဟာအင်မတန် အစွမ်းထက်တဲ့
တရားတစ်ခုပါ။ စိတ်တရားက နှိမ့်ချလိုက်မယ်ဆိုရင် အပါယ်
လေးဘုံကိုလည်း ရောက်နိုင်တယ်။ စိတ်တရားကမြှင့်တင်
လိုက်မယ်ဆိုရင် လူ့ရွာ နတ်ပြည် ဗြဟ္မာ့ပြည်ကိုလည်း
ရောက်နိုင်တယ်။ နောက်ဆုံးစိတ်ဓါတ်ကို မြင့်မားအောင်
လုပ်ပြီးစိတ်ရဲ့စွမ်းအင်ကြောင့်ပဲ နိဗ္ဗာန်သာခေါင်ဘေးမဲ့
သောင်ထိအောင်လည်း ရောက်နိုင်ပါတယ်။ ဒီတော့
လောကကြီးကို ဖန်တီးနိုင်သူဟာ စိတ်တရားပါပဲ။
ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ ဘယ်သူရဲ့အလိုကိုလိုက်နေကြ
သလဲဆိုရင် စိတ်ရဲ့အလိုကိုလိုက်နေကြပါတယ်။
ကကုသန်ဘုရားရှင်လက်ထက်တော်အခါက အမျိုးသမီး
လေးတစ်ယောက်ဟာ အဲဒီဘ၀ကနေသေသွားတဲ့အခါ
ကြက်မလေးသွားဖြစ်ရပါတယ်။ ကြက်မလေးဖြစ်တဲ့
အခါ ရဟန်းတော်များနေတဲ့ ကျောင်းနားမှာအစာစား
နေရင်း သိန်းစွန်ကြီးတစ်ကောင်ရောက်လာကာကုတ်
ချီပြီး စားသောက်ပစ်လိုက်ပါတယ်။ အဲဒီအချိန်မှာကြက်မ
လေးဟာ ရဟန်းတော်များ စာကျက်နေကြတဲ့ တရားသံ
ကို အာရုံပြုပြီးသေရတာဖြစ်သည့်အတွက် လူ့ပြည်မှာလာ
ပြီး ဥဗ္ဗရီဆိုတဲ့ အမည်နာမနဲ့မင်းသမီးလေးဖြစ်တဲ့အချိန်
သူဟာ ဘိက္ခူနီမသာသနာဝင်ပြီး ဘိက္ခူနီမ၀တ်နေရင်း
တစ်နေ့မှာ အိမ်သာတက်တော့ အိမ်သာထဲက ပိုးလောက်
တွေကို မြင်တဲ့အခါ ပုဠူဝကကမ္မဋ္ဌာန်းကို စီးဖျန်းခဲ့တာ
ကြောင့် အဲဒီဘ၀က သေတဲ့အခါမှာ ပထမဈာန်ဗြဟ္မာ့ဘုံ
ကို ရောက်ရပါတယ်။
ဗြဟ္မာ့ပြည်မှ စုတိစိတ်ကျတဲ့အခါ လူ့ပြည်မှာပြန်ပြီး သူဌေး
သမီးဖြစ်ရပါတယ်။ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့ သူဌေး
သမီးဖြစ်တဲ့အခါမှာ ပစ္စည်းအရှိန်အ၀ါ အသိုင်းအ၀ိုင်းအရှိန်
အ၀ါတွေကြောင့် မာနထောင် ဘ၀င်မြင့်ပြီး ရိုသေရမယ့်
သူတွေကို မရိုသေ၊ လေးစားရမယ့်သူတွေကို မလေးစား
မောက်တာတဲ့ မာန်မာနတွေနဲ့ ဒါန သီလ ဘာဝနာအလုပ်
တွေကိုလည်း မလုပ်ဘဲ သေတဲ့အခါမှာတော့ တိရစ္ဆာန်
ဘုံမှာ ၀က်မကလေးသွားဖြစ်ရပါတယ်။ ဒီဇာတ်လမ်းကို
ကြည့်မယ်ဆိုရင် ပထမ သူဟာ လူ့ဘ၀ရခဲ့တယ်။
အဲဒီနောက် ဒုတိယဘ၀မှာ ကြက်မလေးဖြစ်ရတယ်။
ထိုကဲ့သို့ ကြက်မလေးဖြစ်ရအောင် ပို့ဆောင်ပေးတာ
လည်း စိတ်ကြောင့်သာပဲဖြစ်ပါတယ်။ ကြက်မလေးဟာ
ရဟန်းတော်များ ရွတ်အံနေတဲ့ စာကျက်သံကို တရား
အမှတ်ဖြင့်နှလုံးသွင်းနေတဲ့အတွက်ကြောင့် လူ့ပြည်မှာ
ဥဗ္ဗရီမင်းသမီးဆိုပြီး အဆင့်အတန်းမြင့်မြင့်နေရတာ
လည်း စိတ်ကြောင့်သာပဲဖြစ်ပါတယ်။
ထိုဘ၀ကနေ ဗြဟ္မာ့ပြည်ရောက်။ ဗြဟ္မာ့ပြည်ကနေ
လူ့ပြည်ရောက် လူ့ပြည်ကနေ၀က်မလေးဖြစ် အဲဒီလို
ဘ၀တွေနိမ့်လိုက်မြင့်လိုက်ဖြစ်ရတာဟာလည်း စိတ်ရဲ့
စွမ်းအင်ကြောင့်ပင်ဖြစ်ပါတယ်။ လောကလူသားတွေ
ကမ္ဘာကြီးကို ချုပ်ကိုင်နိုင်တာလည်း စိတ်ကြောင့်သာပဲ
ဖြစ်ပါတယ်။ ဒီနေရာမှာ တိရစ္ဆာန်နှင့်လူသားများစိတ်
ရဲ့စွမ်းအင်ချင်းတူမတူကို အနည်းငယ်ရှင်းပြလိုပါတယ်။
တိရစ္ဆာန်များမှာဖြစ်နိုင်တဲ့စိတ်ဟာ ၃၇ ပါးသာဖြစ်ပါ
တယ်။ လူသားများမှာတော့ အဆင့်မြင့်ရင်မြင့်သလို
စိတ်တွေများစွာ ဖြစ်နိုင်ပါတယ်။ ဒါဟာစိတ်ရဲ့စွမ်းအင်
သဘောပါ။
စိတ်ဆိုတာ ပင်ကိုယ်စွမ်းအင်သဘောတော့ ပဘဿရ
မိဒံဘိက္ခဝေ စိတ္တံ ဟူသော တရားတော်အရဖြူစင်တဲ့
သဘောရှိပါတယ်။ သို့သော် ကိလေသာတရားတွေနဲ့
ရောနှောလာမယ်ဆိုရင်တော့ မကောင်းတဲ့စိတ်တွေ
ဖြစ်လာနိုင်တယ်။ စိတ်၌မှီတွယ် စိတ်ကိုချယ် မှတ်ဖွယ်
စေတသိက် ဆိုတဲ့အတိုင်း မကောင်းတဲ့အကုသိုလ်
စေတသိက်တွေ အမှီခံနေရပြီဆိုရင် စိတ်ဟာမဖြူစင်
တော့ဘူး။ မည်းညစ်သွားပြီ။ တစ်ဖန် သဒ္ဓါ သီလစတဲ့
ကောင်းတဲ့ စေတသိက်တွေ မှီတွယ်ရောနှောလာပြီ
ဆိုရင် ကောင်းတဲ့စိတ်တွေဖြစ်လာပါတယ်။ စေတသိက်
ဆိုတာဟာ စိတ်ကိုမှီပြီးဖြစ်ရပါတယ်။ သူကစိတ်ကိုလည်း
မှီသေးတယ်။ နောက်ပြီးစိတ်ကိုလည်း ပုံစံအမျိုးမျိုးပြောင်း
အောင် လုပ်ပေးတတ်တဲ့ သဘောရှိပါတယ်။ စေတသိက်
ဟာ သရုပ်အနေနဲ့ပြောရင် (၅၂)ပါးရှိပါတယ်။
အဲဒီစေတသိက်အားလုံးဟာ စိတ်ကိုပဲမှီရတယ်။ မှီရုံတင်
မဟုတ် အမျိုးမျိုးပြောင်းလဲအောင်လည်း ချယ်လှယ်
တတ်တယ်။ သဒ္ဓါ ၀ီရိယ ပညာစတဲ့ ကောင်းတဲ့တရား
တွေက ချယ်လှယ်လိုက်မယ်ဆိုရင် လူ့ပြည် နတ်ပြည်
ဗြဟ္မာ့ပြည်တိုင်အောင် ရောက်နိုင်ပါတယ်။ လောဘ
ဒေါသ မောဟ ထိနမိဒ္ဓ စတဲ့တရားတွေက ချယ်လှယ်
လိုက်မယ်ဆိုရင်တော့ အပါယ်လေးဘုံ ရောက်သွားနိုင်
ပါတယ်။
လောကဥပမာအားဖြင့် ဘာနဲ့တူသလဲဆိုရင် မိုးရေဟာ
ပင်ကိုသဘာဝအားဖြင့် သန့်ရှင်းကြည်လင်အေးမြတဲ့
သဘောရှိတယ်။ ထိုကဲ့သို့ကြည်လင်နေတဲ့မိုးရေထဲကို
ဆေးအပြာရောင်တွေ ရောလိုက်ရင် အပြာရောင်ထွက်
လာတယ်။ အ၀ါရောင်ရောလိုက်ရင် အ၀ါရောင်ထွက်လာ
တယ်။ အနီရောင်ရောလိုက်ရင် အနီရောင်ထွက်လာမယ်။
အဲဒီလို ရေကြည်မှာ ဆေးရောင်အမျိုးမျိုး ခြယ်လှယ်လိုက်
တဲ့အခါ အရောင်အမျိုးမျိုးပြောင်းသလိုစိတ်ကိုလည်း
စေတသိက်တွေက ခြယ်လှယ်လိုက်တဲ့အတွက် စိတ်ဟာ
ကောင်းစိတ် မကောင်းစိတ် အရောင်အမျိုးမျိုးပြောင်း
တယ်လို့ မှတ်ရမယ်။
ပါပသ္မိံ ရမတိ မနော ဆိုတဲ့အတိုင်းစိတ်ဟာ မကောင်းတဲ့
ဘက်မှာ ပိုပြီး အပျော်များတတ်ပါတယ်။ အမှတ်တမဲ့နေ
လိုက်မယ်ဆိုရင် မကောင်းမှုအကုသိုလ်တရားတွေက
အလိုလိုဝင်လာတတ်ပါတယ်။ ကောင်းတဲ့ဘက်ကျတော့
သတိထားမှ ရတတ်ပါတယ်။ ဒီတော့ ကောင်းတဲ့စိတ်
အဖြစ်များချင်တယ်ဆိုရင် သတိတရားလက်ကိုင်ထားဖို့
လိုပါတယ်။ စကားအပေါင်းကိုချုပ်တာ ကတိ၊ တရား
အပေါင်းကိုချုပ်တာ သတိဆိုတဲ့အတိုင်း ပုဂ္ဂိုလ်တစ်ဦး
တစ်ယောက်က ကတိတည်မှ လူအများကအထင်ကြီး
လေးစားသလို ထို့အတူပဲ သတိတရားလက်ကိုင်ထား
မှသာ ကောင်းတဲ့စိတ်က အမျိုးမျိုးလာနိုင်ပါတယ်။
ဒါ့ဖြင့် နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်များ သုဂတိဘုံဘဝ
ရောက်ချင်တဲ့ ပုဂ္ဂိုလ်များဟာ သတိတရားကိုလက်ကိုင်
ထားရမယ်။ သတိနဲ့စိတ်ကို ထိန်းရမယ်။
စိတ်ဆိုတာ အင်မတန်လျင်မြန်တဲ့ သဘောတရားတစ်ခုပါ။
နှစ်သက်ရာ အာရုံဆီကို အမြဲတမ်းစွဲဆောင်တတ်ပါတယ်။
ကျရောက်တတ်ပါတယ်။ ဤကဲ့သို့လျင်မြန်တဲ့စိတ်ကို
နိုင်အောင် ထိန်းချင်ကြပါတယ်ဆိုရင် စိတ္တာနုပဿနာ
သတိပဋ္ဌာန်တရားကို ရှုကြရမယ်။ ကိုယ့်သန္တာန်မှာ
အဖန်ဖန်ပေါ်နေတဲ့ စိတ်တရားတွေကို ရှုမှတ်နေတာ
စိတ္တာနုပဿနာလို့ ခေါ်ပါတယ်။
အာရမ္မဏံ စိန္တေတီတိ စိတ္တံ ၀ိဇာနာတိ အတ္ထော ဒေသနာ
တော်အရ အာရုံတွေကို သိတတ်လို့ စိတ်ဟု ခေါ်ပါတယ်။
၎င်းစိတ်ဟာ အကျဉ်းအားဖြင့်တော့ မြင်စိတ် ကြားစိတ်
နံစိတ် စားစိတ် ယားနာကောင်းစိတ် တွေးတောကြံစည်
စိတ်ရယ်လို့ ခြောက်မျိုးရှိပါတယ်။ ၄င်းစိတ်တို့ရဲ့ဖြစ်ရာ
ဌာနမှာလည်း မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုပြီး
ခြောက်ဌာနရှိပါတယ်။
စိတ်ကိုရှုတဲ့အခါ ရှု့ချင်တိုင်းရှု့လို့မရပါဘူး။ မြင်တဲ့နေရာ
ဖြစ်တဲ့နေရာမှာသာ ရှုရမယ်။ အာရုံနောက်ကိုလည်း
လိုက်ပြီးတော့ မရှုရဘူး။ ပြလာတဲ့ ပေါ်လာတဲ့စိတ်ကိုသာ
ရှုရမယ်။ ရှုတဲ့အခါမှာလည်း ပညတ်ခွါပြီး ပရမတ်ဓါတ်သား
လေးတွေရဲ့ ဖြစ်မှုပျက်မှုကိုမြင်အောင်ကြည့်ရတယ်။
သတ္တ၀ါတို့သန္တာန်မှာ အမြဲတမ်းအဖြစ်များတာသည်
အိမ်သည်စိတ်လို့ခေါ်တဲ့ လေကိုထုတ်တဲ့စိတ် လေကို
သွင်းတဲ့စိတ်ပါပဲ။ ဒီစိတ်နှစ်ခုဟာ မပေါ်တဲ့အချိန်ရယ်
လို့မရှိပါဘူး။ တစ်ခုပြီးတစ်ခုအမြဲတမ်းပေါ်နေပါတယ်။
စိတ်ကိုနိုင်အောင်ထိန်းတဲ့နေရာမှာ ဒီအိမ်သည်စိတ်ကို
အဓိကထားပြီး ထိန်းရမယ်။
ထိန်းပုံထိန်းနည်း ရှုပုံရှုနည်းပြောပါဆိုရင် လေကိုထုတ်သော
စိတ် လေကိုသွင်းသောစိတ်လို့ခေါ်တဲ့ အိမ်သည်စိတ်ဟာ
ဘယ်ကလာသလဲဆိုတာ စုံစမ်းကြည့်တော့ မနောကလာ
တာပါ။ မနောကနေပထမထုတ်ချင်တဲ့စိတ်ကလေးပေါ်လာ
ပါတယ်။ ပေါ်လာပြီးအောင့်ထားလို့ မရဘူး။ အောင့်ထား
ရင် သေသွားလိမ့်မယ်။ တစ်ခါ ရှုသွင်းချင်တဲ့စိတ်ကလေး
ပေါ်လာမယ်။ ဒီရှုစိတ်ဟာလည်း ရှုပြီးအောင့်ထားလို့မရ
ဘူး ရှိုက်ထုတ်ချင်တဲ့စိတ် ဖြစ်လာတယ်။
စိတ်တို့မည်သည်မှာ ဒွိန္နံ စိတ္တာနံ ဧကက္ခဏ ပ၀တ္တိနာမ
နတ္ထိ ဆိုတဲ့အတိုင်း တစ်ပြိုင်နက်တည်းမှာ နှစ်ခုပြိုင်ပြီး
ဖြစ်ရိုးထုံစံ မရှိပါဘူး။ တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်ရပါတယ်။
လေကို ရှုသွင်းနေတဲ့အချိန်မှာ ထုတ်တဲ့စိတ်လာလို့မရပါ
ဘူး။ ရှုသွင်းတဲ့စိတ် ချုပ်ပြီးမှ ထုတ်တဲ့စိတ်ထုတ်လို့ရပါ
တယ်။ ထုတ်စိတ်ထုတ်နေတဲ့အချိန်မှာလည်း ရှုစိတ်ပေါ်
လို့ မရပါဘူး။ ထုတ်စိတ်ကလေးချုပ်ပြီးမှ ရှုစိတ်ကလေး
ပေါ်လို့ရပါတယ်။ ဒါကြောင့် အသက်ရှင်ဆဲအခိုက်အတန့်
လေးမှာ နှစ်စိတ်နဲ့အသက်ရှင်လို့မရပါဘူး။ တစ်စိတ်တည်း
နဲ့ပဲ အသက်ရှင်ခြင်းဖြစ်ပါတယ်။ အိမ်သည်စိတ်ကိုရှုမှတ်
တဲ့အခါမှာ ဘယ်လိုရှုမှတ်ရမလဲဆိုရင် ပေါ်တဲ့နေရာဖြစ်တဲ့
နေရာမှာ ရှုမှတ်ရမှာ ဖြစ်တဲ့အတွက် မနေမှာပေါ်သော
ကြောင့် မနောမှာဉာဏ်စိုက်ကြည့်ရပါမယ်။
ဘယ်နေရာမှာ အာရုံမှန်းပြီးကြည့်ရမှာလဲဆိုရင် ရင်နှစ်ခု
တို့၏ အကြား နှလုံးသားရှိတဲ့ နေရာကို အာရုံမှန်းပြီး
ကြည့်ရပါမယ်။ ရှုပုံက ထုတ်ချင်တဲ့စိတ်ကလေးဖြစ်သွား
ပြီဆိုရင် ဖြစ်သွားပြီလို့သိလိုက်။ ရှုသွင်းချင်တဲ့စိတ်ဖြစ်
လာရင်လည်း ဖြစ်လာပြီလို့သိလိုက်။ သိလိုက်တဲ့အချိန်
မှာ ထုတ်ချင်တဲ့စိတ်က ဖြစ်ပြီးတော့ပျက်သွားပြီ။
သွင်းချင်တဲ့စိတ်လည်း ဖြစ်ပြီးတော့ပျက်သွားပြီလို့
နောက်က ဉာဏ်နဲ့သိနေတဲ့အတွက် ကိလေသာကြားမခို
တော့ပါ။ စိတ်ကိုနိုင်အောင်ထိန်းနိုင်ပြီလို့ ခေါ်ထိုက်ပါ
တယ်။
အဲဒီလို စိတ်ကိုနိုင်အောင်ထိန်းနိုင်တဲ့သူဟာ သတိပညာ
တို့ဖြင့် ဆက်လက်ရှုမှတ်သွားကြမည်ဆိုပါက စိတ်ရဲ့စွမ်းအင်
တွေမြင့်မားပြီး နိဗ္ဗာန်တိုင်အောင် ရောက်နိုင်ပါတယ်ဆိုတဲ့
အကြောင်း တင်ပြရင်း
ဝေလင်း(ဧရာဝတီ)
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း
၂၀၁၄ခုနှစ်၊ ဧပြီလ။
လွင်အောင် မျိုး's photo.

No comments:

Post a Comment