တရားသဖြင့် နေထိုင်သူ
အထက်မြန်မာပြည်က မြို့တစ်မြို့မှာ သက်တော်၉၄နှစ်ရှိပြီ ဆိုတဲ့ ဆရာတော်ကြီးတစ်ပါးကို ဖူးမြော်ကန်တော့ခွင့် ရလိုက်ပါတယ်။ ဆရာတော်ကြီးက သက်တော်နဲ့ မမျှလောက်အောင်ကို သွားလာလှုပ်ရှား နိုင်တုန်းပါပဲ။ မျက်စိတို့၊ နားတို့၊ သွားတို့ ကလည်း သုံးလို့ရဆဲ ဖြစ်ပါတယ်။ အတူပါလာတဲ့ တပည့် များက အကျိုးအကြောင်း လျှောက်ထား မိတ်ဆက် ပေးပြီးတော့ အားလုံးကန်တော့ကြပါတယ်။ ကန်တော့ကျိုး ပေးပြီးတဲ့ အခါ ဩဝါဒစကားလေး ချီးမြှင့်ပေးဖို့ လျှောက်ထားတော့ " ဘာမှ အထွေအထူး ဩဝါဒပေးစရာရယ်လို့ မရှိပါဘူး။ ရဟန်းဆိုရင် ရဟန်း နဲ့တူအောင်နေ၊ လူဆိုရင် လူနဲ့တူအောင်နေ၊ ဒါပဲ အရေးကြီးဆုံး မို့လား။ အဲဒီလိုနေကြ ရုံပေါ့"လို့ မိန့်ကြား ပြီး တခြား စပ်မိစပ်ရာ မေးမြန်း ပြောဆိုနေကြပါတယ်။
ဆရာတော်ကြီးက မျက်နှာတော် ကြည်လင်အေးဆေးသလို အသံလည်း အေးအေး၊ စကားလည်း အေးအေးပါပဲ။ တော်တော်လေး စကားစပ်မိပြီးလို့ တရင်းတနှီးလို ဖြစ်လာတဲ့အခါ မိမိက
" ဆရာတော်ဘုရား၊ တပည့်တော် ဆရာတော်ကြီးကို ဖူးမြင်လိုက် ရတဲ့ အချိန်မှာပဲ ဆရာရင်းတစ်ပါးကို တွေ့လိုက်ရသလို ကြည်နူး စိတ်၊ ကြည်ညို စိတ် ဖြစ်လာပါတယ်ဘုရား။ ဆရာတော်နဲ့ ဖူးတွေ့ရ တဲ့ တခြားဆရာတော်၊ သံဃာတော်တွေနဲ့ ဒကာ ဒကာမတွေကလည်း တပည့်တော်ပြောသလိုပဲ ပြောကြတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်တို့ နည်းယူလိုက်နာ ရအောင် ဆရာတော် အမြဲနှလုံး သွင်းတဲ့တရားနဲ့ ဆရာတော် ကျင့်သုံးနေတဲ့ စရဏလေးများကို တပည့်တော်တို့ သိခွင့်ပြုပေးပါဘုရား"လို့ လျှောက်ထား တော့ ဆရာတော်ကြီးက ခဏလောက်စဉ်းစားနေပါတယ်။
" မောင်ပဉ္စင်း သိချင်သပဆိုရင်လည်း ကိုယ် နှလုံးသွင်း ကျင့်သုံးနေ တာလေးတော့ ပြောပြနိုင်ပါတယ်။ အထွေ အထူးတော့ မဟုတ်လှပါဘူး။ ဘုန်းကြီးတို့ ဆရာသမား ဆုံးမ ခဲ့တဲ့ စကားသုံးခွန်း ရှိတယ်။ အဲဒီအတိုင်း တတ်နိုင်သမျှ လိုက်နာကျင့်သုံးနေတာပါပဲ။ ဘုန်းကြီးတို့ စာသင်တိုက် သွားခါနီးတော့ ဆရာသမားက ဘာမှာသလဲ ဆိုတော့
"ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနဲ့။
ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။
ကိုယ်ပေးထားတဲ့အတိုင်း ကိုယ်ပြန်ရလိမ့်မယ်"တဲ့။
သတ္တဝါဆိုတာ လူတွေမဆိုထားနဲ့ တိရစ္ဆာန် တောင်မှ ဆဲရေး တိုင်းထွာ တဲ့ စကား၊ ကြမ်းတမ်းတဲ့ စကားကို မကြိုက်လို့ မြတ်စွာဘုရားရှင် ဟောထား တာလည်း ရှိတယ်လေ။ နန္ဒိဝိသာလဇာတ်၊ အကျိုးမဲ့အောင် လိမ်ညာတာတို့၊ အချင်းချင်း စိတ်ဝမ်းကွဲ အောင် ကုန်းတိုက်တာတို့လည်း အတူတူပဲပေါ့။ ကိုယ်မကြိုက် တာတွေ သူများကို လုံးဝ မပေးမိအောင် စောင့်စည်းပြီးတော့ နေရ မှာပေါ့။
ဘယ်သူမဆို ကိုယ်ရောက်တဲ့နေရာမှာ မျက်နှာကြည်သာ တာ၊ ဖော်ဖော် ရွေရွေ နှုတ်ဆက်ကြိုဆိုတာကို တွေ့ရရင် ဝမ်းသာကျေနပ် ကြတာပဲမို့လား။ ကိုယ့်ဆီရောက်လာတဲ့ ဧည့်သည်ကိုလည်း ကိုယ်က အဲဒါမျိုးတွေ ပေးရမှာ ပေါ့။ အဲဒီနေရာမှာ စကားစပ်လို့ သတိပေးရဦးမယ်။ ခရီးဝေးက ရောက်လာ တဲ့ ဧည့်သည်မျိုးကြတော့ နှုတ်ဆက်စကားပြောတာလောက်ပဲလုပ်၊ စကား ကြောတွေ သိပ်ပြီးရှည်မနေနဲ့ဦး။ ခရီးရောက်မဆိုက်မှာ အရင်ဆုံး လိုအပ် တာက ရေသောက်စရာတို့၊ အပေါ့အလေးသွားစရာတို့၊ ခြေဆန့်လက်ဆန့် နားနေချင်တာတို့ကလည်း လူတိုင်းလိုချင်တဲ့ အရာပဲ။ အဲဒါတွေကို အရင် ပေးရတယ်။
စကားအရာနဲ့ ပတ်သက်လို့ မြတ်စွာဘုရားကို ဆန့်ကျင်ဘက် ပုဏ္ဏား တွေကတောင် ချီးကျူးရတဲ့အချက်တွေ ရှိတယ်လေ။ အဲဒါတွေလည်း အတုယူစရာတွေပေါ့။
ဧဟိသွာဂတဝါဒီ = ကောင်းသောလာခြင်းပါလို့ ပြောဆိုလေ့ ရှိတယ်။
သုခိလော = ချိုသာအေးကြည် ပြောဆိုတတ်တယ်။
သမ္မောဒကော = နွမ်းသူကိုလန်း၊ ပန်းသူကိုပြေစေ လောက်အောင် ခရီးကြိုစကား ပြောဆိုတတ်တယ်။
အဗ္ဘာကုဋိကော = မျက်စောင်းမထိုး၊မကျိုး မျက်မှောင်
ဖြောင့်ဖြောင့် ချစ်ကြည် ကြည့်ရှု လေ့ရှိတယ်။
ဥတ္တာနမုခေါ = ပြောဆိုဆက်ဆံရ လွယ်ကူတယ်။
ပုဗ္ဗဘာသီ = ပြောဆိုသင့်တဲ့ စကားကို ဘုရားရှင်ကပဲပြောတယ်လို့ ဆိုသမို့လား။
( ဒီ ၁ ပါ ၁၀၉၊ ဋ္ဌ ၂၅၆ )
ဒီနောက်ဆုံးအချက်က အရေးကြီးတယ်နော်၊ အဇာတသတ် မင်းကြီး ဘုရားရှင်ထံ ပထမဆုံး ရောက်လာတုန်းက သူ့အပြစ်သူ လိပ်ပြာမလုံလို့ စကားမပြောဝံ့ဘူးလေ။ ဘုရားရှင်က စပြီး နှုတ်ခွန်း ဆက်လိုက်တော့မှ မေးရဲလျှောက်ရဲဖြစ်ပြီး ရဟန်းပြုခြင်းရဲ့ မျက် မှောက်အကျိုးတွေကို လျှောက်ထားလို့ သာမညဖလသုတ်ကြီး ဖြစ်ပေါ်လာ တာမဟုတ်လား။ ဒါတွေဟာ ပြောဆိုဆက်ဆံရေးမှာ ကိုယ်ကြိုက်တဲ့ အရာတွေပဲ။ အဲဒါတွေကို ကိုယ်က သူများကို အကုန်ပေးရမယ်။
ကာယကံနဲ့ ပတ်သက်ရင်လည်း ဒီအတိုင်းပဲပေါ့။ မြတ်စွာဘုရား ဟောတော်မူတဲ့ " အတ္တာနံ ဥပမံ ကတွာ၊ နဟေနယ် နဃာတ်ယ် " ဆိုတဲ့ အတိုင်း အရှင်မဟာရဋ္ဌသာရကတောင် လင်္ကာလေး စပ်ထား တာရှိတယ်။ " ကိုယ်နှင့်လည်း စာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အ သက်ကို ချစ်ပါစေ " ဆိုသလို ပြုလုပ်ရမှာပေါ့။
မနောကံနှင့်ပတ်သက်လို့လည်း ကိုယ်ချင်းစာစိတ်ထားရမှာပါပဲ။ ဘယ်သူမဆို အစာဝချင်တယ်၊ အနာကင်းချင်တယ်၊ ဘေးအန္တရာယ် ကင်းရှင်းချင်ကြတယ်မို့လား။ အဲဒီတော့ " သတ္တဝါအားလုံး ဘဝနာ ကင်း ဘယာရှင်းကြပါစေ "ဆိုတဲ့ မေတ္တာစိတ်အမြဲပွားပေးပေါ့။ ဒါကတော့ ကိုယ့်ဆရာ သမား ဆုံးမခဲ့တာကို ကိုယ်သဘောပေါက် သလောက် အဓိပ္ပါယ်ကောက်ယူတာပေါ့။ အဲဒီအတိုင်း တတ်နိုင်သ လောက် လိုက်နာကျင့်သုံးတာပါပဲ။
အဲ စောစောက ဟိုကောင်လေးတွေ ပြောသလို တွေ့ကြ မြင်ကြ သူတွေရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာကြတယ် ဆိုတာဟာ ဟုတ်တယ် ဆိုရင် ပေါ့လေ ( သူ့ မြေးတပည့်နှစ်ပါးဘက်ကို မယုံကြည်သလိုနဲ့ ပြုံးပြီး ကြည့် လိုက်သေးတယ် ) အဲဒါလည်း ကိုယ်ပေးထားတဲ့အတိုင်း ကိုယ်ပြန်ရတယ် လို့ပဲ ဆိုရမှာပေါ့။ အဲဒါပါပဲ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး "လို့ မိန့်ကြားတော်မူပါတယ်။
ဒါတွေဟာ ဆရာတော်ကြီးအနေနဲ့ အထွေအထူး မဟုတ်ဘူး ဆိုပေမယ့် မိမိတို့အတွက်တော့ မထူးပဲ " ထွေ " နေကြ တုန်းပါ။
ကိုယ် လုံးဝ မလိုချင်ပေမယ့် သူများကိုကျတော့ အလျှံ့ အပယ် ပေးမိ ကြတာတွေ။ ကိုယ်အတွက်တော့ အလျှံ့အပယ် ရချင်ပေမယ့် သူများကို တော့ လုံးဝမပေးမိတာတွေ။ တွေးကြည့်လိုက်ရင်တော့ ကိုယ်ပေးထား တဲ့အတိုင်း ကိုယ်ပြန်ရလာမယ့် အလှည့်မှာ " ကောက်ရိုးပုံကြီးကို တနေ ကုန်ဖြဲရှာမှ ဆန်တစ်စေ့ပဲ အနိုင်နိုင်ရတယ် " ဆိုတာမျိုးတောင် ဟုတ်မှ ဟုတ်ပါ့မလား။
တောရဆရာတော်ကြီးနည်းတူ တခြား ဆရာတော်တစ်ပါးကလည်း မိန့်ကြားဖူးပါတယ်။
" ကိုယ်တွေ့ကြုံ ခံစားရတဲ့အခါ ဒါကတော့ သက်သက် မတရားတာဘဲ၊ ကျေကို မကျေနပ်ဘူး ဆိုတာမျိုးကို သူများ လုံးဝမပေးမိအောင် နေပါ။ အဲဒါဆို မတရားမှုကင်းပြီး အသက်ရှင်နေထိုင်သူ ဖြစ်မယ်။
ကိုယ်တွေ့ကြုံခံစားရတဲ့အခါ ဒါမျိုးကတော့ တရားတယ်၊ မျှတတယ်၊ ဝမ်းသာကျေနပ်စရာ ကောင်းတယ် ဆိုတာမျိုး သူများကို ပေးနိုင်သလောက် ပေးပါ။ ဒါဆိုရင် လောကမှာ တရားသဖြင့် အသက်ရှင်နေထိုင်သူ ဖြစ်ပြီ " တဲ့။
မြတ်ဗုဒ္ဓအလိုတော်အရ သတ္တဝါတိုင်းမှာ တူညီတဲ့ အခြေ ခံအခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။ ပြုလုပ်ပိုင်ခွင့်နှင့် ခံစားခွင့် ( ကံနှင့် ကံ၏အကျိုး ) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားပိုင်ခွင့် ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။ ခံစားချိန်ရောက်မှ ငြင်းပယ်ခွင့် မရှိဘူး။ ပြုလုပ်ခွင့်ကို ကောင်းကောင်းမွန်မွန် အသုံးချသူဟာ ခံစားခွင့် ကောင်း ကောင်း မွန်မွန် ရရှိမယ်။ တောင့်တနေစရာ မလိုဘူး။ ဒါဟာ ကမ္မသကတလမ်းစဉ်မှန်ပဲ ဖြစ်ပါတယ်။
သတိထား အသိပွားနိုင်ကြပါစေ။
တရားသဖြင့် အသက်ရှင်နေထိုင်သူများ ဖြစ်စေသော်။

အောင်ပွဲဆင်မယ့် ခြေလှမ်းများ နှင့် မထေရ်မြတ်တို့စကား ဝိုင်း ၅
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း )
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း )
No comments:
Post a Comment