ဒါန သီလ သမထ ကုသိုလ်တို့က ကိလေသာတို့ကို မပယ်နိုင်ဘူးလား
==============================================
ဒကာ။ ။ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်တို့က လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာတို့ကို မပယ်နိုင်ဘူးဆိုတာ ဟုတ်ပါသလား ဆရာတော်၊ ဘယ်ကျမ်းဂန်က ဆိုပါသလဲ နားလည်အောင် ရှင်းပြပါဦးဆရာတော်။
ဆရာ။ ။ လောဘ၊ ဒေါသ၊ မောဟတို့က သတ္တ၀ါတို့သန္တာန်မှာ သံလုံးသံတောင်ကြီးပမာ အစိုင်အခဲ အင်မတန်မှကြီးတယ်၊ တော်တန်ရုံ ကုသိုလ်ကံနဲ့ ဖြိုခွင်းလို့ မရနိုင်ဘူးလို့ ၀ိသုဒ္ဓိမဂ် ကျမ်းဂန်က ဆိုတယ်၊ နားထောင်ကြပေါ့လေ၊ အဲဒီ ဒါန၊ သီလ၊ သမထကုသိုလ်တွေဟာ သာသနာပကာလမှာလည်း ရှိနေတာပဲနော်။
၁။ ဒါနကုသိုလ်က ကိလေသာကို မပယ်နိုင်ပုံ။ ။ လောက၌ ရွှေ၊ ငွေ တွေများစွာအကုန်ခံပြီး ကြီးကျယ်တဲ့ဒါနကုသိုလ်ပွဲသဘင်ကြီး ဆင်ယင်ပေးလှူတဲ့အခါ အဆိုအက အတီးအမှုတ် ကပွဲတွေကလည်း ထည့်ထားတယ်၊ အလှူ့ရှင်က အဲဒါတွေကြည့်ကြည့်ပြီးတော့ နှစ်သက်သာယာမှုတွေလည်း ဖြစ်တယ်၊ အဲဒါဟာ လောဘတွေဖြစ်လာတာပဲ၊ အင်း… ငါမို့ ဒါလောက်လှူနိုင်တာ၊ ဒီရွာမှာ ငါဟာ ပထမတန်းပဲကွဆိုတဲ့ မာနတွေ ဖြစ်လာတယ်၊ အဲဒီအလှူကိစ္စအတွင်းမှာ အဆင်မပြေ အလိုမကျမှုတွေ ပေါ်လာတော့ ဒေါသကလည်း ဖြစ်လာ ပြန်ရော၊ အလှူခံသူ ပေးလှူနေသူ အလှူဝတ္ထုတို့အပေါ်မှာလည်း နိစ္စ၊ သုခ၊ အတ္တ ထင်စွဲနေတဲ့ မောဟကလည်း အမြဲရှိနေပြန်တော့ကာ ဒါနကုသိုလ်က ကိလေသာကို မပယ်နိုင်ဘူးဆိုတာ မှန်သင့်သလောက်တော့ မှန်ပါတယ်။
၂။ သီလကုသိုလ်ကလည်း ကာယကံ - ကိုယ်နဲ့ကျူးလွန်ပြစ်မှားခြင်း၊ ၀စီကံ - နှုတ်နဲ့ကျူးလွန်ပြစ်မှား ခြင်းဆိုတဲ့ ကိလေသာတို့ကိုသာ ပယ်နိုင်တာဖြစ်တယ်၊ စိတ်ကူးနဲ့ဖြစ်ပေါ်လာတဲ့ လိုချင်သာယာမှု တဏှာလောဘ၊ ပြစ်မှားကြမ်းတမ်းတဲ့ဒေါသ၊ မိုက်မဲတွေဝေမှု မောဟတို့ကိုတော့ မပယ်နိုင်ဘူး၊ စိတ်ကူးအာရုံပြု ကာမျှဖြင့် သီလမပျက်စီးနိုင်တာ တစ်ခုပဲရှိတယ်။
ဒါကြောင့် သီလကုသိုလ်က မနောကံဖြစ်တဲ့ လောဘ ဒေါသ မောဟတို့ကို မပယ်နိုင်ဘူးဆိုတာ မနောကံ အကုသိုလ်လိုချင် လုပ်ချင်ရုံမျှ စိတ်ဆိုးဖျက်ဆီး သတ်ဖြတ်လိုရုံမျှနဲ့ သီလမပျက်လို့ပဲ၊ စိတ်ကူးနဲ့ ကျူးလွန်လို့ သီလမပျက်ဘူးဆိုတယ်၊ ကိလေသာကတော့ ဖြစ်နေတာပဲ။
၃။ သမထ ဘာဝနာကလည်း ပရိယုဋ္ဌာန ကိလေသာခေါ်တဲ့ စိတ်ကူးကိလေသာအကြမ်းစားကိုသာ ပယ်နိုင်တာ၊ ငါစွဲ- အတ္တဒိဋ္ဌိ၊ ဘ၀စွဲ- ဘ၀ရာဂ စတဲ့ သိမ်မွေ့နူးညံ့တဲ့ ကိလေသာမျိုးကိုတော့ မခွာပယ်နိုင်သေးဘူး ၊ ကာမစ္ဆန္ဒ ဗျာပါဒစတဲ့ အကြမ်းစား နီဝရဏတရားစုကိုသာ ဈာန်ဝင်စားနေတုန်း ဈန်သမာဓိဖြစ်နေခိုက် ကာလအ တွင်းမှာသာ ကင်းဝေးနေတာ ဖြစ်တယ်၊ အတ္တဒိဋ္ဌိ ဘ၀ရာဂ စတဲ့ ကိလေသာတွေကတော့ ဈာန်ရတဲ့ပုထုဇဉ် လူ နတ် ဗြဟ္မာတွေမှာ အမြဲဖြစ်ရှိတာပဲ။
ဒါကြောင့်မို့ သမထကုသိုလ်ခေါ်တဲ့ ဈာန်ကုသိုလ်ကလည်း လောဘ ဒေါသ မောဟတို့ကို မပယ်နိုင်ဘူး ဆိုတာ မှန်ပါတယ် ဒကာကြီးတို့။ ကဲ..သဘောကျရဲ့လား၊ ဒါန၊ သီလ၊ သမထကိုလည်း လက်မလွှတ်ရဘူး၊ ၀ိပဿနာတရားကိုလည်း အထူးပဲကြိုးစား အားထုတ်ကြရမှာဖြစ်တယ်။
မြတ်စွာဘုရား သာသနာတော်အတွင်းမှာ ၀ိပဿနာတရားကိုသာ ဦးထိပ်ထားပြီး ကြိုးစားကြရမှာ ဖြစ်တယ် ဒကာကြီးတို့ရ၊ ၀ိပဿနာက သာသနာတွင်းမှာသာ ရှိတာမျိုး။
ဒကာ။ ။ သဘာဝယုတ္တိ ရှိလှတဲ့ အဖြေကြားသိရလို့ သဘောပေါက်ယုံကြည်ပါပြီ ဆရာတော်၊ ၀ိပဿနာ တရားကိုပဲ အထူးကြိုးစားပါတော့မယ်။
Thama Meggin
— with ကို မျိုး.==============================================

No comments:
Post a Comment