Friday, July 17, 2015

(၆၈)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး

(၆၈)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး
Yangon Media Group's photo.
Yangon Media Group's photo.
Yangon Media Group's photo.
(၆၈)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး
===========================
အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါပြီ
@@@@@@@@@@@@@@@@@@@@@@@@@
သိန်းအေး

နှစ်လနာရီ..အခါရာသီရွေ့ပေမယ့် အာဇာနည် နေ့ကိုဖြင့် မမေ့သင့်ပါ သလေ .. ယနေ့ဖြင့် သတိတရား .. ထားဖို့အခြေ ..အများပြည်သူတွေ .. အများပြည် သူတွေ... အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ ..အ လေးပြုပါမယ်လေ....
စနစ်အခြေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေ သော်မပြေ ..လွမ်းမျက်ရည်မြေခပြီမို့ ...တွေးတသသ ဆွေးစမရွှင်ပေ ..ရွှေရင်ဆူကဲ ..ကြေကွဲဝမ်းနည်းရပုံတွေ ... ယနေ့ထက်တိုင်အခြေ .. မမေ့ရက်နိုင်ပါလေ.. အာဇာနည်ခေါင်းဆောင်ကြီးတွေ .. အာဇာနည်ခေါင်း ဆောင်ကြီးတွေ .. ကောင်းရာသုဂတိ ရောက်ရှိကြပြီ လေ .. တေးကဗျာအနုစာခွေ .. ရေးကာတေးပြု .. အလေးပြုပါတယ်လေ..
နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ကို ရောက်ပြီဆိုမှဖြင့် တေးရေး ဂီတာ တင်အုန်း ရေး စပ်ပြီး အဆိုတော်ကြီး ဒေါ်မေလှမြိုင်က ကြေကြေကွဲကွဲ သီဆိုထားသည့် ''အလေး ပြုပါသည်'' ဆိုသော အာဇာနည်နေ့ ဂုဏ်ပြုတေး သီချင်း ကို ဝမ်းနည်းကြေကွဲဖွယ် ကြားကြရမည်ဖြစ်ပါသည်။
အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရသည် မှာ (၆၈) နှစ်မြောက် ရှိပါပြီ။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့
---------------------------------------------
ထိုနေ့ကား လွတ်လပ်ရေးကြိုးပမ်းမှု ခေတ်နှောင်း ကာလ မြန်မာ့သမိုင်းတွင် သွေးစွန်းခဲ့သော နေ့တစ်နေ့ ထိုနေ့ကား အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လူမသ မာတို့ လက်ချက်ဖြင့် ကျဆုံးခဲ့ရသောနေ့ပဲဖြစ်သည်။ နှစ် ပေါင်းတစ်ရာကျော်မျှ သူ့ကျွန်ဘဝတွင်နေခဲ့ရသော အမိ မြန်မာပြည်ကြီး လွတ်လပ်ရေး အောင်ပန်းကို ဆင်မြန်း ခွင့်ရအောင် စွမ်းဆောင်ခဲ့ကြသော သားကောင်း ဇာနည် တို့ ကျဆုံးခဲ့ရသောနေ့ဖြစ်သည်။
ထိုနေ့က ဘုရင်ခံ၏အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ(ဒုတိယဝန်ကြီးချုပ်) အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဌာနဝန် ကြီး သခင်မြ၊ ပြန်ကြားရေးဌာနဝန်ကြီး ဒီးဒုတ်ဦးဘချို၊ ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနဝန်ကြီး ဦးဘဝင်း၊ တောင်တန်းဒေသရေးရာဌာနဝန်ကြီး မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း၊ ပညာရေးနှင့် အမျိုးသားစီမံ ကိန်းဌာနဝန်ကြီး ဦးရာဇတ်၊ စက်မှုလက်မှုနှင့် အလုပ် သမားဌာနဝန်ကြီး မန်းဘခိုင်၊ အတွင်းဝန် ဦးအုန်းမောင် နှင့် ဦးရာဇတ်၏ သက်တော်စောင့်ရဲဘော်ကိုထွေးတို့ကို ဂဠုန်ဦးစောနှင့် တပည့်များက ပူးပေါင်းလုပ်ကြံခဲ့ကြ သဖြင့် လွတ်လပ်ရေးလမ်းခုလတ်မှာပင် ကွယ်လွန်ခဲ့ကြ ရသည်။
ဗိုလ်ချုပ်တို့ကျဆုံးခဲ့သည့်နေ့က အတွင်းဝန်ရုံး အစည်းအဝေးခန်းမထဲ၌ ဗိုလ်ချုပ်တို့နှင့် အတူရှိနေစဉ် သေနတ်သမားတို့က လာရောက်ပစ်ခတ် လုပ်ကြံခြင်းကို ခံခဲ့ရသော်လည်း အသက်ဘေးမှလွတ်မြောက်ခဲ့ရသည့် ဝန်ကြီးဟောင်းဦးဘဂျမ်းက ယခုလိုရေးသားခဲ့ပါသည်။
''ထိုနေ့က ဝန်ကြီးများအစည်းအဝေး ကျင်းပမည် ဖြစ်ရာ ကျွန်တော်သည် နေမကောင်းသဖြင့် အကြောင်း ထူးသာမရှိခဲ့လျှင် ထိုအစည်းအဝေးသို့ တက်ဖြစ်မည် မဟုတ်ပေ။ ထိုနေ့ကျင်းပမည့် ဝန်ကြီးများအစည်းအဝေး တွင် ပြောပြသင့်သောသတင်းထူးတစ်ခုကို ကျွန်တော် ရရှိထား၏။
သတင်းထူးပုံမှာ စစ်တပ်မှ မလိမ့်တပတ်ဖြင့် စက်သေနတ်(ဘရင်းဂန်း)အလက် ၂ဝဝ ထုတ်ယူသွား သူမှာ ဦးစောဖြစ်ကြောင်း၊ ထိုသို့ထုတ်ယူစဉ်က ဦးစော သည် ရှမ်းဘောင်းဘီ၊ မျက်မှန်နက်၊ ဆွယ်တာလက်ပြတ် နှင့်ဖြစ်၍ ထုတ်ယူသွားသော မော်တော်ကားရှေ့ခန်း ကား မောင်းသူ၏ဘေးတွင် ထိုင်လျက်ပါကြောင်းများအပြင် ဦးစောတို့လူစုသည် ကုဒီတားခေါ် လက်နက်ဖြင့်အာဏာ သိမ်းယူရန် ကြံစည်လျက်ရှိကြကြောင်းတို့ကို သတင်းရရှိ ထား၏။ သို့သော် သတ်ဖြတ်သည်အထိ အကြံပက်စက် မည်ဟူ၍ကား ထိုအခါက ကျွန်တော်မတွေးတောခဲ့မိပေ။
''အစည်းအဝေးမစမီ မိနစ်အနည်းငယ်ခန့်အလိုတွင် ဗိုလ်ချုပ်နှင့်ကျွန်တော် အစည်းအဝေးခန်းဝတွင် မျက်နှာ ချင်းဆိုင်ဆုံမိပြီး အခန်းတွင်းသို့ အတူဝင်သွားကြ၏။ ထိုနေ့တွင် ဗိုလ်ချုပ်သည် စစ်ဝတ်စစ်စားမဟုတ်ဘဲ ထူး ထူးခြားခြား အရပ်ဝတ်အရပ်စားနှင့်လာ၏။ ရွှေဖလား ရောင်ဘန်ကောက် လုံချည်၊ ပိုးအင်္ကျီနှင့်ဖြစ်၍ ဆံပင်မှာ လည်း ခါတိုင်းကဲ့သို့ စုပ်ဖွားဖွားကြီး မဟုတ်ဘဲ ညှပ်ပြီးစ ဖြစ်၍ သပ်ရပ်၏။ 'ဗိုလ်ချုပ်က ဒီလိုတော့လည်း အချော ကြီးပဲ' ဟု ကျွန်တော်က ပြောင်၍ပြောလိုက်၏။
'နိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးရပြီးရင် စစ် သားစိတ်ဖျောက်ပြီး အရပ်သားစိတ်မွေးမြူကြဖို့ အရေး ကြီးတယ်' ဟု ဗိုလ်ချုပ်ကပြန်ပြော၏။
''အစည်းအဝေး ချိန်းဆိုထားသည့်အတိုင်း ၁ဝ နာရီအချိန်မှစ၏။ အစဉ်အလာအတိုင်း အရေးကြီးသော ကိစ္စများစဉ်းစားသောအခါ သက်ဆိုင်ရာဌာနအတွင်းဝန် သည် လိုအပ်က လာရောက်၍ ရှင်းလင်း ပြောပြရ ၏။ ထိုနေ့က ကိစ္စအချို့စဉ်းစားပြီးသည့်နောက် ၁ဝ နာရီခွဲ ကျော်ကျော်လောက်တွင် လမ်းပန်းဆက်သွယ်ရေးစီမံကိန်း ကိုစဉ်းစားရန် အလှည့်ကျသဖြင့် သက်ဆိုင်ရာဌာန၏ ဒုတိယအတွင်းဝန်ဖြစ်သော အိုင်စီအက်စ်ဦးအုန်းမောင် သည် အစည်းအဝေးခန်းသို့ ရောက်ရှိလာပြီးလျှင် လက် ယာဘက်စားပွဲထိပ် သခင်မြအနီးတွင် ကပ်လျက်ထိုင်၏။
''ဦးအုန်းမောင်ရောက်ရှိပြီး နှစ်မိနစ် သုံးမိနစ်ခန့်အ ကြာတွင် အစည်းအဝေး ခန်းမကြီး၏ မျက်နှာစာရှိ တံခါး သုံးပေါက်အနက် မြောက်ဆုံးတံခါးပေါက်ကို တွန်း၍ ဖွင့် ပြီးလျှင် စစ်ဝတ်စုံဝတ်ထားသော လူလေးငါးယောက် သည် တော်မီဂန်း၊ စတင်းဂန်း စသည့်သေနတ်များကို ကိုင်ဆောင်၍ အစည်းအဝေး ခန်းမအတွင်းသို့ ဝင်ရောက် လာကြ၏။ ထိုအခါ ကျွန်တော်သည် သူတို့ဝင်လာသည့် တံခါးကိုမျက်နှာမူ၍ထိုင်နေသဖြင့် ဝင်လာသည့်အချိန် မှစ၍ ကောင်းစွာသတိပြုမိ၏။ ဝင်လာသူများသည် တပ် မတော်၏ အဝတ်အစား များကို ဝတ်ဆင်လာကြသဖြင့် တပ်မတော်သားဖြစ်သည်ဟုပင် ထင်မိ၏။ သူတို့သည် အလွန်အရေးကြီး၍ရုတ်တရက်ဖြစ်ပေါ်လာသောကိစ္စ တစ်ခုခုကို ဝန်ကြီးအစည်းအဝေးသို့ အစီရင်ခံလိုသဖြင့် လာကြသည်ဟု တွေးမိ၏။
နားမလည်သေး၊ ရိုင်းသေးသဖြင့်သာ တစ်ယောက် တည်းမလာဘဲ လူအများစု ၍လာခြင်း၊ သေနတ်များကိုင် ဆောင်လာခြင်းတို့ကို ပြုလုပ်ကြ သည်ဟု တစ်ဆက် တည်းတွေးကာ နောက်နောင် ဝန်ကြီးအစည်းအဝေးသို့ ကိစ္စရှိ၍လာရောက်လျှင် တပ်မတော်သား တစ်ဦးသည် လက်နက်ကို အပြင်မှာထားခဲ့ရန်နှင့် တစ်ယောက်တည်း လာရန် အမိန့်ထုတ်ထားပါဟု ဗိုလ်ချုပ် အားပြောမည်ဟူ၍ ပင် စဉ်းစားမိ၏။
''ဝင်လာသူ ယူနီဖောင်းဝတ် လက်နက်ကိုင်တို့သည် အစည်းအဝေးစားပွဲကြီး ၏ စားပွဲသုံးခုအနီး (ဂငယ်) ဝမ်း ဗိုက်၏ အဝင်ဝသို့လာ၍ သုံးယောက်ခန့် ရှေ့နောက်စီ ကာရပ်ပြီးလျှင် ရှေ့ဆုံးမှဝင်လာသူသည် 'ဟိတ်' ဟု အသံ ကျယ်စွာ တစ်ခွန်းအော်လိုက်ပြီး ဗိုလ်ချုပ်အား တော်မီဂန်း နှင့် စ၍ပစ်၏။ ဗိုလ်ချုပ်သည် မတ်တတ်ရပ်လိုက်ကာ သေနတ်ပစ်သူတို့ဘက်သို့ လက်ကာ ပြပြီး လျှင် တစ်စုံတစ် ခုကိုပြောလိုက်၏။ ဘာပြောသည်ဟူ၍ကား ကျွန်တော် နားမလည်လိုက်ပေ'' ဟု ဖော်ပြထားသည်။
သည့်နောက်မှာတော့ အာဇာနည်ကြီးတွေ ကြမ်းပြင် ပေါ်မှာ အတုံးအရုံး လဲကျသေဆုံးကြရ၏။ ဤကား မြန် မာ့သမိုင်းတွင် မေ့ပျောက်၍မရနိုင်တော့ သော၊ သွေးစွန်း သော နေ့တစ်နေ့ဖြစ်ခဲ့ခြင်းပါပေ။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့မှာ အခင်းဖြစ်နေရာမှာ ပင် သေဆုံးခဲ့ကြရပြီး ဒီးဒုတ်ဦးဘချိုမှာ ဆေးရုံကြီးအထိ အသက်ပါခဲ့ပြီး နေ့လယ်ပိုင်းမှ သေဆုံးခဲ့သည်။ မိုင်းပွန် စော်ဘွားကြီး မှာလည်း သေနတ်ဒဏ်ရာများဖြင့်ပင် နောက် တစ်နေ့မွန်းတည့်ချိန်မှာ ကွယ်လွန် ခဲ့ရှာလေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ ကျဆုံး ခဲ့ရသည်မှာ ယခုနှစ်ဆိုလျှင် (၆၈) နှစ် ပြည့်ခဲ့ပြီဖြစ်လေ သည်။
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်လွတ်လပ်ရေး ရလျှင် ဒီမိုကရေစီစနစ် သည်သာလျှင် နိုင်ငံနှင့်အသင့် တော်ဆုံးဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ အဖြစ်သာ တည် ဆောက်သွားမည်ဖြစ်ကြောင်း ၁၉၄၆ ခုနှစ် စက်တင်ဘာ လ ၂၇ ရက်နေ့ကကျင်းပခဲ့သော ဖဆပလ ပဏာမပြင် ဆင်မှုညီလာခံတွင် ယခုလိုပြောကြားခဲ့သည်။
''ဗမာပြည်လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သား တွေသာလျှင် အဓိကလိုလားပြီး တိုင်းပြည်တည်ထောင် ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ် အရမှ ဖြစ်နိုင်မယ်။ ဒီမို ကရေစီအရင်းခံပဲ။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒဆို တာ တွေဟာ စင်စစ်တော့ ဒီကနေဖြာထွက်သွားတာပဲ။ ဘယ် ဟာမှ ဒီမိုကရေစီမစစ်သေးဘူး။ နိုင်ငံရေးတွင်မက စီးပွား ရေးပါပါမှ ဒီမိုကရေစီစစ် နိုင်မယ်လို့ ဒီမိုကရေစီသဘောတ ရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်း သာဖြစ်တယ်'' ဟု ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးကို ရှေးရှုခဲ့ကြောင်း ပြောဆိုခဲ့သည်။
ဒီမိုကရေစီနှင့်ပတ်သက်၍ အုပ်ချုပ်သူအစိုးရများ ၏ တိုင်းပြည်အပေါ်ထား ရှိသည့်စိတ်ထား အရေးကြီးပုံ ကို ဗိုလ်ချုပ်က-
''အစိုးရဆိုတဲ့အာဏာဟာ အင်မတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလဲ ပစ္စည်းအင်အားကောင်းတဲ့ လူတွေ အချင်းချင်းလုကြတယ်။ ရရင်လဲ လက်မလွှတ်ချင်ကြဘူး။ တိုင်းသူပြည်သားတွေဆိုတာကတော့ အဲဒီထဲမှာ တုတ် လုပ်ပြီးအရိုက်ခံရမယ့်အခါကျမှ ပါရတာပဲ။ ဒီလိုအာဏာ လုကြတဲ့အခါ 'ဒီမိုကရေစီ' ဆိုပြီး ပြည်သူ့ဆန္ဒ၊ ပြည် သူ့အာဏာလို့ြေ<ွကးကြော် ဟစ်အော်ပြီး ညာတဲ့စနစ်တွေ လဲရှိတယ်။ လူတွေက တိုင်းသူပြည်သား တွေက 'အစိုး ရ' အာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက် ကောင်း အောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာပဲ။ ဒါပေ မဲ့ ကျုပ်တို့ကို ခင်ဗျားတို့အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ် အုပ်ချုပ်ပါဆိုတဲ့ အချက်သာဖြစ်နေတာပဲ။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့ လူတွေရဲ့ အစိုး ရသာလျှင် ဒီမိုကရေစီဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမို ကရေစီအစစ်မဖြစ်နိုင်ဘူး။ အတုတွေသာဖြစ်တယ်'' ဟု ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်ပြောဆိုခဲ့သော ဒီမိုကရေစီမျိုး ကျွန်တော် တို့ မြန်မာနိုင်ငံဖြစ် လာပြီလားဆိုသည်ကဖြင့် (၆၈) နှစ် ကြာသည့်တိုင် အဖြေမထုတ်နိုင်သေး ဟုသာ ဆိုလိုက်ချင် ပါတော့သည်။
ရည်ညွှန်း-
(၁) ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ (၁၇-၃-၄၅ မှ ၁၉-၇-၄၇ အထိ) (စာပေဗိမာန်)
(၂) မေ့ပျောက်၍မရနိုင်သောအောင်ဆန်း (ကလောင်စုံ)
(၃) မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း (ဖိုးအောင်လေး)
‪#‎DemocracyTodayNewsPaper‬

No comments:

Post a Comment