Friday, July 17, 2015

ဘဝခန္ဓာရဲ့အဆင်တန်ဆာ

Thant Zaw's photo.
ဘဝခန္ဓာရဲ့အဆင်တန်ဆာ
နှုတ်ရဲ့အလှဆိုတာ နှုတ်ခမ်းရွဲ့တာ၊ တည့်တာနဲ့ မဆိုင်ဘူး။ သူ့နား မချမ်း၊ကြမ်းကြမ်း ကြုတ်ကြုတ်၊ အယုတ် တမာ၊ မပြောဆိုဘဲ ချိုသာ အေးကြည် ပြောဆိုလေ့ရှိရင် ဒီနှုတ်ဟာ လှတာပဲ။ ( ရွှေရေးဆောင် ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ )
လူရဲ့ခန္ဓာကိုယ်ကို လူတို့ရဲ့ အပြုအမူ ကံသုံးပါးနဲ့ ခွဲဝေကြည့်မယ်ဆိုရင် ဇိဝှါဒွါရလို့ခေါ်တဲ့ ( နှုတ် ပါးစပ် )က ဝစီကံရဲ့ ဖြစ်ရာဌာနပါ။ ဟဒယက မနောကံဖြစ်ရာဌာန။ ကျန်တဲ့ စက္ခု၊ သောတ၊ ဃာန၊ ကာယတို့က ကာယ ကံရဲ့ဖြစ်တည်ရာဌာနတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝခန္ဓာရဲ့ အကောင်း အဆိုးကို ပြောလိုတဲ့အခါမှာ အကျဉ်းချုပ်စကားအဖြစ်နဲ့ ကိုယ် နှုတ် နှလုံးလို့ သုံးစွဲပြောဆိုကြတာပါ။
ဒီသုံးမျိုးထဲမှာ နှလုံးလို့ခေါ်တဲ့ မနောကံရဲ့ ဖြစ်ရာ ဌာနနဲ့ ပတ်သက်လို့ အာရုံကို သာမန်သိမှု စိတ်နဲ့ ခွဲခြမ်းသိမှု ပညာ လို့ နှစ်မျိုးထပ်ပြီးခွဲခြား နိုင်ပါတယ်။
လောကမှာ လှပတယ်၊ ကျက်သရေရှိတယ်ဆိုတာဟာ သင့်လျော် လျောက်ပတ်တဲ့ အဆင်တန်ဆာကို ဆင်မြန်းတတ်မှ၊ ဆင်မြန်းထား မှဖြစ်ပါတယ်။ မြတ်ဗုဒ္ဓအလိုအရ ဘဝခန္ဓာကို အလှဆင်ဖို့အတွက် ဆင်မြန်းစရာ အဆင်တန်ဆာ သုံးမျိုး သတ်မှတ်ထားပါတယ်။ မဖြစ်မနေ လိုက်နာကျင့်သုံး ဆင်မြန်းကြရမှာဖြစ်လို့ သိက္ခာ သုံးပါးလို့လည်းခေါ် ပါတယ်။ ဘဝခန္ဓာကို ဂုဏ်သိက္ခာရှိရှိ တည်ဆောက်နိုင်ဖို့အတွက် ချမှတ်ပေးထားတဲ့ စည်းကမ်းချက် များဖြစ်လို့ စည်းကမ်းသုံး မျိုးလို့လည်း ဆိုနိုင်ပါတယ်။ အဲဒါကတော့ သီလ သမာဓိ ပညာတို့ပဲဖြစ်ပါတယ်။
ဒီသုံးမျိုးထဲမှာ သီလဆိုတာ ကိုယ်နဲ့နှုတ်တို့ရဲ့ အဆင်တန်ဆာပါ။ ခန္ဓာကိုယ်ဟာ မွေးတွင်းပါအရဖြစ်စေ၊ အသက်အရွယ် ကြီးရင့်သွားလို့ပဲ ဖြစ်စေ၊ ဆံဖြူ နားထိုင်း ခါးကိုင်း သွားကြွေ အရေတွန့်တွဲနေပါစေ။ သူ့အသက်သတ်မှု၊ သူ့ဥစ္စာ ခိုးမှုဆို တဲ့ ဒုစရိုက်မှုတွေ ကင်းစေပြီး သူ့အကျိုး ကို ကာကွယ်ပေးခြင်း၊ စောင့်ရှောက်ပေးခြင်းဆိုတဲ့ ကာယကံနဲ့ပတ်သက်တဲ့ ဝါရိတ္တ စာရိတ္တသီလနဲ့ ပြည့်စုံအောင် တန်ဆာဆင်ထားမယ်ဆိုရင် ဒီခန္ဓာကိုယ်ဟာ လှပပြီး အမြဲကျက်သရေရှိနေပါတယ်။
နှုတ်ကလည်း လိမ်ညာ ကုန်းချော၊ ကြမ်းကြုတ်၊ အကျိုးမဲ့ စကားတွေ ရှောင်ကြဉ်ပြီး မှန်ကန်မှု၊ သင့်မြတ်ညီညွတ်မှု၊ နားဝင် ချိုသာမှုနှင့် အကျိုး ဖြစ်ထွန်းမှုရှိတဲ့ စကားတွေကိုသာ ပြော ဆိုလေ့ရှိရင် ဒီနှုတ်ဟာ အမြဲတမ်း လှပပြီး ကျက်သရေရှိနေတာ ပါပဲ။ အမှန်ကတော့ အရပ်သား စကားအရ သာ လှပတယ်၊ ကျက်သရေရှိ တယ် လို့ ပြောလိုက်ရတာပါ။ ဓမ္မ ဂုဏ်သိက္ခာအရ အတိအကျပြောရင် ပိုပြီး ဂုဏ်မြောက်တဲ့ဝေါဟာရနဲ့ မြင့်မြတ်တယ်လို့ ပြောရမှာ ဖြစ်ပါ တယ်။ သီလဆိုတာ အရွယ်မရွေး အတင့်တယ်ဆုံး၊ အလှပ ဆုံးနဲ့ အမြင့် မြတ်ဆုံး အဆင်တန်ဆာဖြစ်တယ် ဆိုတာမြတ်ဗုဒ္ဓရဲ့ မှတ်ချက် စကားဖြစ်ပါတယ်။
သမာဓိသိက္ခာဆိုတာ စိတ်ရဲ့စည်းကမ်း၊ စိတ်ရဲ့အဆင်တန်ဆာ ဖြစ်ပါတယ်။ စိတ်ဟာ ကမ္မဋ္ဌာန်းအာရုံနဲ့ ပွားထုံပြီး သမာဓိရအောင် တည်ဆောက်ထားမှ စည်းကမ်းရှိတဲ့စိတ်၊ ကျက်သရေမင်္ဂလာ ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့မြင့်မြတ်တဲ့စိတ်လို့ ဆိုနိုင် ပါတယ်။ သမာဓိမရှိ လေလွင့်တုန်လှုပ် နေတဲ့စိတ်ဟာ ဘယ်တော့မှ စိတ်ကောင်းမဖြစ်နိုင်ပါဘူး။ စိတ်ကောင်း မဟုတ်တဲ့အတွက် ကျက်သရေမင်္ဂလာဂုဏ်သိက္ခာကင်းမဲ့ တဲ့ စိတ်ယုတ် စိတ်ညံ့လို့ပဲ ဆိုရမှာပါ။
ပညာသိက္ခာဆိုတာ အသိဉာဏ်ဗဟုသုတတို့ရဲ့ စည်း ကမ်း အဆင် တန်ဆာဖြစ်ပါတယ်။ ဘယ်လောက်ဗဟုသုတတွေ ကြွယ်ဝပြီး လောကရဲ့ သတ်မှတ်ချက်အရ ဘယ်လိုပညာတွေ ပြည့်စုံတတ်ကျွမ်းနေတယ်ပဲ ဆို ဆို၊ အနည်းဆုံး ဘဝခန္ဓာရဲ့ ပကတိသဘောမှန်ဖြစ်တဲ့ ဖြစ်မှု ပျက်မှု ကို ထိုး ထွင်းသိမြင်တတ်တဲ့ ဝိပဿနာပညာနဲ့ တန်ဆာဆင်မထား ဘူးဆိုရင် ဒီအသိ၊ ဒီပညာဟာ မြင့်မြတ်တဲ့ အသိပညာမှန် မဟုတ် နိုင်သေးပါဘူး။
ပညာသိက္ခာ၊ပညာတန်ဆာဟာ ဘဝခန္ဓာတစ်ခုလုံး အတွက် အရေး အကြီးဆုံး အဆင်တန်ဆာဖြစ်ပါတယ်။ ဒါကြောင့်လည်းမြတ်ဗုဒ္ဓက
ဘဝခန္ဓာရဲ့ဖြစ်မှုပျက်မှု့ကို သိတတ်တဲ့ ဝိပဿနာ ဉာဏ်ပညာ မပါဘဲ အနှစ်တစ်ရာ အသက်ရှည် နေရတာထက် ဝိပဿနာဉာဏ်ပညာနဲ့ တစ်ရက်တစ်ညဥ့်လောက် အသက်ရှင်ရတာကမြတ်တယ်လို့ မိန့်ကြား ခဲ့တာပါ။
ဒါကို ခြုံပြီးသုံးသပ်ကြည့်လိုက်ရင် ဘဝခန္ဓာရဲ့ လှပတင့် တယ်မှု၊ ကျက်သရေမင်္ဂလာရှိမှု၊ မြင့်မြတ်မှုဆိုတာ မွေးတွင်းပါ ခန္ဓာအချိုးအစားနဲ့ မဆိုင်ဘဲ မိမိကိုယ်တိုင်တည်ဆောက် ကျင့် သုံးဆင်မြန်းထားတဲ့ သိက္ခာ သုံးပါးနဲ့သာဆိုင်တယ်ဆိုတာ သဘောပေါက်လောက်ပါတယ်။
ဒါကြောင့် ဘဝခန္ဓာတစ်ခုဟာ အတိတ်ကံ အထောက်အပံ့အရ မွေးရာပါ ရုပ်အဆင်းက ဦးဘိုးစိန်ကြီးရဲ့ သီချင်းထဲကလို မညိုမဖြူ၊ မဆူမကြုံ၊ မမြင့်မနိမ့်၊ အမူစုံ တစိမ့်စိမ့်နဲ့ ကင်းခြောက်ပြစ် ကွာသူပဲ ဖြစ်ဖြစ်၊ ကောင်းခြင်းငါးဖြာ၊ ကင်းကွာခြောက်ပြစ်၊ နတ်အစစ်လား လူပဲလားလို့ ခွဲခြားမရလောက်အောင် လှပသူလို့ပဲ ဆို ဆို၊ ပြစ်မျိုးမှည့် မထင် လို့ပဲ ထင်ထင်၊ နှုတ်ကြမ်း၊ ကိုယ်ယုတ်၊ စိတ်ထားပုပ်အောင် ဒုစရိုက်တရားတွေ လွှမ်းမိုးနေပြီဆိုရင် ဘယ်လိုမှ အထူးမှည့်ခေါ်စရာမလိုဘဲ ကမ္မသတ္တိ သဘောအတိုင်း အပြစ်မျိုးစုံ ထင်ကျန်ရစ်မှာဖြစ်လို့ ဓမ္မသဘောအရ အကျည်းတန်ဆုံး အပြစ်မျိုးစုံ မှဲ့လို့ထင် သူသာဖြစ်ပါလိမ့်မယ်။
မြတ်စွာဘုရားဆင်မြန်းစေလိုတဲ့ သိက္ခာသုံးရပ်၊ စည်း ကမ်း သုံးဖြာကို ဘဝခန္ဓာမှာ အလှဆင်ထားနိုင်သူ အဖို့ကတော့ မွေးရာပါ ကံဝဋ်ကြွေးအရ
စက္ခုပါလမထေရ်တို့လို မျက်စိနှစ်ကွင်း အလင်းမရကြ သူတွေပဲ ဖြစ် ဖြစ်၊
ခုဇ္ဇုတ္တရာလို ကုန်းကွနေသူတွေပဲဖြစ်ဖြစ်
သုပ္ပဗုဒ္ဓသီတင်းသည်လို ကိုယ်အရေပြား ရောဂါသည်တွေပဲ ဖြစ်ဖြစ်၊
မြတ်ဗုဒ္ဓကိုယ်တိုင် နှုတ်မြွက်ချီးကျူးရလောက်အောင် ဂုဏ် ကျက်သရေအပေါင်းနှင့် ပြည့်စုံနိုင်ကြတာမို့ မိမိတို့ရဲ့ ဘဝ ခန္ဓာကို ကိုယ်ပိုင်အလှရတနာတို့နဲ့ ပြည့်စုံတင့်တယ်အောင် စနစ်တကျ အားထုတ်ဆင်မြန်းနိုင်ကြပါစေသော်ဝ်။
ကြောက်တတ်ရင်ရှေ့တိုးနှင့် မထေရ်မြတ်တို့၏ စကား ဝိုင်း ၂
ဓမ္မဘေရီအရှင်ဝီရိရ(တောင်စွန်း)http://wwwitking969.blogsport.com

No comments:

Post a Comment