ယမနေပင်၏လှည့်ကွက်
=================
ဆတ်သတ္တ၀ါတို့သည် ယမနေသီးကို ကြိုက်နှစ်သက်ကြ၏။
ယမနေသီးမှည့်ချိန်ရောက်လျှင် အလိုလိုသိနိုင်ကြ၏။
ယမနေသီးရှိသည့်နေရာကိုလည်း သိထားကြ၏။
ထို့ကြောင့် ယမနေပင်များမှ အသီးများ ရင့်ချိန်၊ မှည့်
ချိန်ကိုရောက်လျှင် ထိုအပင်ရှိရာသို့ မရောက်ရောက်
အောင် သွားတတ်ကြလေသည်။
တစ်ခုသောဘ၀တွင် ဘုရားလောင်းသည် ဆတ်ဘ၀၌
ဖြစ်စဉ် တစ်နေ့သ၌ ယမနေသီးမှည့်များကို စိတ်တိုင်း
ကျစားနိုင်ရန် ယမနေပင်ရှိရာသို့ တစ်ကောင်တည်း
ထွက်လာခဲ့၏။ နှစ်စဉ်နှစ်တိုင်း လာ၍စားနေကျဖြစ်
သောကြောင့် ထိုအပင်ရှိရာသို့ ဖြောင့်ဖြောင့်တန်းတန်း
ရောက်လာ၏။ တောတွင်းသားသတ္တ၀ါတို့၏ လျင်မြန်
စူးရှသော မျက်လုံးအစုံဖြင့် ခပ်လှမ်းလှမ်းမှ မျှော်ကြည့်
လိုက်သောအခါ အပင်အောက်မှာ စားချင်စဖွယ်
ကောင်းလှသော ယမနေသီးတို့က ဖျာခင်းထားသည့်
အလား ကြွေကျနေကြသည်ကို တွေ့ရသည်။
အခြားဆတ်များဆိုပါက မိမိတို့၏ သည်းခြေကြိုက်
ယမနေသီးတို့ကို လှမ်း၍မြင်လိုက်ရသည်နှင့် တစ်
ပြိုင်နက် အငမ်းမရ ပြေးသွားကြမည်သာ။
အလောင်းတော်ဆတ်ကမူ ဘ၀ဘ၀က ဆည်းပူး
လေ့လာခဲ့သော ပညာပါရမီအဟုန်ကြောင့်
စားချင်စိတ်ကို ရှေ့တန်းမတင်ဘဲ ဆင်ခြင်တုံတရား
ကိုသာ မြဲမြဲခိုင်ခိုင် လက်ကိုင်ပြုထားခဲ့၏။
ဤကဲ့သို့ ယမနေသီးမှည့်သည့် လရာသီမျိုးတွင်
ဆတ်တို့သာ ၀မ်းသာရွှင်မြူးကြသည်မဟုတ်ပေ။
တောလိုက်မုဆိုးတို့ကလည်း ၀မ်းမြောက်ဝမ်းသာ
ဖြစ်ကြသည်သာ။ သူတို့သည် တောတကာ၊ တောင်
တကာ လှည့်လည်ကျက်စားနေသူများဖြစ်၍ တော
ထဲက သစ်ပင်များအကြောင်းကိုလည်း သိနေကြ၏။
တောပျော်သတ္တ၀ါတို့၏ အလေ့အထတို့ကို ကောင်း
ကောင်းကြီး လေ့လာမှတ်သားခဲ့ကြ၏။
သို့ဖြစ်၍ တောလိုက်မုဆိုးတို့သည် အသီးတွေ၊ အရွက်
တွေ ပြွတ်သိပ်နေသော ယမနေပင်ပေါ်သို့တက်ပြီး
လျှင် အချိန်ကြာကြာ သက်တောင့်သက်သာနေနိုင်
စေရန် လင့်စင်များထိုးထားကြသည်။ လင့်စင်ကို
အပင်နံဘေးက လှမ်း၍မမြင်နိုင်စေရန် အရွက်တွေ
အသီးတွေ ပြွတ်သိပ်ခဲကျပ်နေသည့်အကြား၌
လျှို့ဝှက်စွာ ဆောက်လုပ်ထားကြ၏။ ထိုလင့်စင်
ပေါ်၌ စားရေရိက္ခာအပြည့်ဖြင့် စိတ်ရှည်လက်ရှည်
စောင့်နေတတ်ကြ၏။ ဤတွင် တောတွင်းသား
ဆတ်တစ်ကောင်က အသီးမှည့်စားချင်ဇောဖြင့်
အမှတ်တမဲ့ အပင်အောက်သို့ ၀င်ရောက်လာပါက
လင့်စင်ပေါ်မှ ကျရောက်လာသော လှံသွားထက်
ထက်က ဆတ်၏ ကျောကုန်းကို ဖောက်၍ ၀င်
သွားပေလိမ့်မည်။
အလောင်းတော်သည် ဤသို့သောအဖြစ်မျိုးကို
မကြာခဏ မြင်တွေ့ရ၊ တွေ့ခဲ့ရသည်ဖြစ်၍
စားစရာကို မြင်မြင်ချင်းလက်လွတ်စပယ်
မသွားခဲ့ပါ။ အသီးတွေ ဝေနေသော ယမနေ
ပင်ကို ခပ်လှမ်းလှမ်းကသာ အကဲခတ်နေ
သည်။ အမြင်စူးရှသော တောတွင်းသားတို့
၏ မျက်စိကြည်ကြည်ဖြင့် ယမနေပင်၏
အသီးများ အရွက်များကြားကို ဖောက်ထွင်း၍
စူးစူးစိုက်စိုက်ကြည့်လိုက်သည်တွင် အဖြစ်မှန်
ကို သိလိုက်ပါတော့သည်။
သို့ဖြစ်၍ အလောင်းတော်ဆတ်သည် ယမနေ
ပင်၏ မလှမ်းမကမ်းမှာပင် ရပ်မြဲရပ်နေ၏။
ယမနေပင်၏ အခြေအနေကို ကြည့်မြဲကြည့်
နေ၏။ စူးစူးစိုက်စိုက်ကြည့်နေခိုက်မှာပင်
ယမနေပင်၏ အသီးမှည့်တို့က မိမိ၏ရှေ့သို့
အပင်ပေါ်မှ ခုန်ထွက်၍ ခုန်ထွက်၍ ကျလာ
ကြလေသည်။
ယမနေပင်များ အသီးမှည့်လာလျှင် ဓမ္မတာ
သဘောအရ ကြွေနေကျပါ။ ကြွေကျသော
အခါမှာလည်း အပင်၏အောက်တည့်တည့်
မြေပြင် သို့သာ ကျမြဲကျရမည်သာ။ ယခု
တော့ သည်ယမနေပင်က မရိုးသားတော့ပါ
ကလား။ မရိုးမသားဆန်းပြားသည့် ယမနေ
ပင်ကို စိမ်းစိမ်းကြည့်လျက် အလောင်းတော်
ဆတ်က ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလေ၏။
ထိုဂါထာ၏ သဘောအဓိပ္ပါယ်မှာ
အို ယမနေပင်၊ သင်သည် ငါ၏ရှေ့သို့ကျလာ
အောင် ယမနေသီးတို့ကို ပစ်ပေးနေ၏။
ထိုအကြောင်းကို ဆတ်ဖြစ်သူငါကကောင်း
ကောင်းကြီး သိထားပါပြီ။ ထို့ကြောင့် သင့်
အပင်က အသီးတို့ကို ငါမစားချင်တော့ပါ။
အခြား ယမနေပင်သို့ သွားတော့မည်ဟူ၍
ဖြစ်ပေသည်။
အလောင်းတော်ဆတ်က ယမနေပင်ပေါ်မှာ
လင့်စင်ထိုး၍စောင့်နေသော တောလိုက်မုဆိုး
ကို မြင်ပြီးဖြစ်ပျလျက် မမြင်သကဲ့သို့ပြောဆိုခြင်း
ဖြစ်၏။
အလောင်းတော် ဆတ်သည် ပြောပြောဆိုဆို
ဖြင့်ပင် ထိုနေရာမှ ထွက်လာခဲ့ရာ ယမနေပင်
ပေါ်ရှိ တောလိုက်မုဆိုးက လှံတစ်ချောင်းကို
အရှိန်ပြင်းပြင်းနှင့် ပစ်လွှတ်လိုက်လေသည်။
သို့ရာတွင် ဆတ်ကို မထိမှန်ဘဲ လွဲချော်သွား
လေ၏။
(ငါးရာ့ငါးဆယ်၊ ဧကကနိပါတ်၊ ကုရုင်္ဂ၀ဂ်၊ ကုရုင်္ဂ
မိဂဇာတ်)
ဝဏ္ဏသီရိ

No comments:
Post a Comment