Friday, July 10, 2015

သံသရာရဲ့အစ

သံသရာရဲ့အစ
===========
ဆရာတော် အရှင်မြတ်များဘုရားသံသရာရဲ့ အစဆိုတာကို နားမလည်နိုင် ဖြစ်နေပါသည်ဘုရား။ အခြားဘာသာတွေမှာတော့ ထာဝရဘုရားသခင်က စတင်ဖန်ဆင်းသည်ဟု ကြားဖူး ပါသည်။ အဲဒီအတိုင်းမှန်ရင် ဖန်ဆင်းတဲ့အချိန်ကစပြီး လူတွေစဖြစ်လာတယ်လို့ လွယ်ကူစွာ နားလည်နိုင်မည်ဟုထင်ပါသည်။ လူတွေဟာ ကမ္ဘာပေါ်မှာ ဒါမှမဟုတ် စကြ၀ဠာထည်းမှာ ဘယ်တုန်းက စတင်ဖြစ် ပေါ်ခဲ့ပါသနည်း။ သတ္တ၀ါတွေရဲ့ မူလအစဟာ ဘယ်အရာ ဖြစ်ပါသနည်း။ သို့မဟုတ် သက်ရှိလောက၏ အစဆုံးသောအရာဟာ မည်သည့်အရာ ဖြစ်ပါသနည်း။ ဖြစ်နိုင်ပါလျင် ဗုဒ္ဓ၀ါဒအဆိုကိုသာမက အခြားဘာသာတို့၏ အဆိုကိုပါ ပြည့်စုံစွာ သိလိုပါသည်ဘုရား။ခြေတော်ကို ဦးခိုက်လျက်ဗာဂျီးနီးယားမှ ဦးဦးသိန်းထွန်းပါဘုရား
Answered By - ဆရာတော် ဦးကေလာသဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 6 Apr 2008ကျမ်းတွေရဲ့အဆို'ထို့နောက် ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ လူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျင် လူသည် အသက်ရှင်သော သတ္တ၀ါဖြစ်လေ၏ (ကမ္ဘာဦးကျမ်း ၁၊ ၇)။ ထိုအခါ ထာဝရအရှင် ဘုရားသခင်သည် လူထည်းက ထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့လေ၏ (ယင်း ၁၊ ၂၂)။ ထို(အလာဟ်) အရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူ ၏ (ကုရ်အာန်ကျမ်း ၉၆း၂)။ ထိုမှတစ်ပါး စင်စစ်ဧကန် ငါ(အလာဟ်)အရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသံမြည်သော ရွှံ့ပုပ်ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည် (ယင်း ၁၅၊ ၂၆)'။ (စကား မစပ် အခန်း ၉၄ နဲ့ အခန်း ၁၅ အဆိုတွေ ဆန့်ကျင်နေသလားပဲ။) ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ဘာသာတရားတွေ စတင်ရာ အဲဒီ ကျမ်းစာတွေအဆိုရ လူသတ္တ၀ါတွေဟာ ဘုရားသခင် ဖန်ဆင်းချိန်က စတင်ခဲ့ တယ်လို့ တစ်နည်းဆိုရင် သက်ရှိနဲ့ စကြ၀ဠာအစ ဖန်ဆင်းရှင်ကလို့ ဆိုနိုင်ပါတယ်။ မဟာဗြဟ္မာ၊ ယေဟောဝါ၊ ထာဝရ၊ အလာ၊ ခိုဒါ စတဲ့ အမည်နာမအားလုံးကို ဒီနေရာမှာ ဖန်ဆင်းရှင်လို့ ဆိုလိုပါတယ်။
ဗုဒ္ဓ မိန့်ဆိုပုံ'ဤစဉ်ဆက်မပြတ် လည်ပတ်မှုဖြစ်စဉ် မွေးသေစက်ဝန်း (ဘ၀သံသရာ)သည် အစမထင်ဘဲရှိ၏။ အ၀ိဇ္ဇာ(မသိမှု)ဖြင့် မြှေးယှက်ကြကုန်လျက် တဏှာ(စွဲလမ်းမှု)ဖြင့် တုပ်နှောင်ဖွဲ့ချည်ထားခြင်း ခံနေကြရသော သတ္တ၀ါတို့၏ အဦးအစ မူလရင်းမြစ်ကို မသိမြင်နိုင်' (သံ ၁၊ ၃၈၅)။ ဖန်ဆင်းရှင်ရှိ ၀ါဒကိုလက်မခံဘဲ အဲဒီလိုဟောတဲ့ ဗုဒ္ဓ၀ါဒအရ အကြောင်းဟာ အကျိုးကို ဖြစ်ပေါ်စေပြီး အဲဒီအကျိုးကပဲ တစ်ဖန် အကြောင်းတရား ဖြစ်လာတဲ့အတွက် သက်ရှိလောက ဒါမှမဟုတ် အခြားဘယ်အရာမဆိုရဲ့ ရှေးဦးအစ မူလရင်းမြစ် အကြောင်းတရားဆိုတာကို မသိမြင်နိုင်ဘူး။ ဘ၀သံသရာအလျဉ်ဟာ အ၀ိဇ္ဇာ တဏှာ ဆိုတဲ့ ညွန်ရေတွေနဲ့ ဖြည့်တင်းထားသရွေ့ စက်ဝန်းလို မရပ်မစဲ လည်ပတ်နေတယ်။ စက်ဝန်းရဲ့ အစကို ရှာမတွေ့နိုင်ဘူး။ ဒါ ဗုဒ္ဓ၀ါဒပဲ။
ဆုံးစ မထင်နိုင်ပါသတ္တ၀ါတစ်ဦး သို့မဟုတ် အရာဝတ္ထုတစ်ခု ဖြစ်ပေါ်လာဖို့ အဲဒီ သတ္တ၀ါ အရာဝတ္ထုတွေ မပေါ်ပေါက်ခင် ရှေးကတည်းက တည်ရှိနေနှင့်ပြီးဖြစ်တဲ့ ဖန်ဆင်းရှင် ရှိရမယ်လို့ယူဆရင် အဲဒီဖန်ဆင်းရှင် ကိုယ်တိုင်လဲ သူ့ကို ဖန်ဆင်းဖို့ နောက်ထပ် ဖန်ဆင်းရှင်တစ်ယောက် ရှိကိုရှိရမယ်လို့ ယုတ္တိနည်းကျ ယူဆခွင့်ရှိပါတယ်။ အဲဒီလိုဖြစ်ရင် ဖန်ဆင်းရှင်တွေ အစအဆုံး မရှိနိုင်တော့ဘူး။ အကယ်၍ အဲဒီ ဖန်ဆင်းရှင်ဟာ အဆုံးအစမရှိ၊ ဒါကြောင့် သူ့ကို ဖန်ဆင်းဖို့ နောက်ထပ် အကြောင်းတရား (ဖန်ဆင်းရှင် နောက်တစ်ဆူ)မလိုပါဘူးလို့ ဆိုရင်တော့ 'ဖန်ဆင်းရှင် အဆုံးအစ မရှိသလို ဘ၀သံသရာဟာလဲ အဆုံးအစမရှိပါဘူး' လို့ပဲ ဆိုရပါလိမ့်မယ်။ နောက်တစ်မျိုး ပြောရရင် အကယ်၍ တစ်စုံတစ်ယောက်သော တန်ခိုးရှင်ရဲ့ ဖန်ဆင်းခြင်းမျ မခံရဘဲ အဲဒီအဦးအစ မူလရင်းမြစ်ဖြစ်တဲ့ အကြောင်းတရား (ဆိုပါစို့ ဆုံးစမဲ့ ဖန်ဆင်းရှင်) တည်ရှိနိုင်တယ်ဆိုရင် စကြ၀ဠာထဲက အခြားတစ်ပါးသော သဘာဝတရားတွေလဲ ဖန်ဆင်းခြင်းမခံရဘဲ မတည်ရှိနိုင်စရာ အကြောင်းရှိပါ့မလား။ ဖန်ဆင်းမှု ကင်းလွတ်တဲ့ နယ်ပယ်တစ်ခု ဧကန်ရှိရမယ်ပ။
သိပ္ပံလဲ မနိုင်သေးသိပ္ပံပညာရှင်တွေဟာ တည်ရှိဆဲ သက်ရှိတစ်မျိုး ဒါမှမဟုတ် အရာဝတ္ထုတစ်ခုရဲ့ မူလအစကို တစ်ခုပြီးတစ်ခု ရှာဖွေကြရင်း အကြောင်းတရားက အကျိုးတရားဖြစ်သွားပြီး နောက်ဆုံးတော့ ဆိုထားပြီး အကျိုးတရားဟာလဲ အခြားသော အကျိုးတရားတစ်ခုကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရား ဖြစ်သွားပြန်တယ်။ အဲဒီလို ရှာဖွေရင်း မူလမှတ်ကိုပဲ ပြန်ရောက်သွားကြတာကို တွေ့ရပါလိမ့်မယ်။ သက်ရှိတွေ၊ သစ်ပင်တွေ၊ ûဂိဟ်တွေ၊ ဒြပ်ဝတ္ထုနဲ့ စွမ်းအင်တွေရဲ့ မူလအကြောင်းတရားအချို့ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်ပေမဲ့ မိမိတို့ကိုယ်တိုင် ဖြစ်ပေါ်တည်ရှိမှုရဲ့ မူလရင်းမြစ် ရှေးဦး အကြောင်းတရားကိုတော့ တွေ့ရှိနိုင်စွမ်း မရှိကြသေးပါဘူး။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက သတ္တ၀ါတွေရဲ့ ရှေးဦးမူလရင်းမြစ် အကြောင်းတရားကို မသိမြင်နိုင်ဘူး သံသရာအစမရှိဘူးလို့ ဟောတော်မူတာ ဖြစ်ပါတယ်။ အဲဒီလို အစမရှိတာကို အစမရှိဘူးလို့ အမှန်အတိုင်း ထိုးထွင်းသိမြင်လို့ပဲ ဗုဒ္ဓမြတ်စွာကို သဗ္ဗညုတ(အလုံးစုံသိ)ညာဏ်တော် ပိုင်ရှင်လို့ ခေါ်ဝေါ်နိုင်တာပါ။ ဒါကြောင့် မူလရင်းမြစ် အကြောင်းတရား တစ်ရပ်မရှိဘဲ သတ္တလောက ဘယ်လိုဘယ်ပုံ စတင် ဖြစ်ပေါ်လာသလဲဆိုတာနဲ့ ပတ်သက်လို့ ဗုဒ္ဓါဒီတစ်ယောက်ရဲ့အဖြေက ရှင်းပါတယ် 'ဒီမေးခွန်းအတွက် အဖြေမရှိပါ'တဲ့။ အချိန်နဲ့ အာကာသ (Time and Space)ဟာ တစ်ခုစီ သီးခြား မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်ဖြစ်စဉ်နဲ့ အမှီသဟဲ ûပနေတယ်ဆိုတဲ့ သဘောတရား (Relitivity)ကို နားလည်ရင် လောကမှာ အစမရှိဆိုတာကိုလဲ နားလည်နိုင်ပါလိမ့်မယ်။
လောကအရာ မကြံရာအာကာသရဲ့ အဆုံးကို သိမြင်ဖို့ ခဲယဉ်းတယ်။ အချိန်ရဲ့ သက်တမ်းကို နားလည်ဖို့လဲ မလွယ်ဘူး။ ဒီ့ထက် အချိန်ဆိုတဲ့အရာ မရှိတော့ရင် အချိန်ဆိုတာကို နားလည်ဖို့ ပိုပြီးခဲယဉ်းသွားတယ်။ အဲဒီလိုပဲ မူလရင်းမြစ် အစဦး အကြောင်းတရားကို အခြေûပပြီး ဟောဒီ ကမ္ဘာလောက ဖြစ်ပေါ်လာပုံကို နားလည်ဖို့ ခက်ခဲပါတယ်။ အနှီမူလရင်းမြစ် အကြောင်းတရားရဲ့ စတင်ဖြစ်တည်ပုံကို နားလည်ဖို့ဆိုရင် ပိုမို မခဲ ယဉ်းဘူးလား။ ဒါကြောင့် ဗုဒ္ဓရွှင်တော်မြတ်က 'လောကစိန္တာ ဘိက္ခဝေ အစိန္တေယျာ = ရဟန်းတို့၊ လောကအရာကို မကြံစည်ကြနှင့် (အံ ၁၊ ၃၉၂)' လို့ မိန့်မှာတော်မူတာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဗုဒ္ဓ၀ါဒ ဟာ သိပ္ပံပညာ မဟုတ်ပါဘူး။ ဒါကြောင့် လောကအကြောင်း စကြ၀ဠာအကြောင်းကို ကြံစည် စဉ်စားဖို့က သိပ္ပံပညာရှင်တွေရဲ့ တာဝန်ပါ။
ဗုဒ္ဓမဖြေကြားဘူးလူတွေ စိတ်ဝင်စားနိုင်ဖွယ်ရှိပေမဲ့ ၀ိမုတ္တိ(ဒုက္ခမှလွတ်မြောက်မှု)နှင့် မပတ်သက်လို့ အဲဒီလို မေးခွန်းမျိုးကို ဗုဒ္ဓကိုယ်တိုင် မဖြေကြားခဲ့ပါဘူး။ ဘာကြောင့်ဆို မေးခွန်းကိုက လူတစ်ယောက်ရဲ့ အဆင့်မမီတဲ့ နား လည်မှုရဲ့ ရလဒ် ဖြစ်နေလို့ပါပဲ။ စကြ၀ဠာရဲ့ မူလရင်းမြစ်နဲ့ ပတ်သက်တဲ့ သီအိုရီတွေ၊ ယုံကြည်မှုတွေ၊ လောကဟာ အဆုံးရှိသလား မရှိဘူးလား ဆိုတာတွေကို စဉ်းစားနေမဲ့အစား ဒုက္ခမှ လွတ်မြောက် မှုကို ကြိုးစား ရှာဖွေကြဖို့ကိုသာ ဗုဒ္ဓက အရေတကြီး တိုက်တွန်းခဲ့ပါတယ်။ မြားမှန်သူဟာ မြားဘယ်အရပ်က လာတယ်၊ ဘယ်သူ ပစ်တယ်ဆိုတာကို အချိန်ကုန်ခံ စုံစမ်းနေမဲ့အစား အသက်ရှင်ဖို့ ခန္ဓာ ကိုယ်ထဲက မြားကို အရင်ဆုံး ဖယ်ရှားပစ်ဖို့က ပိုမို အရေးကြီးကြောင်းပါ။
လွင်အောင် မျိုး's photo.

No comments:

Post a Comment