Tuesday, July 21, 2015

ဒေါက်တာ ဘမော် ၏ ကိုယ်ရေးရာဇ၀င်

ဒေါက်တာ ဘမော် ၏ ကိုယ်ရေးရာဇ၀င်
နိုင်ငံတော် အဓိပတိ ၁၉၄၃ ၊
နိုင်ငံတော် ၀န်ကြီးချုပ် - ၁၉၃၇ ၊
ပညာရေး နှင့် ကျန်းမာရေး ၀န်ကြီး ၁၉၃၄ ၊
Profile of Dr Ba Maw
Nainggandaw Adipadi 1943, Prime Minister 1937, Minister for Health & Education 1934
မိဘ နှင့် ဇာတိ
ဒေါက်တာဘမော် ကို ၁၈၉၃ ခုနှစ် ၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ရှိ ၊ မအူပင်မြို့ တွင် အမျိုးသား နိုင်ငံရေး ခေါင်းဆောင် ဦးကျေး နှင့် ဒေါ်သိန်းတင် တို့က မွေးဖွား ခဲ့သည်။ ဖခင်ဖြစ်သူ ဦးကျေးမှာ ကျိုက္ခမီ ဇာတိ ဖြစ်ပြီး ၊ အင်္ဂလိပ် နှင့် ပြင်သစ် ဘာသာစကား များ ကို ကျွမ်းကျင်စွာ ပြောဆို နိုင်သော ခေတ်ပညာတတ် တစ်ဦး ဖြစ်ကာ မြန်မာ ဘုရင်များ ဖြစ်သော မင်းတုန်းမင်း နှင့် သီပေါမင်း တို့၏ တရားရုံး အရာရှိ အဖြစ် အမှုထမ်း ခဲ့ သူ ဖြစ်သည်။
ပညာအရည်အချင်း
ရန်ကုန်မြို့ စိန်ပေါလ် အထက်တန်းကျောင်း မှ တက္ကသိုလ်ဝင်တန်း ကို အောင်မြင်ခဲ့ပြီး ၊ (၁၉၁၃) ခုနှစ်တွင် ရန်ကုန်ကောလိပ် မှ ဘီအေ ၊ ၀ိဇ္ဇာ ဘွဲ့ကို လည်းကောင်း ၊ (၁၉၁၇) ခုနှစ် တွင် အိန္ဒိယနိုင်ငံ ကာလက္ကာတား တက္ကသိုလ် မှ အမ်အေ ၊ မဟာ ၀ိဇ္ဇာ ဘွဲ့ကို လည်းကောင်း ၊ (၁၉၂၂) ခုနှစ် နှင့် (၁၉၂၃) ခုနှစ်များတွင် အင်္ဂလန်နိုင်ငံ ၊ ကင်းဘရစ် တက္ကသိုလ် ၌ ပါရဂူဘွဲ့ စာတမ်း ပြုစုခြင်းကို လည်းကောင်း ၊ (၁၉၂၄) ခုနှစ် တွင် လန်ဒန်မြို့၊ ဂရေးအင်မှ ၀တ်လုံတော်ဘွဲ့ (Bar-at-Law) ကို လည်းကောင်း ၊ (၁၉၂၄) ခုနှစ် တွင်ပင် ပြင်သစ်နိုင်ငံ ၊ ဘောဒိုး တက္ကသိုလ် မှ ပီအိပ်ခ်ျဒီ ၊ ပါရဂူဘွဲ့ ကို ပြင်သစ်ဘာသာဖြင့် ရေးသား သော ကျမ်း ကို ပြုစု ၍ လည်းကောင်း ထူးချွန်စွာ တတ်မြောက် အောင်မြင် ခဲ့ပါသည်။
အလုပ်အကိုင်
(၁၉၁၇) ခုနှစ်မှ (၁၉၂၀) ခုနှစ် အတွင်း ရန်ကုန်မြို့ တွင် အထက်တန်းကျောင်း ၏ ကျောင်းအုပ် အဖြစ် လည်းကောင်း ၊ ရန်ကုန်ကောလိပ် အင်္ဂလိပ်စာဌာန ၊ ဌာနမှူး အဖြစ် လည်းကောင်း လုပ်ကိုင် ခဲ့ပါသည်။ ရန်ကုန်ကောလိပ် အင်္ဂလိပ်စာ ဌာန၏ ဌာနမှူး အဖြစ် မြန်မာ လူမျိုး တစ်ဦး အား ပထမဦးဆုံး အကြိမ် ခန့်အပ် တာဝန်ပေးခြင်း ဖြစ်ပါသည်။
အင်္ဂလန်မှ ၀တ်လုံတော်ရ ဘွဲ့ ရရှိပြီးနောက် (၁၉၂၄) ခုနှစ်တွင် ဗဟို တရားရုံးချုပ် ၏ ၀တ်လုံတော် အဖြစ် လုပ်ကိုင် ခဲ့ပါသည်။ (၁၉၃၀) ခုနှစ်တွင် ဖြစ်ပွားသော တောင်သူလယ်သမား တော်လှန် ပုန်ကန်မှု ၏ ခေါင်းဆောင် ဆရာစံ ၏ ခေါင်းဆောင် ၀တ်လုံတော် အဖြစ် အမှု ကို လိုက်ပါ ဆောင်ရွက် ပေးခဲ့ ပါသည်။
နိုင်ငံရေးသမားဘဝ
(၁၉၃၂) ခုနှစ်တွင် ကျင်းပသော ရွေးကောက်ပွဲတွင် အပြတ်အသက် အနိုင် ရရှိသည့် GCBA ၏ ပါလီမာန် အဖွဲ့ ၏ ခေါင်းဆောင် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပြီး ၊ ခွဲရေး-တွဲရေး တွင် တွဲရေး ဖက်က ရပ်တည် ခဲ့ပါသည်။ (၁၉၃၄) ခုနှစ်တွင် GCBA ၊ ပါလီမာန် အဖွဲ့၏ မူဝါဒ ပြောင်းလဲပြီး အစိုးရ အဖွဲ့ တွင် ပါဝင်ရန် ဆုံးဖြတ်လိုက် သောကြောင့် ပညာရေး နှင့် ကျန်းမာရေး ၀န်ကြီး အဖြစ် ဆောင်ရွက် ခဲ့ပါသည်။ (၁၉၃၆) ခုနှစ် တွင် ဆင်းရဲသား ၀ံသာနု ပါတီ ကို ထူထောင် ခဲ့ပြီး ၊ (၁၉၃၆) ခုနှစ် ရွေးကောက်ပွဲ ကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိ သဖြင့် ဦးပု အုပ်စု နှင့် ညွန့်ပေါင်း အစိုးရ ဖွဲ့ ကာ ၀န်ကြီးချုပ် အဖြစ် (၁၉၃၇) ခုနှစ် မှ (၁၉၃၉) ခုနှစ် အထိ ဆောင်ရွက် ခဲ့ပါသည်။ (၁၉၃၉) ခုနှစ် တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေး အတွက် ပါလီမာန် အတွင်း ဆောင်ရွက်ရန် နယ်ချဲ့ အင်္ဂလိပ် အစိုးရ က နည်းမျိုးစုံ ဖြင့် ဟန့်တား နှောက်ရှက် နေသဖြင့် ပါလီမာန် ပြင်ပ တွင် ဆောင်ရွက်ရန် နိုင်ငံရေး ပါတီများ နှင့် ကျောင်းသား သခင် လူငယ်များ ကို စုစည်း ကာ “ထွက်ရပ်ဂိုဏ်း” ကို တည်ထောင်ခဲ့ပြီး ၊ ထွက်ရပ်ဂိုဏ်း ၏ ဥက္ကဌ အဖြစ် ဆောင်ရွက် ကာ မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှု ကို စတင် ခဲ့ပါသည် ။ ထို့ကြောင့် နယ်ချဲ့ အင်္ဂလိပ် အစိုးရ က (၁၉၄၀) ခုနှစ် သြဂုတ်လ တွင် ဖမ်းဆီး ကာ ၊ ပြည်မ နှင့် ဝေးလံ သော မိုးကုတ်ထောင် တွင် ချုပ်နှောင် ထားခဲ့ ပါသည်။ သို့ရာတွင် (၁၉၄၂) ခုနှစ် ဧပြီလ တွင် နယ်ချဲ့ အင်္ဂလိပ် တို့ ၏ မိုးကုတ်ထောင် မှ ထွက်ပြေး လွတ်မြောက် ခဲ့ပါသည် ။ (၁၉၄၂) ခုနှစ် တွင် ဗမာ နိုင်ငံ ယာယီ အုပ်ချုပ်ရေး ကော်မတီ၏ အုပ်ချုပ်ရေးမှုး အဖြစ် ဆောင်ရွက်ကာ ၊ (၁၉၄၃) ခုနှစ်တွင် ဗမာနိုင်ငံ လွတ်လပ်ရေး ရရှိရေး ပြင်ဆင်မှု ကော်မရှင် ၏ အကြီးအကဲ အဖြစ် ဆောင်ရွက် ခဲ့ပါသည်။ (၁၉၄၃) ခုနှစ် သြဂုတ်လ (၁) ရက်နေ့ တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသော အခါ ဖွဲ့စည်းသည့် လွတ်လပ်သော ဗမာပြည် အစိုးရ ၏ နိုင်ငံတော် အဓိပတိ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ (၁၉၄၄) ခုနှစ် တွင် တိုကျိုမြို့ သို့ ဂျပန် ဘုရင်၏ ဧည့်သည်တော် အဖြစ် သွားရောက်ကာ ဂျပန်စစ်တပ်များ မြန်မာနိုင်ငံ မှ ဆုတ်ခွာ သည့် အချိန်တွင် မြန်မာပြည် ၏ အဆောက်အဦ နှင့် သံယံဇာတ အမွေအနှစ် များ ကို နယ်ချဲ့ အင်္ဂလိပ် စစ်တပ်များ ဆုတ်ခွာစဉ်က ကဲ့သို့ ဖျက်ဆီးခြင်း မပြုရန် ၊ အထူးသဖြင့် ရန်ကုန်မြို့ နှင့် ရွှေတိဂုံ စေတိတော်ကြီးအား ထိခိုက်မှု မရှိစေရန် ကတိက၀တ် ကို ဂျပန် အစိုးရ ထံ မှ ရယူနိုင် ခဲ့ပါသည် ။ (၁၉၄၅) ခုနှစ် တွင် နယ်ချဲ့ အင်္ဂလိပ် တို့ မြန်မာပြည် ကို ဒုတိယ အကြီမ် ပြန်လည် သိမ်းပိုက်သော အခါ နယ်ချဲ့ အင်္ဂလိပ် လက်အောက် မှ လွတ်မြောက်ရေး လှုပ်ရှားမှု ကို ထပ်မံ ဆင်နွှဲရန် ဂျပန် နိုင်ငံ တွင် ခေတ္တ တိမ်းရှောင် နေထိုင်ခဲ့ပါသည် ။ (၁၉၄၅) ခုနှစ် ဒီဇင်ဘာလ မှ (၁၉၄၆) ခုနှစ် ဇူလိုင်လ အထိ မဟာမိတ် တပ်များ က ဂျပန်နိုင်ငံ ၊ ဆူဂါပို အကျဉ်းထောင် တွင် ဖမ်းဆီး ချုပ်နှောင် ထားခဲ့ ပါသည် ။ (၁၉၄၆) ခုနှစ် တွင် မဟာ ဗမာပါတီ ကို တည်ထောင် ဦးဆောင် ခဲ့ပြီး ၊ (၁၉၄၇) ခုနှစ် သြဂုတ်လ မှ (၁၉၄၈) ခုနှစ် ဇူလိုင် လ အထိ ဦးနု အစိုးရ ၏ ဖမ်းဆီး ချုပ်နှောင်ခြင်း ကို ခံခဲ့ ရပါသည်။ (၁၉၅၇) ခုနှစ် တွင် နိုင်ငံရေး မှ အနားယူ ခဲ့သော်လည်း ၊ (၁၉၆၆) ခုနှစ် မေလ တွင် ဗိုလ်ချုပ် နေ၀င်း စစ်အစိုးရ ၏ ထပ်မံ ဖမ်းဆီး ချုပ်နှောင်ခြင်း ကို ခံခဲ့ ရပါသည်။
မိသားစု
(၁၉၂၆) ခုနှစ် တွင် ဒေါ်ခင်မမမော် နှင့် အိမ်ထောင်ပြုခဲ့ပြီး ၊ သားသမီး (၇) ဦး ဖြစ်သော ဒေါ်တင်ဇာမော် (ဗိုလ်ရန်နိုင် ၏ ဇနီး) ၊ ဦးဇာလီမော် ၊ ဒေါက်တာ မာလာမော် ၊ ဒေါ်သီတာမော် ၊ ဒေါ်ဥမ္မာမော် (ရှေ့နေ နိုင်ငံရေး သမားကြီး ဦးရဲထွန်း ၏ ဇနီး) ၊ ဦးဗညားမော် ၊ ဦးနေတာမော် တို့ ထွန်းကား ခဲ့ပါသည်။
နိုင်ငံတကာ ဆုချီးမြှင့်မှုများ
အင်္ဂလိပ် အစိုးရ ၏ ပါလီမာန် စနစ် အရ (၁၉၃၇) ခုနှစ် တွင် နိုင်ငံတော် ၀န်ကြီးချုပ် အဖြစ် တာဝန်ယူသည့် အချိန် တွင် အင်္ဂလိပ် အစိုးရက ဆာဘွဲ့ ချီးမြှင့် ရန် စီစဉ် ခဲ့သော်လည်း ဒေါက်တာ ဘမော် သည် အင်္ဂလိပ် တို့က ဗမာပြည်အား နယ်ချဲ့ သိမ်းပိုက် ထားခြင်းကို ကန့်ကွက်သည့် အနေဖြင့် ဆာဘွဲ့ ချီးမြှင့်ခြင်း ကို ငြင်းပယ် ခဲ့ပါသည် ။ သို့သော် (၁၉၄၃) ခုနှစ် နှင့် (၁၉၄၄) ခုနှစ် တို့တွင် ဂျပန် အစိုးရ က နိုင်ငံတကာ မှ နိုင်ငံရေး ခေါင်းဆောင်များကို ချီးမြှင့်သည့် တက်နေ၀န်း ၊ ပထမ အဆင့် “the Order of the Rising Sun, First Class” နှင့် တက်နေ၀န်း ၊ ပိုလိုနီးယားပန်း အဆင့် “the Order of the Rising Sun, Paulownia Flowers” တို့ကို မူ ဂျပန်တို့ က မြန်မာနိုင်ငံ အား လွတ်လပ်ရေး ပေးသည့် အတွက်ကြောင့် လည်းကောင်း ၊ ဒုတိယ ကမ္ဘာစစ် ၏ အခြေအနေ အရ မြန်မာ့မြေ ပေါ်သို့ ရောက်ရှိ နေသော ဂျပန် စစ်တပ် များ၏ ဘေးရန် မှ မြန်မာပြည်သူ များ ကို ကာကွယ်ရန် အတွက် လည်းကောင်း လက်ခံ ရယူ ခဲ့ပါသည်။
စာအုပ်ရေးသား
နယ်ချဲ့ ဆန့်ကျင်ရေး ၊ လွတ်လပ်ရေး ရရှိရေး လှုပ်ရှားမှု ၏ အတွင်းရေးများ ကို ကိုယ်တိုင် အသေးစိတ် မှတ်တမ်းတင် ရေးသား ထားသော “BREAKTHROUGH IN BURMA: MEMOIRS OF REVOLUTION, 1939-1946” အမည် ရှိ စာအုပ် ကို မြန်မာပြည် တွင် ထုတ်ဝေခွင့် မရရှိ သဖြင့် နိုင်ငံခြားသို့ မိတ်ဆွေများ ၏ အကူအညီဖြင့် ပေးပို့ကာ (၁၉၆၈) ခုနှစ် တွင် အမေရိကန် နိုင်ငံ ၊ နယူး ဟေဗင် ရှိ ယေးလ် တက္ကသိုလ် ပုံနှိပ်တိုက် မှ ရိုက်နှိပ် ထုတ်ဝေ ခဲ့ပါသည်။
ကွယ်လွန်
(၁၉၇၇) ခုနှစ် မေလ (၂၈) ရက်နေ့ တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ တက္ကသိုလ် ရိပ်သာလမ်း ရှိ အမှတ် (၈၁-အေ) နေအိမ် တွင် ကွယ်လွန် ခဲ့ပါသည်။

No comments:

Post a Comment