Monday, July 20, 2015

ဗုဒ္ဓဘာသာတွေအတွက် အဓိကအားကိုးရာ

ဗုဒ္ဓဘာသာတွေအတွက် အဓိကအားကိုးရာ
=============================
မေး ။ ။ ဗုဒ္ဓဘာသာတွေအတွက် အဓိကအားကိုးရာက
ဘာလဲ။
ဖြေ။ ။ ဗုဒ္ဓဘာသာတွေရဲ့အဓိကအားကိုးရာက မိမိကိုယ်ကို
နဲ့ တရားတော်ပါပဲ။ သံယုတ်၊ သုတ်မဟာဝါ၊ သုတ်ပါထေယျ၊
အပါဒါန်၊ ဓမ္မပဒပါဠိတော်တွေမှာ အတ္တဒီပါဘိက္ခဝေ ၀ိဟရထ၊
အတ္တ သရဏာ မာ သညသရဏာ၊ ဓမ္မဒီပါ ဘိက္ခဝေ ၀ိဟရထ
ဓမ္မသရဏာ၊ မာ သညသရဏာ တရားတော်နဲ့ ကိုယ့်ကိုယ်ကို
ကျွန်းကြီးသဖွယ် မှီခိုအားထားကြ အားကိုးကြ၊ တခြားဘယ်သူ
မှ ဘယ်သူ့ကိုမှ အားမကိုးကြနဲ့လို့ ဟောထားပါတယ်။ တရား
ကို သိအောင်လုပ်ပြီး ကိုယ်တိုင်ကျင့်ကြံကြလို့ ဆိုလိုတယ်။
ဒီနေရာမှာ မောဂ္ဂလာန်နဲ့ဘုရားရှင်ရဲ့ အမေးကို သိဖို့လိုတယ်။
ဂဏမောဂ္ဂလာန် - မြတ်စွာဘုရား၊ ဘုရားရှင်ရဲ့တပည့်သာဝက
အားလုံးဟာ တရားထူးရကြပါသလား။
ဘုရားရှင် - အားလုံးတရားထူး မရကြပါဘူး။ ရသူလည်းရှိ၊
မရသူလည်း ရှိပါတယ်။
ဂဏမောဂ္ဂလာန် - ဘယ့်နှယ့်လဲ ဘုရားရှင်ကိုယ်တိုင်ဟောကြား
ပြသနေပါလျက် ဘာဖြစ်လို့အားလုံးတရားထူးမရကြပါသလဲ။
ဘုရားရှင် - ဒီကိစ္စမှာ သင့်ကိုပဲ ငါပြန်မေးရဦးမယ်။ သာဝတ္ထိပြည်
သွားချင်တဲ့ လူနှစ်ယောက်က ဘယ်လမ်းကသွားရပါမလည်းလို့
သင့်ကိုလာမေးရင် သင်ကလမ်းမှန်ကိုညွှန်ပြမယ်။ တစ်ယောက်
ကတော့ သင်ညွှန်တဲ့လမ်းအတိုင်း သွားတယ်။ တစ်ယောက်
ကတော့ သင်ညွှန်တဲ့လမ်းအတိုင်းမသွားဘူး။ နှစ်ယောက်စလုံး
သာဝတ္ထိပြည်ကို ရောက်ပါ့မလား။
ဂဏမောဂ္ဂလာန် - နှစ်ယောက်စလုံးမရောက်ပါ။ တပည့်တော်
ညွှန်တဲ့အတိုင်းသွားသူသာ ရောက်ပါမယ်။ ကျန်တစ်ယောက်
ကတော့ မရောက်ပါဘူး။
ဘုရားရှင် - အေး ထိုနည်းအတူပဲ၊ ငါဘုရားညွှန်ကြားပြသတဲ့
အတိုင်း လိုက်နာကျင့်ကြံသူသာ တရားထူးကိုရပြီး မလိုက်နာ
မကျင့်ကြံသူတွေကတော့ တရားထူးမရပါဘူး။ ငါဘုရားက
လမ်းမှန်ညွှန်ပြသူသာဖြစ်တယ်။ ငါဘုရားညွှန်ပြတဲ့အတိုင်း
မလိုက်နာသူတွေအဖို့တော့ ငါဘုရားကော ဘာတတ်နိုင်မှာ
တုန်း။
ဂဏမောဂ္ဂလာန် - ဗုဒ္ဓမြတ်စွာဟာ ကယ်တင်ရှင်မဟုတ် လမ်းမှန်
ညွှန်ပြသူသာဖြစ်ကြောင်း၊ လမ်းမှန်အတိုင်း လိုက်နာ မလိုက်နာ
ဆိုတာက လူသားရဲ့တာဝန်ဖြစ်ကြောင်း သဘောပေါက်ပါပြီ
အရှင်ဘုရား။
အထက်ပါ ဘုရားရှင်နဲ့ ဂဏမောဂ္ဂလာန် မေးဖြေပုံကိုသဘော
ပေါက်ရင် တရားတော်နဲ့ကိုယ့်ကိုယ်ကိုသာ အားကိုးစရာဖြစ်တယ်
ဆိုတာ သဘောပေါက်ကြပါလိမ့်မယ်။
ဆရာသောင်းလွင် (ဘီ-အေ)
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ


လွင်အောင် မျိုး's photo.

No comments:

Post a Comment