Friday, July 24, 2015

ဗုဒ္ဓ၏ကမ္မဝါဒကံဆိုသည်မှာ

ဗုဒ္ဓ၏ကမ္မဝါဒ
ကံဆိုသည်မှာ
ကမ္မဟူသော ပုဒ်သည်အပြုအမှု၊ ပြုလုပ်ခြင်း'အလုပ်'ဟူသော အနက်ဖြစ်သည်။
ဝေဒခေတ်အခါက ကမ္မဟူသည်မှာ ယဇ်ပူဇော်မှုဖြစ်သည်ဟု ယူဆခဲ့ကြသည်။
ယဇ်ပူဇော်မှုကို သတ်မှတ်ထားသော နည်းလမ်းများအတိုင်း တိကျကောင်းမွန်စွာ
ပြုလုပ်နိုင်လျှင်၊ ကောင်းကျိုးခံစားရသည်ဟု ဝေဒကျမ်းများကို အလေးထားစဉ်က
ယူဆခဲ့ကြသည်။ ဝေဒခေတ်နောက်ပိုင်း အရညက ကျမ်းများ နှင့် ဥပနိသျှဒ်ကျမ်းများ
ခေတ်စားလာသောအခါ ကိုယ်ကျင့်သီလကို "ကမ္မ" 'ကံ' ဟု ယူဆလာကြသည်။
သို့ရာတွင် အတွေးအခေါ်အရ ကိုယ်ကျင့်သီလကို ကံအဖြစ်လက်ခံလာသော်လည်း
ဗြာဟ္မဏဝါဒ၌မူကား "ကမ္မ" သည် ယဇ်ပူဇော်မှုသာ ဖြစ်သည်ဟု ယူမှတ်ထားဆဲ
ဖြစ်သည်။

ဗုဒ္ဓဘာသာအရ "ကမ္မ" 'ကံ' ဆိုသည်မှာ သာမာန်အပြုအမူ သက်သက်မျှသာ
မဟုတ်ဘဲ စေတနာပါသည့် စေတနာ အခြေခံသည့် အပြုအမူ ဖြစ်သည်။
"စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ"
(ရဟန်းတို့ . . . စေတနာကို ကံဟု ငါဘရားဆိုလို၏)
အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊
နိဗ္ဗေဓိကသုတ်။
အထက်ပါစကားအရ အသိနှင့်ယှဉ်၍ပြုသော စေတနာပါသော အပြုအမူကိုသာ
ကံအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ စေတနာပါသော အပြုအမူဟုဆိုရာ၌
ကိုယ်၊ နှုတ်၊ စိတ် သုံးပါး၏ အပြုအမူအားလုံး အကျုံးဝင်သည်။
ကိုယ်နှင့်လှုပ်ရှားဆောင်ရွက် ပြုမူမှု (ကာယကံ)၊
နှုတ်ဖြင့်ပြောဆိုမှု (ဝစီကံ)၊
စိတိဖြင့်တွေးတော စဉ်းစားမှု (မနောကံ)၊ သုံးမျိုးလုံးပါဝင်သည်။ ထိုကံသုံးပါးလုံးတွင်
စေတနာသည် အရင်းခံဖြစ်သည်။
စေတနာအရင်းခံသည့် အပြုအမူ၊ အသိနှင့်ယှဉ်သည့် ကံကို အပြစ်ကင်းသော
ကောင်းသောကံ(ကုသလ)၊ အပြစ်မကင်းသော မကောင်းသောကံ(အကုသလ)နှင့်
အပြစ်ကင်းသည် မကင်းသည်ဟု မသတ်မှတ်နိုင်သော ကြားဖြစ်သော ကံ(အဗျာကတ)
ဟု သုံးမျိုးခွဲခြားနိုင်သည်။ အလောဘ၊ အဒေါသ၊ အမောဟကို အခြေခံသည်
စေတနာပါသော ကံကို ကောင်းမှုကံဟု ခေါ်သည်။ လောဘ၊ ဒေါသ၊ မောဟ တို့ကို
အခြေခံသည့် စေတနာပါသောကံကို မကောင်းမှုကံဟု ခေါ်သည်။
အလောဘ၊ အဒေါသ၊ အမောဟ တို့ကိုအခြေခံသည့် စေတနာလည်း မပါ။
လောဘ၊ ဒေါသ၊ မောဟတို့ကို အခြေခံသည့် စေတနာလည်းမပါ။ ပြုကာမတ္တ မျှသာ
ဖြစ်သော ကံကို အဗျာကတ ဟု သတ်မှတ်သည်။
ကံသည် စေတနာအရင်းခံပါသော တွေးကြံ၊ ပြောဆို၊ ပြုမူမှု ဖြစ်ပေရာ ထိုကဲ့သို့
လက်ရှိအခြေအနေ၊ လက်ရှိဘဝက ပြုလုပ်သောကံနှင့် လွန်ခဲ့သော ဘဝကပြုလုပ်ခဲ့သော
အတိတ်ကံဟု နှစ်မျိုးပိုင်းခြားနိုင်သည်။ ကံဟု သာမာန်ပြောဆိုလျှင် ပစ္စုပ္ပန်ကံ
အတိတ်ကံနှစ်မျိုးစလုံး အကျုံးဝင်နိုင်သည်။ ထိုနှစ်မျိုးစလုံးသည် မျက်မှောက်ဘဝ၊
လက်ငင်းအခြေအနေ၌ အကျိုးပေးနိုင်သည်။ ဗုဒ္ဓဘာသာ အယူအဆအရ
ထိုနှစ်မျိုးအနက် ပစ္စုပ္ပန်ကံကိုသာ အလေးအနက်ထားရမည် ဖြစ်သည်။
အတိတ်ကံသည် ပြုပြင်၍လည်း မရနိုင်၊ မျက်မှောက်လူသားတို့ စွမ်းဆောင်ချက်နှင့်လည်း
တိုက်ရိုက်မဆိုင်။ ပစ္စုပ္ပန်ကံသာလျှင် မျက်မှောက်လူသားတို့ စွမ်းဆောင်ကြိုးစားမှုနှင့်
တိုက်ရိုက် သက်ဆိုင်သည်။ ဗုဒ္ဓသည် ပစ္စုပ္ပန်ကံကိုသာ အလေးအနက်ထားခဲ့သည်။
အဂုင်္တ္တရနိကာယ်၊ တိကနိပါတ်၊ တိတ္ထာယတနသုတ်၌ ပါရှိသော အောက်ပါစကားဖြင့်
ပစ္စုပ္ပန်ကံအပေါ် ဗုဒ္ဓအလေးအနက်ထားမှုကို ထင်ရှားစေနိုင်ပါသည်။ ဗုဒ္ဓက အောက်ပါ
ကဲ့သို့ မိန့်တော်မူခဲ့သည်။
" ရဟန်းတို့ . . . အကိရိယဒိဋ္ဌိသုံးမျိုးရှိသည်။ သုံးမျိုးဆိုသည်မှာ ချမ်းသာမှု၊ ဆင်းရဲမှုအားလုံးသည်
ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏ဟူသော အယူ(ပုဗ္ဗေကတဟေတုဒိဋ္ဌိ)
တစ်ပါး။ ချမ်းသာမှု ဆင်းရဲမှုအားလုံးသည် လောကကို အစိုးရသော ဗြဟ္မာ(ထာဝရဘုရား)
က ဖန်ဆင်းမှုကြောင့် ဖြစ်၏ဟု ယူဆသော အယူ(ဣဿရနိမ္မာနိကဒိဋ္ဌိ)တစ်ပါး။
ချမ်းသာမှု ဆင်းရဲမှုအားလုံးသည် အကြောင်းအရင်းမရှိဘဲ အလိုအလျောက်ဖြစ်ပေါ်၏ဟု
ယူသော အယူ (အဟေတုကဒိဋ္ဌိ) တစ်ပါး။ ဤသုံးပါးတို့ဖြစ်ကြသည်။ ဤအယူသုံးပါး
မှန်ကန်သည်ဆိုပါက လူတို့အဖို့ပြုဖွယ်ကိစ္စ တစ်စုံတစ်ရာရှိတော့မည် မဟုတ်။
အလိုရှိအပ်သော ဆန္ဒ၊ စွမ်းအင်၊ လုံ့လ ဟူ၍လည်း ဖြစ်ပေါ်တော့မည်မဟုတ်။
သူတော်သူမြတ် သမဏတို့၏ အယူဝါဒ သည်လည်း ဖြစ်ပေါ်လာတော့မည်
မဟုတ်ချေ။"
ကံအကျိုးဆက်
ကောင်းသောကံသည် ကောင်းသောအကျိုးတရားကို ဖြစ်ပေါ်စေတတ်သည်။
မကောင်းသောကံသည် မကောင်းသောအကျိုးတရားကို ဖြစ်ပေါ်စေတတ်သည်။
ကောင်း၊ဆိုး အကျိုးတရားများသည် အကျိုးပေးရန် အခွင့်အလမ်းရှိပါက ဤဘဝဖြစ်စေ၊
နောက်(ဒုတိယ) ဘဝ၌ဖြစ်စေ၊ နောက်နောင်လာမည့် ဘဝများ၌ဖြစ်စေ ဖြစ်ပေါ်လာ
တတ်သည်။
စေတနာသည် ကံ၏ အရင်းခံဖြစ်သည်။ စေတနာကို အကြောင်းပြု၍ ကံကို အကောင်း၊
အဆိုး၊ ကြားဟု ပိုင်းခြားရသည်။ သို့ရာတွင် စေတနာသက်သက်ဖြင့်ကား၊ ကံအဖြစ်
အထမမြောက်။ စေတနာကို အရင်းခံလျက် တွေးကြံမှု၊ ပြောဆိုမှု၊ ပြုမူမှု ပြုမှသာလျှင်
ကံဟုဆိုနိုင်သည်။ ထို့အပြင်ကံအဖြစ် အထမြောက် မမြောက်သတ်မှတ်နိုင်ရန် အခြား
လိုအပ်ချက်များလည်း ရှိပေသေးသည်။
ဥပမာအားဖြင့် သူတစ်ပါးအသက်ကို သတ်ဖြတ်မှု(ပါဏာတိပါတကံ) အထမြောက်
မမြောက်သတ်မှတ်နိုင်သည့် အခြေခံအချက်များရှိသည်။ ထိုအချက်များမှာ-
(အဋ္ဌသာလိနိအဋ္ဌကထာအရ)
၁။ သက်ရှိဖြစ်ခြင်း
၂။ သက်ရှိသတ္တဝါထင်ရှားရှိကြောင်းသိခြင်း
၃။ သတ်လိုသည့်စိတ်ရှိခြင်း
၎။ သတ်ရန်အားထုတ်ခြင်း
၅။ အားထုတ်မှုကြောင့် ထိုသတ္တဝါသေခြင်း . . . . . တို့ ဖြစ်သည်။
ဤအချက်များကို ထောက်ဆကြည့်ပါက စေတနာသက်သက်မျှဖြင့် ကံအဖြစ်
အထမမြောက်ကြောင်း ထင်ရှားသိနိုင်သည်။
ကံအဖြစ် အထမမြောက်သော ကောင်းသောကံ၊ ဆိုးသောကံ များသည်
ကောင်းကျိုးဆိုးပြစ်များကို အခွင့်သာပါက ဖြစ်ပေါ်စေတတ်သည်။ အချို့သော
ကံများသည် မျက်မှောက်ဘဝမှာပင် လက်ငင်းအကျိုးပေးတတ်သည်။(ဒိဋ္ဌဓမ္မဝေဒနိယကံ)
အချို့ကံများသည် နောက်(ဒုတိယ) ဘဝ၌အကျိုးပေးတတ်သည်။(ဥပပဇ္ဇဝေဒနိယကံ)
အချို့ကံများသည် နောက်နောင်ဘဝတစ်ခုခု တစ်ချိန်ချိန်၌အကျိုးပေးတက်သည်။ (အပရာပရိယဝေဒနိယကံ)
အချို့သောကံများသည်အကျိုးပေးရန် အခွင့်အလမ်းမပေါ်သောကြောင့်ဖြစ်စေ၊ ကံကိုယ်၌က အားပျော့လွန်း၍
အကျိုးမပေးနိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ရာအကျိုးမဖြစ်ထွန်းဘဲရှိတတ်သည်။(အဟောသိကံ)။
ကံ၏အကျိုးပေးပုံပေးနည်းမှာလည်း အမျိုးမျိုးရှိသည်။ အချို့ကံများသည် အသက်ရှင်နေစဉ်
ဘဝအတွင်းမှာဖြစ်စေ၊ ပဋိသန္ဓေ နေသည့်အခါ၌ဖြစ်စေ မိမိနှင့်ဆိုင်ရာ အကျိုးကို ဖြစ်ပေါ်စေသည်။(ဇန ကကံ)
အချို့ကံများသည် မိမိကိုယ်တိုင်၏ တိုက်ရိုက်အကျိုးကို မဖြစ်ပေါ်စေဘဲ၊ အခြားကံ၏ ဖြစ်ပေါ်ပြီးသော
အကျိုးကိုအထောက်အပံ့ပြုရုံသာပြုသည်။(ဥပထမ္ဘကကံ)။
အချို့ကံများသည် အခြားကံ၏ အကျိုးကို ဖိနှိပ်တားဆီးတတ်၏။(ဥပပိဠကကံ)။
အချို့ကံသည် အားနည်းသည့် တစ်ခြားကံ၏ အရှိန်အဝါကို ဖျက်ဆီးပစ်ပြီး မိမိ၏ အကျိုးကို ဖြစ်ပေါ်စေတတ်သည်။
(ဥပဃာတကကံ)သို့မဟုတ်(ဥပစ္ဆေဒကကံ)။
ထို့အပြင် ကံကို အကျိုးပေးမှု အစွမ်းအလျှောက် လေးမျိုးခွဲခြားထားသည်။
လေးမျိုးမှာ -
၁။ ဂရုက ကံ
၂။ အာစိဏ္ဏက ကံ
၃။ အာသန္န ကံ
၎။ ကဋတ္တာ ကံ တို့ ဖြစ်ကြသည်။ ထိုလေးမျိုးအနက် -
၁။ ဂရုက ကံ
အမိကိုသတ်ခြင်း၊ အဖကိုသတ်ခြင်း စသည်တို့ကဲ့သို့ ကြီးလေးသော ကံ ဖြစ်သည်။
ဤပုံစံမှာ အကုသိုလ်အတွက်ဖြစ်၍ ကုသိုလ်အတွက်လည်း အလားတူ ကြီးလေးသောကံအဖြစ် မှတ်ယူနိုင်သည်။
၂။ အာစိဏ္ဏက ကံ
အလေ့အကျင့်ဖြစ်နေသော ပြုလေ့ပြုထရှိသော ကံ ဖြစ်သည်။ ထို ဂရုကကံနှင့် အာစိဏ္ဏကကံတို့သည်
ပေါ့သောကံထက် ဦးစွာ အကျိုးပေးသည်။
၃။ အာသန္န ကံ
မသေမီကပ်၍ (သေခါနီး၌) ဖြစ်ပေါ်လာသည့် ကုသိုလ်စေတနာ အကုသိုလ်စေတနာဖြစ်သည်။
ယင်းကို မရဏာသန္နကံ ဟုလည်း ခေါ်သည်။ ဤအာသန္နကံသည် ယခင်ကပြုဖူးသော ကံ၏ရောင်ပြန်
ဟပ်မှုနှင့် ပြည့်စုံသည်။ သို့မဟုတ် ထိုပြုဖူးသော ကံ၏ အမှတ်အသား၊ (ကမ္မနိမိတ်)လည်း ဖြစ်နိုင်သည်။
သို့မဟုတ် ထိုပြုဖူးသော ကံ၏အနာဂတ် အကျိုးပေးမည့် အမှတ်အသား၊ (ဂတိနိမိတ်)လည်း ဖြစ်နိုင်သည်။
ထိုအာသန္နကံသည် ဒုတိယဘဝ၏ ဇာတိကို ဖြစ်ပေါ်စေသည်။
၎။ ကဋတ္တာ ကံ
ကြွင်းကျန်နေသော ကံဖြစ်သည်။ သေခါနီးကာလ၌ အထက်ပါ ကံသုံးမျိုး တစ်ခုခုမျှ မရှိပါက ကဋတ္တာကံက
ဒုတိယဘဝ၏ ဇာတိကို ဖြစ်ပေါ်စေသည်။
ကဋတ္တာကံသည် မျက်မှောက်ဘဝကံတို့မှ ဂရုကကံ၊ အာစိဏ္ဏကကံ၊ အာသန္နကံတို့တွင် မပါဝင်သေးသော
ကြွင်းကျန်နေသည့် ကံလည်း အကျုံးဝင်သည်။ ဘဝအဆက်ဆက်က ကြွင်းကျန်နေသော ကံလည်း
အကျုံးဝင်သည်။
ကမ္မဝါဒသည် ဘဝတစ်ဖန်ဖြစ်ခြင်း၊ သံသရာလည်ဖြင်းနှင့် ဆက်စပ်သည်ဟု ပညာရှင်တို့ ယူဆထားကြသည်။
ဘဝသံသရာ၌ ကျင်လည်ရခြင်းသည် ထိုကံကြောင့်ဖြစ်သည်ဟု ဂျိန်းဝါဒီများ(ဇိနဝါဒီများ) က ယူဆကြသည်။
မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်ခြင်းဖြင့် ဘဝများစွာသံသရာမှ ပါလာသော ကမ္မသတ္တိကို ဖြိုခွဲဖျက်ဆီးပစ်နိုင်ကာ
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်သည်ဟု ဂျိန်းဝါဒီတို့က ယုံကြည်ခဲ့ကြသည်။
ဗုဒ္ဓဝါဒအရမူ၊ သတ္တဝါတစ်ဦး ဘဝသံသရာ၌ ကျင်လည်ရခြင်းမှာ အဝိဇ္ဇာ နှင့် တဏှာ ကြောင့် ဖြစ်သည်။
ထိုသတ္တဝါ၏ အခြေအနေကိုသာလျှင် ကံကဖန်တီးပေးသည်ဟု ယူဆသည်။
အတိတ်ကံ၊ ပစ္စုပ္ပန်ကံဟူသော ကံနှစ်မျိုးအနက် အတိတ်ကံသည် ပဋိသန္ဓေ အကျိုးကိုပေးသည်။
လူသားအနေဖြင့် ချမ်းသာသော အိမ်ထောင်စု၊ ဆင်းရဲသော အိမ်ထောင်စု၌ ပဋိသန္ဓေနေရခြင်း၊
ရုပ်လှခြင်း မလှခြင်း၊ လူ့ဘဝ၊ တိရစ္ဆာန်ဘဝ စသည် ဖြစ်ရခြင်းတို့မှာ အတိတ်ကံ၏ အကျိုးပေးအရဖြစ်သည်။
ပစ္စုပ္ပန်ဘဝ၌ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ အောင်မြင်ခြင်း၊ ကျဆုံးခြင်းစသည်တို့မှာမူ အတိတ်ကံ
ပစ္စုပ္ပန်ကံ နှစ်မျိုးစလုံး၏ အကျိုးဆက်ဖြစ်သည်။ အတိတ်ကံကို လူတို့ မပြုပြင်နိုင်၊ မပြောင်းလဲနိုင်။
ထို့ကြောင့် မိမိတို့ကြိုးစားဆောင်ရွက်နိုင်သည့် ပစ္စုပ္ပန်ကံကိုသာ ကောင်းအောင်ကြိုးစားကြရမည်
ဖြစ်လေသည်။
သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြကုန်သည်။ ကံသာလျှင် အမွေခံရှိကြကုန်သည်။
ကံသာလျှင် အကြောင်းရင်း၊ အဆွေအမျိုး၊ အားထားကိုးကွယ်ရာ ရှိကြကုန်သည်။ ကံသာလျှင်
သတ္တဝါတို့ကို အယုတ်အလတ်အမြတ်ဖြစ်စေခြင်းငှာ ပြုပြင်စီမံသည်။ (မဇ္စျိမ နိကာယ်၊ စူဠကမ္မဝိဘင်္ဂသုတ်)
ဟု ဗုဒ္ဓဝါဒက ခံယူသည်။ ထိုသို့ခံယူရာ၌ အတိတ်ကံကိုသာ အားကိုးနေရန်ကား မဟုတ်ချေ။
"အတ္တဒီပံ၊ အတ္တသရဏံ" မိမိကိုယ်ကိုသာ ကိုးကွယ်ရာဟူသော စကားအရ၊ ပစ္စုပ္ပန်ကံကို
အားထားရမည်၊ ကောင်းအောင် ကြိုးပမ်းကြရမည် ဖြစ်လေသည်။
ဗုဒ္ဓ၏ကမ္မဝါဒ
နန္ဒာသိန်းဇံ

ထေရဝါဒနှင့်ပတ်သက်သောမှတ်ချက်များ

No comments:

Post a Comment