Monday, July 20, 2015

» ဗိုလ်ချုပ်အောင်ဆန်း ရေးစပ်ခဲ့သော သီချင်းနှင့် ဂျူဗလီမြင်ကွင်း

ဗိုလ်ချုပ်အောင်ဆန်း ရေးစပ်ခဲ့သော သီချင်းနှင့် ဂျူဗလီမြင်ကွင်း

ဒုတိယကမ္ဘာစစ်အတွင်း ဗမာ့ကာကွယ်ရေးတပ်မတော်  (ဘီဒီအေ) ဖွဲ့စည်းခါစကဖြစ်သည်။  ဗိုလ်ချုပ်အောင်ဆန်းသည် ပျဉ်းမနားမြို့ ရှမ်းကန်အနီးတွင် ခေတ္တနေထိုင်လျက်ရှိသည်။  ပျဉ်းမနားစစ်ရုံးမှနေ၍ တစ်ပြည်လုံးရှိတပ်များကို စီမံခန့်ခွဲလျက်ရှိပြီး တစ်ဖက်၌လည်း ဂျပန်တို့နှင့် တည့်အောင်ပေါင်းသင်းနေရဆဲ ကာလဖြစ်၏။ ဗိုလ်ချုပ်သည် အလုပ်တာဝန်များပြီးဆုံးပါက  တစ်ခါတစ်ရံနေအိမ်ပေါ်မှဆင်းလာပြီး ဝန်းကျင်၌လမ်းလျှောက်ကာ  ရံဖန်ရံခါ    ကင်းစောင့်တာဝန်ယူနေသော  ကင်းတဲရှိရာလျှောက်သွားပြီး   တာဝန်ကျရဲဘော်များနှင့် စကားစမြည် ပြောတတ်သည်။ ရဲဘော်လေးများသည် အစတွင် တပ်မတော်၏ အကြီးဆုံးပုဂ္ဂိုလ် က လာရောက်စကားပြောဆိုခြင်း ကို   ကြောက်ရွံ့နေသော်လည်း ဗိုလ်ချုပ်၏ ဖော်ရွေပွင့်လင်းသည့် ဟန်ပန်ကြောင့် နောက်ပိုင်း၌ ပြန် လည်ဆက်ဆံရဲလာကြသည်။ ဗိုလ်ချုပ်သည် အလုပ်များပြီးဆုံး ချိန်တွင် ရံဖန်ရံခါ ချည်ပုဆိုးနှင့် ရှပ်အင်္ကျီနွမ်းဝတ်ဆင်ကာ ရဲဘော်များနှင့် ရှေးဟောင်းနှောင်းဖြစ် များ ပြောတတ်သည်။ ရဲဘော် တစ်ဦးချင်း၏ အကြောင်းလည်း မေးတတ်သည်။ စကားပြောစဉ် သဘောကျသည့်အခါ လက်ခုပ်လက်ဝါးတီးလျက် ရယ်မောတတ်သည်။ ရဲဘော်များလည်း ကြောက်ရွံ့မှုလျော့နည်းသွားပြီး ဗိုလ်ချုပ်နှင့်အပြန်အလှန်ဆက်ဆံလာနိုင် ကာ ပျော်ရွှင်လာကြသည်။ ရဲဘော်များသည် ငယ်ရွယ်သူများပီပီ အားလပ်ချိန်များတွင် ပါးစပ်ထဲ၌တွေ့သည့်  ရောက်တတ်ရာရာသီချင်းများကို ဆိုကြလေ့ရှိသည်။ ဤသည်ကိုလည်း ဗိုလ်ချုပ်က သတိထားမိပုံပေါ်၏။  တစ်နေ့ . . . ဗိုလ်ချုပ်သည်  အိမ်ပေါ်မှဆင်းလာပြီး ကင်းတဲဆီလျှောက်လာကာ ရဲဘော်များကို သူသီချင်းတစ်ပုဒ်   စပ်ဆိုလာကြောင်း၊ အားလပ်ချိန်များတွင်  ရောက်တတ်ရာရာဆိုကြမည့်အစား  ယခုသီချင်းကို  သီဆိုနိုင်ပါကြောင်းပြောကာ အောက်ပါသီချင်းကို ဟန်နှင့်မာန်နှင့် ဆိုပြလေသည်။

ဗမာပြည်ကြီး လွတ်လပ်မှုကိုလူထုလိုချင်သည်. . . လိုချင်သည့်လွတ်လပ်မှုကို လူထုအမှန်ရမည်...တပ်မတော်သွေးနဲ့ အရင်းစိုက်တည်  လွတ်လပ်ရေးကို ပေးတိုက်သည် . . . လူထုဟာ ညီညွတ်ကာမှ တကယ်ပဲ လွတ်လပ်မည် . . .
 ရာဇဝင်အဆက်ဆက်က လွတ်လပ်တဲ့မြန်မာပြည် . . . ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ မြန်မာ၊ ထားဝယ်၊ မြိတ်နဲ့သာ ရခိုင်လည်း မကျန် ဆယ့်ခြောက်သန်းလည်း မျိုးနွယ်စုံညီ ဇွဲနဲ့အားသွန်မည် . . . ပြာဖြစ်တဲ့တို့တိုင်းပြည် တို့ထူ ထောင်မည် . . . တာဝန်ကိုယ်စီ ထမ်းရွက်လို့အတည် အလုပ်လုပ် ရမည်. . . လူထုဗိမာန်တည်ဆောက်ရေးကို အုတ်မြစ်အခြေ တည်...လူထုချီမ ပြည်ကြွမည်...
   သီချင်းဆုံးသည့်အခါ ရဲဘော်များက  သြဘာပေးကြပြီး ဗိုလ်ချုပ်ပေးသောသီချင်းစာသား ကို ကူးယူကာ နောင်ရက်များတွင် ကြိုးကြားကြိုးကြား  သီဆိုလာ ကြသည်။ ထိုသီချင်းကို လွတ်လပ်ရေးရပြီးသည့်အခါ ထိုစဉ်က ဗိုလ် ချုပ်နှင့်ဆုံတွေ့ခဲ့သော တပ်ရင်း (၁)၊ တပ်ခွဲ(၄) ရဲဘော်သုံးကျိပ် ဝင်  ဗိုလ်ကြီးဗလတပ်၌  တာဝန် ထမ်းဆောင်သည့်  တပ်ကြပ် အောင်ဖေက  ရဲဘော်သာဒင် (မြဝတီမဂ္ဂဇင်းအယ်ဒီတာ)အား ပြန်လည်ပြောပြကာ သီဆိုပြခဲ့ သည်။ ရဲဘော်သာဒင်သည် ထိုစဉ်က ဗိုလ်မှူးချုပ်တင်ဖေ၏ တာဝန်ပေးချက်အရ တပ်မတော် မှတ်တမ်းများကို စုဆောင်းနေရ သူဖြစ်၏။  ရဲဘော်သာဒင်သည် ချက်ချင်းပင်  ယဉ်ကျေးမှုဌာနမှ တယောကိုကြည်ညွန့်ကိုခေါ်ယူ၍  ရဲဘော်အောင်ဖေ  သီဆိုပြသည့် သီချင်းကို   ဂီတသင်္ကေတဖြင့် ပြောင်းလဲစေကာ စန္ဒရားဦးကြည် တူရိယာအဖွဲ့နှင့်   ပြန်လည်တီး မှုတ် သီဆိုကြည့်ခဲ့သည်။  ထိုသို့ သီဆိုတီးမှုတ်သောအခါ  ပြေပြစ် ကောင်းမွန်သည့်  သီချင်းအဖြစ် တွေ့ရပြီး ဇာတိမာန်သီချင်းအဖြစ်ခံစားရသည်ဟုဆိုပါသည်။ ဗိုလ်ချုပ်ကိုယ်တိုင် ရေးစပ်ခဲ့သော သီချင်းဖြစ်သော်လည်း လက်ဆင့် ကမ်းသူသည် တေးသွားနှင့် စာ သားသာ မှတ်မိပြီး ခေါင်းစဉ်ကိုမူ မေ့လျော့နေလေပြီ။ အဆိုပါတေးသီချင်းကို ၁၉၆၈ ဝန်းကျင် က သီဆိုတီးခတ်ခဲ့ပြီး နောက်ပိုင်း တွင် တဖြည်းဖြည်းတိမ်မြုပ်လာ ကာ နောက်ဆုံး၌ ဗိုလ်ချုပ်ရေးစပ် ခဲ့သောသီချင်းရှိသည်ဟုပင် သိသူအတော်နည်းခဲ့သည်။ ထိုသီချင်းရှာဖွေတွေ့ပြီး သီဆိုတီးခတ်သည့်အချိန်ကပင် နှစ် ၅၀ ခန့်ကြာပြီဖြစ်၍ ယခုအခါ လုံးဝနီးပါး တိမ်မြုပ်နေပြီဖြစ်သည်။ ထိုသီချင်းဗိုလ်ချုပ်ရေးစပ်ချိန်က ဒေါ်ခင်ကြည်နှင့် မတွေ့သေးဘဲ လူပျိုလူလွတ်ဘဝတွင်သာရှိသေးကြောင်း သိရှိရပါသည်။
ဗိုလ်ချုပ်နှင့်ဂီတအနုပညာရှင်များ
ဗိုလ်ချုပ်ကိုကြည့်လျှင် အမြဲ မှုန်ကုပ်ကုပ်၊  ရှုသိုးသိုး မြင်ရပြီး မျက်နှာက  အစဉ်ခက်ထန်သဖြင့်  အနုပညာမရှိသူဟု  ယူဆသူ မနည်း။ ဝတ်ဆင်ရာတွင်လည်း ဖိုသီဖတ်သီဖြင့် ပြီးစလွယ် ဝတ် ဆင်တတ်ပြီး ကျောင်းသားဘဝက ဆံပင်စုတ်ဖွား   မြင်ရလေ့ရှိရာ လူထူးလူဆန်းသဖွယ် ကြည့်သူ မနည်းခဲ့။ ထို့နောက် စာရေးဆရာ ဒဂုန်တာရာ(ကိုဌေးမြိုင်)က တာရာမဂ္ဂဇင်းမှ အောင်ဆန်း (သို့မဟုတ်) အရိုင်း ဟူ၍ ရေးလိုက်ရာ စိတ်ထိခိုက်သွားပုံပေါ်သည်။ ထို့ကြောင့်  ‘‘ဌေးမြိုင်ကတော့ ကိုယ့်ကို  အရိုင်းလို့ရေးတယ်။ ကိုယ်ဒီလောက်လည်း မရိုင်းသေး ပါဘူးကွာ’’ဟု တုံ့ပြန်ပြောကြား ၏။ အမှန်မှာ ဗိုလ်ချုပ်သည် လူပီ သလွန်းသူဖြစ်သည်။ လောက ဝတ်၊ ဧည့်ဝတ်မလုပ်တတ်။ ပြော စရာရှိလျှင် ဘွင်းဘွင်းပြောတတ် သည်။ ခံစားစရာရှိလျှင် သူများ ထက် ခံစားတတ်သည်။ သို့သော် သူ့စိတ်အလျဉ်သည် နေ့နေ့ညည လွတ်လပ်ရေးအတွက်သာဖြစ်နေ၍  အခြားအာရုံမများနိုင်ဘဲ လွတ်လပ်ရေးမည်သို့ အရယူမည် နည်းဆိုသည်သာ တွေးတောကြံ ဆနေသူဖြစ်၏။ တစ်ခါတလေ စိတ်လက်ပေါ့ပါးသည့်အခါမျိုး တွင်သာ သီချင်းဆိုညည်းလေ့ရှိ သည်။  ဗိုလ်ချုပ်မကြာမကြာ ညည်းတတ်သော သီချင်းအချို့မှာ အဆိုတော် ဒေါ်မေရှင်နှင့် ဒိုရာ သန်းအေး (ဘိလပ်ပြန်သန်း)တို့၏ သီချင်းများဖြစ်ကြသည်။ သီချင်းကြောင့်ပင် ဗိုလ်ချုပ်စွံခဲ့သည် မဟုတ်ပါလော။
တစ်ခါတွင် အလုပ်ပင်ပန်း လွန်းသည့် ဗိုလ်ချုပ်သည် အပြင်း ဖျား၍ အလံပြဘုရားလမ်းရှိ ဂျပန် ခေတ် ဆေးရုံကြီးသို့တက်ခဲ့ရာ ပြုစုယုယကောင်းသော သူနာပြု ဆရာမ မခင်ကြည်နှင့်တွေ့ဆုံပြီး သံမဏိစိတ်များ အရည်ပျော်ကျ ကာ မခင်ကြည်ကို ပိုးလေသည်။ ပိုးရာတွင်လည်း ရိုးရိုးမပိုး၊ ညီ အစ်ကိုလိုရင်းနှီးသော ဂီတစာဆို ရွှေတိုင်ညွန့်ကို  အပူကပ်ကာ သီချင်းတစ်ပုဒ်ရေးခိုင်းပါသည်။ ရွှေတိုင်ညွန့်သည် နန်းတော်ရှေ့ ဆရာတင်ရေးပြီး ဒေါ်ကြည်အောင်သီဆိုသော  ‘ရာသီတော်ဦး’ သီချင်းသံစဉ်ထဲ ယခုအခါ ဆရာမဟုလူသိများသည့်  မူရင်း သော် တာယုန်စန္ဒီ  အမည်ရသီချင်းစာ သားကို  ပြောင်းလဲရေးခဲ့သည်။ အဆိုပါသီချင်း၏  အမျိုးသမီးဆို သောအပိုဒ်တွင်   ထိန်ကြည် လရောင်သန်းတော့ အလွမ်းပိုပါ သည် . . . ချစ်သူရှိရင် ဖွင့်ပြောပါ အတည် ၌ ထိန်ဆိုသောစာလုံးမှာ ဗိုလ်ချုပ်၏ငယ်နာမည် ထိန်လင်း ကိုယူထားပြီး ကြည်မှာကား ခင်ကြည်ကို  အဖျားဆွတ်၍ပေး ထားခြင်းဖြစ်၏။ လူပုံအလယ် တွင် မှတ်မှတ်ရရ ဗိုလ်ချုပ်သီချင်း သီဆိုခဲ့သည့်ဖြစ်ရပ်မှာ နှစ်ကြိမ် ရှိပါသည်။   ပထမအကြိမ်မှာ ကျောင်းနေဖက်  သူငယ်ချင်း ကိုလှမောင်၏ မင်္ဂလာဆောင်တွင် ဖြစ်ပြီး ဒုတိယအကြိမ်မှာ လွတ် လပ်ရေးအတွက် တောင်းဆိုရန် အင်္ဂလန်သို့အသွား  ဧည့်ခံပွဲ၌ ဒိုရာသန်းအေး သီချင်းဆိုရာတွင် သံပြိုင်အပိုဒ်အရောက် ဝိုင်းဝန်း ဆိုကြရာ ဗိုလ်ချုပ်ဝင်ရောက်သီ ဆိုခဲ့ခြင်းဖြစ်သည်။
တေးဂီတ၏ စွမ်းပကားကို နားလည်သော ဗိုလ်ချုပ်အောင် ဆန်းသည် လွတ်လပ်ရေးတိုက်ပွဲ စဉ်အတွင်း လူထုကို စည်းရုံးရာ၌ ဂီတကို ကောင်းစွာအသုံးပြုနိုင်ခဲ့ သည်။ ဂီတပညာရှင်များဖြစ်ကြ သော ဝိုင်အမ်ဘီဆရာတင်၊ နန်း တော်ရှေ့ဆရာတင်၊ သဟာယ ဆရာတင်၊ ဒဂုန်ဆရာတင်၊ ဆရာရွှေပြည်အေး၊ ဆရာရွှေတိုင်ညွန့်၊ ဆရာရန်နိုင်စိန်နှင့် ဂီတာစိမ်း မောင်တို့သည် ဗိုလ်ချုပ်နှင့်ရင်းနှီး ကျွမ်းဝင်သူများဖြစ်ကြသည်။ အမျိုးသမီးများထဲတွင် ယူနီဗာစီ တီမြသန်းကြည်နှင့် (ဒေါ်) စိန်ပါ တီတို့သည် ဗိုလ်ချုပ်နှင့်ပတ်သက် သည့်သီချင်းများ၊ လွတ်လပ်ရေး တိုက်ပွဲဝင်သီချင်းများသီဆိုခဲ့သူ နှစ်ဦးဖြစ်၏။ ၎င်းတို့သည် ဗိုလ် ချုပ်၏တိုက်တွန်းမှုဖြင့် တေးသီ ချင်းအများအပြား  စပ်ဆိုခဲ့ကြ သည်။ ၁၉၄၂ ခုနှစ်တွင် ဗဟန်း ရွှေဂုံတိုင်လမ်း အမှတ် (၁၅၆)၌ ဥက္ကဋ္ဌဒဂုန်ဆရာတင်၊ အတွင်းရေးမှူးရန်နိုင်စိန်၊ အမှုဆောင်များ ဖြစ်ကြသော သဟာယဆရာတင်၊ရွှေတိုင်ညွန့်၊ နန်းတော်ရှေ့ဆရာ တင်နှင့် ယူနီဗာစီတီမြသန်းကြည် တို့သည် ရန်နိုင်လွတ်လပ်ရေး ဂီတအဖွဲ့ကို တည်ထောင်ကာ ဇာတိမာန်တေးသီချင်းများ၊ လွတ်လပ်ရေးတေးသီချင်းများစပ်ဆိုပြီး လူထုထဲပျံ့နှံ့အောင် တွင်တွင်ကြီး လုပ်ဆောင်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေး  သီချင်းမှာကား ထိုမတိုင်မီကတည်းက  လူထုထဲပျံ့နှံ့နေပြီဖြစ်သည်။  စာသား သခင်ထွန်းအုပ်ရေးသားပြီး တေး သွား  သဟာယဆရာတင်၏ အဆိုပါသီချင်းကို ကြားမိသူတိုင်း ရင်နင့်အောင် ခံစားကြရသည်။
ဗမာ့လွတ်လပ်ရေးအတွက် တပ် မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် . . . အစရှိ သောမူရင်းသီချင်းကို ပြဇာတ် မင်းသားမျိုးချစ်သီဆိုပြီး နောင် အခါ ကိုအံ့ကြီးက ပြန်လည်သီဆို ခဲ့သည်။
ဗမာနိုင်ငံဂုဏ်ကို ကယ်တင် ခဲ့တဲ့ဗိုလ်ချုပ်နော် . . . အောင် ဆန်းနော် . . .  တေဇနော် . . . တို့စစ်သည်သွေးတစ်စက် ရာ ပြည်ထောင် . . . ဟုသံပြိုင်သီဆို သည့် ကယ်တင်ခဲ့တဲ့အောင်ဆန်း နော် သီချင်းကို ဒဂုန်ဆရာတင်၊ ရန်နိုင်စိန်နှင့်   ရွှေတိုင်ညွန့်တို့ သုံးဦးပေါင်းရေးပြီး ပြည်သန်းနွယ်သီဆိုခဲ့သည်။ ထို့အတူ တောင်တန်းနှင့်ပြည်မ တစ်သွေးတည်း ဖြစ်ခြင်း  ပြယုဂ်အဖြစ်  တောင်တန်းဗိုလ်  တေးသွား၊  တစ်နှစ်အတွင်း  လွတ်လပ်ရေးပေးရန်သီဆိုသော  ဗိုလ်ချုပ်  ပဏာမတေးသွားနှင့်  မြန်မာလူထုသွေးစည်းရန် သီချင်းတို့ကို သဟာယဆရာတင်ကပင်  ရေးစပ်ပေးခဲ့ သည်။  ပင်လုံစာချုပ်  ချုပ်ဆိုပြီး ဗိုလ်ချုပ်ပြောကြားသော ‘ ပြန်လည်ထူထောင်ရေး’ မိန့်ခွန်း အပြီးတွင်  ဆရာရန်နိုင်စိန်က ‘ပြန်လည်ထူထောင်ရေး’သီချင်း ကိုရေးကာ အဆိုတော်(ဒေါ်)စိန် ပါတီက သီဆိုပေးခဲ့သည်။ (ဒေါ်) စိန်ပါတီသည်  ကမ္ဘာစစ်ကြီးမဖြစ် မီကပင်  သခင်မခံယူပြီး တို့ဗမာအစည်းအရုံးလုပ်ငန်းများ လုပ် ကိုင်ဆောင်ရွက်ခဲ့သူဖြစ်၏။
 ဗိုလ်ချုပ်သည် ဖက်ဆစ် တော်လှန်ရေး ကာလအတွင်း တပ်မတော်အပေါ် ထောက်ခံရန် လူထုအင်အားကိုအရယူဖို့ရာ ဆုံး ဖြတ်ပြီး ဆရာရွှေတိုင်ညွန့်အား တပ်မတော်သီချင်းတစ်ပုဒ် ရေး စပ်ပေးပါရန် တောင်းခံခဲ့သည်။ ထိုစဉ်က ဆရာရွှေတိုင်ညွန့်သည် အဆုတ်ရောဂါဖြင့် အိပ်ရာထဲလဲ နေပြီဖြစ်သည်။ သို့သော် ဗိုလ်ချုပ် ၏တောင်းခံမှုကို မငြင်းပယ်နိုင်။ မကျန်းမာသည့်ကြားက  ‘တပ် မတော်ကြီးကို အင်အားရှိဖို့ အရာ ရာမှာကူညီ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို  အစဉ်မမေ့ အပ်ပေပြီ’  စာသားပါဝင်သော နာမည်ကျော် တပ်မတော်အင်အားသီချင်းကို  ရေးစပ်ပေးခဲ့သည်။ ထိုသို့ရေးပြီးမကြာ ဆရာရွှေတိုင် ညွန့်  ကွယ်လွန်သွားပါသည်။ ဈာပနတွင် ဗိုလ်ချုပ်အောင်ဆန်း သည်  ဆရာရွှေတိုင်ညွန့်၏ အသုဘအခေါင်းပေါ်၌ တော်လှန် ရေးအလံကို  အုပ်လွှမ်းစေကာ  ဂုဏ်ပြုခဲ့လေသည်။
 ဤသို့ဖြင့် ဗိုလ်ချုပ်သည် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ အဆင့်ဆင့်တွင် ဂီတပညာရှင်များနှင့်ပူးပေါင်းကာ လူထုအားကို အရ ယူပြီး အမျိုးသားသွေးစည်းညီ ညွတ်ရေးအတွက် လှုံ့ဆော်စည်း ရုံးနိုင်ခဲ့သည်။  လူထု၏နှလုံး၊ လူထုဟဒယကို  ဖမ်းဆုပ်ရာ၌ ဂီတ၏စွမ်းပကား  အရေးကြီး ကြောင်း  သိရှိသော  ဗိုလ်ချုပ်နှင့် ဂီတပညာရှင်တို့သည် လူထုကို လက်တွဲညီညီဖြင့် မြိုင်မြိုင်ကြီး စည်းရုံးခဲ့ကြသည်။
ဗိုလ်ချုပ်တို့ကွယ်လွန်ရှာပြီ
၁၉၄၇ ဖေဖော်ဝါရီ ၂ ရက် တွင် အင်္ဂလန်မှပြန်လည်ရောက် လာသောဗိုလ်ချုပ်သည် လူထုကို ‘တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေမည်’ဟု ကတိပေး၏။ ပေးသည့်အတိုင်းပင် အင်္ဂလိပ်အစိုးရတောင်းဆိုသော တောင်တန်းနှင့် ပြည်မ တစ်သွေးတည်းရှိကြောင်း ပြသသည့်   ပင်လုံစာချုပ်ကို အောင်မြင်စွာ  ချုပ်ဆိုနိုင်ခဲ့ပြီး လွတ်လပ်ရေးသည် လက်တစ် ကမ်းအကွာ၌ရောက်နေပေပြီ။ ထိုသို့သောအချိန်၌ ဂဠုန်ဦးစော နှင့် အပေါင်းပါလူတစ်စု၏လက် ချက်ဖြင့် ဗိုလ်ချုပ်နှင့်တကွ ခေါင်း ဆောင်ကြီးများသည် ၁၉၄၇ ဇူလိုင် ၁၉ ရက်၊ စနေနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။ မြန်မာ့ဦးစွန်းကား အညွန့်ကျိုးခဲ့ ပြီ။ ဗိုလ်ချုပ်တို့ လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ ဘရင်းဂန်းသေနတ် ၂၀၀ ပျောက်ဆုံးခြင်းကို ပေါ့ပေါ့လျော့လျော့သဘောထားခဲ့သည်ဟု နောင်အခါ အချို့ကရေးသားကြရာ မှားပါသည်။  ဗိုလ်ချုပ်သည် ထိုကိစ္စ အပေါ်အလေးအနက်ထားခဲ့ပြီး မကွယ်လွန်မီ လေးရက်အလိုတွင် ပျော်ဘွယ်ဦးမြအား  ခေါ်ယူ၍ ဘုရင်ခံထံ  သွားရောက်ကာ  စစ် လက်နက်ပစ္စည်းများပျောက်ဆုံး သွားမှုကို တင်ပြပြောဆိုသလို ဇူလိုင် ၁၆ ရက်တွင်လည်း သခင် နုနှင့်အတူ ဘုရင်ခံထံ ထပ်မံသွား ရောက်ကာ လက်နက်များပျောက်ဆုံးနေမှုကို အချေအတင် ဆွေး နွေးခဲ့သည်။ ထို့အပြင် မကွယ် လွန်မီဇူလိုင် ၁၈ ရက်ကလည်း ဖဆပလ အမှုဆောင်များအား နေအိမ်သို့ ဖိတ်ခေါ်ပြီး လက်နက် ပျောက်ဆုံးမှုကြီးကို ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ သခင်နု၊ ဦးဗဆွေ၊ ဗိုလ်မှူးအောင်နှင့် ဗိုလ် စိန်မှန်တို့ပင် တက်ရောက်ခဲ့ကြ သည်။ သို့ရာတွင်  အစည်းအဝေး ကျင်းပရာ  အတွင်းဝန်ရုံးများအစောင့်အရှောက်  ပေါ့လျော့မှုကပင်  မြန်မာပြည်သမိုင်း၌ မည်သို့မျှ  ဖျောက်ဖျက်မရနိုင်သော သွေးစွန်းမှုကြီး ဖြစ်စေခဲ့သည်။
ဂျူဗလီမြင်ကွင်းနှင့်အာဇာနည်သီချင်းများ
   ‘‘မြို့မိမြို့ဖများခင်ဗျား၊ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ခေါင်း ဆောင်ကြီး အလောင်းကို ယူလာ ပါပြီ၊  ယူလာပါပြီ။  နောက်ဆုံး အရိုအသေပြုသောအားဖြင့် အလေးပြုကြပါ။ ဦးထုပ်များကိုချွတ်၊ ထီးများကိုပိတ်ကာအလေးပြုကြပါ’’ဟု အသံချဲ့စက်ဖြင့် ကြေညာသောအခါ လူထုသည် မျက်ရည်စိုရွှဲဖြင့် ဂါရဝပြု ငိုပွဲဆင်ကြသည်။ မြောက်မြားလှသော ရဟန်းရှင်လူအပေါင်းတို့သည် ဗိုလ်ချုပ်နှင့်ခေါင်းဆောင်ကြီးများ အလောင်းကို တိုးဝှေ့ကြည့်ရင်း ငိုရှိုက်သံတွေမစဲကြ။ တပ်မတော်သားများသည် လက်သီးတဆုပ်ဆုပ်ဖြင့် အံကိုကြိတ်ကာ မျက်ရည်ရစ်ဝဲနေကြသည်။
ဇူလိုင် ၁၉ ရက်က လုပ်ကြံ သတ်ဖြတ်ခံရသော ခေါင်းဆောင် ကြီးများရုပ်ကလာပ်ကို ဇူလိုင် ၂၀ ရက်နေ့လယ်တွင် ရွှေတိဂုံဘုရား လမ်းအနီးရှိ ဂျူဗလီဟော (Jubi -lee hall) အဆောက်အအုံသို့ သယ်ဆောင်လာခြင်းဖြစ်သည်။ ဗိုလ်ချုပ်ရုပ်ကလာပ်ကို ဗဟန်း တာဝါလိန်းလမ်း  နေအိမ်မှ ကန်ပတ်လမ်း၊ ထိုမှ ဖဆပလရပ် ကွက်ကိုဖြတ်ကာ အလံပြဘုရား လမ်း၊ ဆူးလေဘုရားလမ်း၊  ဖရေ ဇာ(အနော်ရထာလမ်း)  တစ် လျှောက်သယ်ဆောင်လာပြီး သိမ်ကြီးဈေးမှ ချိုးကွေ့လိုက်ရာ ဆေးရုံကြီးအရောက်တွင် ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ ရုပ်ကလာပ်များနှင့်ပေါင်းကာ ဂျူဗလီဟောဆီသို့ သယ်ပို့ကြသည်။ ဗိုလ်ချုပ်ရုပ်ကလာပ် မရောက်မီလေးတွင် ကွယ်လွန်သွားသော မိုင်းပွန်စော်ဘွားကြီး အလောင်းကိုလည်း တစ်ပါတည်း ယူဆောင်ခဲ့ကြသည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ပြည်သူများကလမ်းလုံးညွှတ်မျှ ဂါရဝပြုကြသည်။
 ဂျူဗလီဟောတွင် ခန်းမ အတွင်းရှိ တိုင်လုံးကြီးများအထက် နံရံများ၌ ရွှေရောင်ယိုးဒယားပန်း ခက်များဆင်ယင်ထားပြီး စင်မြင့် ပေါ်တွင် ဗိုလ်ချုပ်တို့ လွတ်လပ် ရေးဦးဆောင်ပုံပန်းချီကားချပ်၊ ဖဆပလအလံတော်အောက်တွင် ကရင်၊ ကချင်၊ ချင်း၊ မြန်မာ၊ အစရှိသည့် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ပန်းချီကားချပ်ကြီး ချိတ်ဆွဲထားသည်။ ပန်းချီကား များရှေ့တွင် ဖဆပလအလံနှစ်ခု ကိုချထားပြီး ခန်းမအတွင်းရှိ စင် မြင့်သုံးခန်းကို ရုပ်ကလာပ်များ အတွက်အသုံးပြု၍ ကျန်နှစ်ခန်း ကို လူထုပရိသတ်ဂါရဝပြုနိုင်ရန် ချန်လှပ်ထားသည်။ စင်မြင့်ရှေ့ အလယ်တွင် ဗိုလ်ချုပ်ရုပ်ကလာပ် ကို ရွှေသလွန်ပေါ်တင်၍ ထီးဖြူ နှစ်လက် မိုးထားသည်။ ယင်း နောက်  ဝန်ကြီးငါးပါး၏ ရုပ် ကလာပ်များကို ထီးဖြူတစ်လက် စီမိုးထားသည်။ စင်မြင့်လက်ဝဲ ဘက်တွင် အတွင်းဝန်ဦးအုန်း မောင်နှင့်ကိုထွေးတို့ကို ထီးဖြူ တစ်လက်စီမိုးထားပြီး လက်ယာ ဘက်တွင် မိုင်းပွန်စော်ဘွားကြီး ရုပ်ကလာပ်ကို သန်လျင်းပေါ်တွင် သလွန်တင်၍ ထီးဖြူမိုးပြီး ကြည့် ရှုဂါရဝပြုနိုင်အောင် စီစဉ်ထားခဲ့ သည်။ ဦးရာဇတ်နှင့်  ကိုထွေးတို့ သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြ၍ ဂျူဗလီဟောသို့ ခေတ္တ သယ်ယူပြီးနောက် တာမွေမဟာ မေဒင်သင်္ချိုင်းသို့ ဆက်လက် သယ်ဆောင်သွားကာ သင်္ဂြိုဟ် လိုက်ကြသဖြင့်  ခေါင်းတလား ချည်းသာ ထားရှိခဲ့သည်။
ထိုသို့ အာဇာနည်ခေါင်း ဆောင်ကြီးများ၏ရုပ်ကလာပ် များကို  ဂျူဗလီဟော၌ ပြသထားစဉ် ရုပ်ရှင်၊ ဂီတနှင့်သဘင်သည် များသည်အာဇာနည် ဗိမာန်တည် ဆောက်ရေးရန်ပုံငွေရှာပေးခဲ့ကြ သည်။   ဒေါ်စောမြအေးကြည် ဦးဆောင်သည့် နိုင်ငံတော်တူရိ ယာအဖွဲ့ချုပ်က တစ်နေ့ငါးကြိမ် ပြသနေသော ဗိုလ်ချုပ်မော်ကွန်း သတင်းကားအတွက် တေးသီချင်းများ ရေးစပ်စေကာ ဇာတ်ဝင် သီချင်းသီဆိုခြင်းဖြင့် ရန်ပုံငွေရှာ ဖွေပေးခဲ့သည်။ အာဇာနည်တေး သီချင်းများကို ဆရာရွှေပြည်အေး၊သဟာယဆရာတင်၊ ရန်နိုင်စိန်၊ စိန်ဝေလျှံ၊  ကက်နက်စိန်နှင့် တက္ကသိုလ်စိုးတို့က  တာဝန်ယူ ရေးသားပြီး  (ဒေါ်)စိန်ပါတီ၊ မေလှမြိုင်၊ ရွှေမြိုင်ကြည်၊ ဟင်္သာ ကြည်၊ မနု၊ ပြည်ဘရှင်နှင့် ဥသြ ဘသောင်တို့က သီဆိုခဲ့ကြသည်။ မြန်မာ့သားကောင်း၊ လူထုတိုက် ပွဲ၊ မမေ့နိုင်၊ လွမ်းမပြေတဲ့စနေ၊ တစ်ဗိုလ်ကျတစ်ဗိုလ်တက်၊ ပြည် သူ့မျက်ရည်၊ အထွတ်အမြတ် သွေးငိုချင်းရှည်၊ ကမ္ဘာ့စံပြနှင့် ပြည်သူ့ရင်သွေးသီချင်းများသည် ထင်ရှားသည့် အာဇာနည်သီချင်း များဖြစ်ကြသည်။ အထင်ရှားဆုံး မှာ ဆရာရန်နိုင်ဆွေရေးပြီး မေလှမြိုင်သီဆိုသည့်  မြန်မာ့သားကောင်း (အာဇာနည်နေ့တို့မမေ့) သီချင်းဖြစ်ပါသည်။
. . . ကမ္ဘာတည်သရွေ့ အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါ သလေ . . .  ယနေ့ဖြင့် မြန်မာတွေ သြော် . . . မမေ့သင့်ပါသလေ မြန်မာ့သားကောင်းဇာနည်ဆွေ ဗိုလ်ချုပ်အောင်ဆန်းလို ထွန်း ပေါက်ကြပါစေ . . .  အောင် သပြေ ညောင်ရေသွန်းလောင်း ပဏ္ဏာခြွေ . . .ဟု မေလှမြိုင်၏ ကြေကွဲဖွယ်အသံကို  ရေဒီယိုမှကြားရလေတိုင်း ရင်ထဲဆို့နစ်သွားကြသည်။
ထောင့်သုံးရာကျော် ကိုး ခုနှစ်အတွင်းမယ် ကြမ္မာယိုယွင်းတဲ့ မိုးရာသီအချိန်ဝယ် . . . ခါလဝါခေါင်နှစ်ရက်စွန်းတဲ့ စနေနေ့ မွန်းမလွဲခင် ခွဲလို့ဖြင့် ရှောင်ကြဉ်ဖယ် . . .ဗိုလ်ချုပ်နဲ့  ဝန်အပေါင်းအနွယ် . .
ဟုသံပြိုင်ပါရှိသည့် လွမ်း မပြေတဲ့ပန်းခွေ သီချင်းကို မြန်မာ့အသံ၌ အသံသွင်းကြစဉ် အဆို တော် (ဒေါ်) စိန်ပါတီသည် သီချင်းဆိုရင်း  ဆို့ဆို့လာသဖြင့်  အသံသွင်းမှု   အကြိမ်ကြိမ်  ပျက်ခဲ့ရ သည်။ အဆိုရှင်များသည် ယင်းသို့အသံသွင်းကြရာ၌ အချို့ဝမ်းနည်း လွန်းသဖြင့် သီချင်းပင်ဆက် လက်မဆိုနိုင်တော့ဘဲ ငိုကြွေးခဲ့ကြသည်။ ထို့ ကြောင့် အချို့သီချင်းများ၌ အသံယိုင်နဲ့နေခြင်းကို သိလျက် ထိုအတိုင်းပင် သွင်းယူခဲ့ ရသည်။ ထို့ကြောင့် ယနေ့တိုင်ပြန်လည်ကြားနေရသော အာဇာနည်သီချင်းများသည် ခံစားမှုအပြည့်သီဆိုခဲ့သည်ဖြစ်၍ ကြားလျှင် ကြားချင်း ဝမ်းနည်းကြေကွဲမှုက လူကိုလာရောက်ဟပ်ပါသည်။
 ဂျူဗလီဟောတွင်ထားရှိ သော  အာဇာနည်ကြီးများရုပ် ကလာပ်ကို မူလက တစ်လတိတိ ထားပြီး သင်္ဂြိုဟ်ရန်စီစဉ်ထား သော်လည်း ဈာပနကော်မတီက အစည်းအဝေးပြုလုပ်ကာ လွတ် လပ်ပြီးမှ သင်္ဂြိုဟ်မည်ဟု ဆုံးဖြတ် ပြီး ထိုဆုံးဖြတ်ချက်အတိုင်းပင် ၁၉၄၈ ဧပြီ ၁၁ ရက်နေ့၌ အာဇာ နည်ကုန်းသို့ပို့ဆောင်ဂူသွင်းခဲ့ လေသည်။
ရည်ညွှန်း
၁။ မြန်မာ့ဂီတရေစီးကြောင်း (စန္ဒရားလှထွတ်)
၂။ ဗိုလ်ချုပ်အောင်ဆန်းသို့ မြန်မာသံတေးသီချင်းများ (စိုင်းထွန်းနောင်)
၃။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ
၎။ ဂျူဗလီဟောမြင်ကွင်း (တိုက်စိုး)

No comments:

Post a Comment