Friday, July 10, 2015

တို့နှစ်ယောက်နောက်ခင်ကြီးပေါက်ဟေ့

တို့နှစ်ယောက်နောက်ခင်ကြီးပေါက်ဟေ့
============================
တစ်ခါတုန်းက ပုဂံနေပြည်တော်အနီးအပါးက ရွာတစ်ရွာမှာ
မောင်ပေါက်လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ရှိခဲ့ဖူးတယ်။
မောင်ပေါက်ဟာ ဖတဆိုးလေးဖြစ်တာမို့ ငယ်စဉ်ကတည်းကပဲ
ဘုန်းတော်ကြီးကျောင်းမှာနေခဲ့ရတယ်။ ဉာဏ်အနည်းငယ်ထုံထိုင်း
ပေမယ့် ရိုးသားသိမ်မွေ့တဲ့ မောင်ပေါက်ကိုဘုန်းတော်ကြီးကဦးစား
ပေးစောင့်ရှောက်တော်မူခဲ့ပါတယ်။
မောင်ပေါက်ဟာ ဘုန်းတော်ကြီးသင်ပေးတဲ့ဇာတ်ကြီးဆယ်ဘွဲ့
ငါးရာငါးဆယ်နိပါတ်တော်တွေကိုဖတ်ရှုပြီး ဘုရားအလောင်းတော်
ကိုအင်မတန်ကြည်ညိုသတဲ့။ ကိုယ်တိုင်လည်း ဘုရားဆုပန်ထား
သတဲ့။ ဒါကြောင့်မို့မောင်ပေါက်ဟာ အသက်(၂၀)ပြည့်တဲ့အခါ
ရဟန်းဘ၀ကိုခံယူပြီး အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိခင်ကြီး
ကို ဆွမ်းခံပြီး ကျွေးမွေးပြုစုပါတယ်။ ပါရမီဆယ်ပါးကိုလည်း တတ်
နိုင်သလောက် ဖြည့်ဆည်းသွားမယ်လို့ ဆုံးဖြတ်ထားသတဲ့။
ရဟန်းဘ၀ရောက်သွားတဲ့မောင်ပေါက်ကို အဲဒီခေတ်တုန်းကတော့
ခင်ကြီးပေါက်လို့ ခေါ်ကြတယ်။ ခင်ကြီးဆိုတာက ရဟန်းတွေခေါ်တဲ့
ရှေးခေတ်သုံး ပေါ်ရာဏဝေါဟာရတစ်ခုပေါ့။ ခင်ကြီးပေါက်ရဲ့လိမ္မာ
တတ်သိမှုဟာ သူတို့ရွာမှာတော့ အထင်ကရကိုဖြစ်လို့တဲ့။ များသော
အားဖြင့် ခင်ကြီးပေါက်တို့ရွာသားတွေဟာ အပျော်အပါးလိုက်စားခြင်း
(ဣတိဓုတ္တ)၊ အရက်သေစာသောက်စားခြင်း(သုရာဓုတ္တ)၊ လောင်း
ကစားကျူးခြင်း(အက္ခဓုတ္တ)လို့ခေါ်တဲ့ ဓုတ်သုံးပါးကို အလွန်အကျုး
လိုက်စားကြတယ်။
ဒါကြောင့်မိဘတွေက သားမိုက်တွေကို အားမရတဲ့အခါ ခင်ကြီးပေါက်
တို့နဲ့တော့ကွာပါ့ကွာလို့ တစ်မျိုး၊ မယားတွေက လင်ဆိုးတွေကိုစိတ်
တိုင်းမကျတဲ့အခါ ခင်ကြီးပေါက်နဲ့တော့ မိုးနဲ့မြေလိုပဲလို့ တစ်ဖုံ နှိုင်း
ယှဉ်ကဲ့ရဲ့ကြတယ်။ အဲဒီလိုအခါမျိုးမှာကိုယ့်ရဲ့ချွတ်ယွင်းချက်ကို
အပြစ်လို့မမြင်တတ်ကြတဲ့ အန္ဓပုထုဇဉ်တွေဟာ ခင်ကြီးပေါက်ကိုပဲ
မလိုတမာ ရန်ရှာတတ်ကြတယ်။ ကိုယ်မကောင်းတာအပြစ်မရှိ။
ခင်ကြီးပေါက်ကောင်းနေတာဟာ အပြစ်လို့ထင်နေတတ်ကြတယ်။
နောက်ဆုံးတော့ အရက်သမားတစ်စုဟာ ခင်ကြီးပေါက်ကြောင့်သူတို့ကို
သူများတွေက ကဲ့ရဲ့ရှုတ်ချတာကို ခံရတယ်။ ဒါကြောင့်ခင်ကြီးပေါက်
ကိုလည်း သူတို့နဲ့တစ်ဂိုဏ်းထဲ ဓုတ်သုံးပါးထဲပါလာအောင် ခင်ကြီးပေါက်
ဖျက်ဆီးရေးအစီအစဉ်ကို ဆွဲကြသတဲ့။ အစပိုင်းမှာတော့ အရက်သမား
တွေဟာ ရွာထဲက ကလေးတွေကို မုန့်ဖိုးပေးပြီး သီချင်းတစ်ပုဒ်ကို
တဘောင်လုပ်ပြီးသီဆိုစေသတဲ့။ နောက်တော့ ခင်ကြီးပေါက်မကြား
ကြားအောင် ခင်ကြီးပေါက်ရဲ့ကျောင်းအနီးအပါးမှာ အရက်သမား
နှစ်ယောက်ကို မကြာမကြာအော်ဆိုခိုင်းတယ်။
သူတို့ဆိုတာကတော့
နုမှာငါးရာ၊ ရင့်မှာတစ်ကျိတ်၊
နောင်လာရှစ်သောင်း၊ ဘုရားပေါင်းတဲ့။
ဘုရားပေါင်းနောက်တို့နှစ်ယောက်၊
တို့နှစ်ယောက်နောက် ခင်ကြီးပေါက်ဟေ့။
ဆိုတဲ့ လင်္ကာလေးပါပဲ။
တစ်နေ့တော့ခင်ကြီးပေါက်ဟာ နားနားနေနေနေရင်း အရက်သမား
နှစ်ယောက်ရဲ့ တဘောင်သီချင်းကို သေချာကြားလိုက်သတဲ့။ ကြားမိ
လိုက်တယ်ဆိုရင်ပဲ တဘောင်စကားရဲ့အနက်အဓိပ္ပါယ်ကို သူနားလည်
သလိုဖော်ကြည့်တယ်။ အင်း နုမှာငါးရာ၊ ရင့်မှာတစ်ကျိတ်ဆိုတာက
ပါရမီနုသေးတဲ့ ဘုရားလောင်းငါးရာ၊ ပါရမီရင့်မာပြီးသား ဘုရားလောင်း
က တစ်ကျိတ်၊ နောင်လာရှစ်သောင်း ဘုရားပေါင်းဆိုတာက အဲဒီဘုရား
လောင်းငါးရာနဲ့တစ်ကျိတ်ရဲ့နောက်မှာ ဘုရားပေါင်းရှစ်သောင်းကပွင့်ဦး
မယ်။ ဘုရားပေါင်းနောက် တို့နှစ်ယောက်ဆိုတာကတော့ အဲဒီဘုရား
ပေါင်းရှစ်သောင်းငါးရာ တစ်ကျိတ် ပွင့်တော်မူပြီးတဲ့နောက်မှာ ဒီအရက်
သမားနှစ်ယောက်က ဘုရားအဖြစ်ပွင့်တော်မူမယ်လို့ဆိုလိုတာပဲ။
တို့နှစ်ယောက်နောက် ခင်ကြီးပေါက်ဟေ့ ဆိုတာကတော့ သူတို့ နှစ်
ယောက် ပွင့်ပြီးမှ ငါ့အလှည့်ကျမှာပါလား။ ဟာ ဒီလိုဆိုရင် ငါဘုရားဖြစ်ဖို့
ရာ အဝေးကြီးရှိပေးသေးလား။ ဟာ ဒီလိုဆိုရင် ငါဘုရားဖြစ်ဖို့ဟာ မှုးတုန်း
ရှုးတုန်း ရှိသေးတယ်။ ငါလည်းပွင့်ချိန်မတန်သေးတဲ့အတူတူ သူတို့လို
ပျော်ပျော်ပါးပါးနေဦးမှပဲလို့လည်း စိတ်ကူးမိသတဲ့။
ဒီလိုနဲ့ တဘောင်စိတ်ကူးနဲ့ အူမြူးနေတဲ့ ခင်ကြီးပေါက်ဟာ မကြာခင်
မှာပဲ ရဟန်းဘ၀က လူထွက်ပြီး သူရာတင်းကုတ်မှာ အရက်သမား
တစ်အုပ်နဲ့ ဓုတ်သုံးဓုတ်အသင်းဝင်ဖြစ်သွားပါသတဲ့။
ဒီဓမ္မပုံပြင်ကလေးဟာ စမိပေမယ့် စွဲမြဲမှုမရှိတာကြောင့် မအောင်မမြင်ဖြစ်
သွားရတဲ့ သာမာန်ပုထုဇဉ်တွေရဲ့ဖြစ်ရိုးဖြစ်စဉ်အဖြစ်အပျက်ကလေးကို
သရုပ်ဖော်ထားတာပါ။ သန္ဒိဋ္ဌာန်ခိုင်မာမှုမရှိရင် အစကောင်းပေမယ့်အနှောင်း
မသေချာဘူးဆိုတာကိုလည်း တစ်စွန်းတစ်စ ဖော်ပြလိုက်တာပါ။ ပုထုဇဉ်
ဘ၀ရဲ့ အိပ်မက်ကောင်းတွေဟာ ဒီလိုအဓိဋ္ဌာန်ပါရမီမခိုင်မြဲမှုကြောင့်ပဲ
တစ်ဝက်တစ်ပျက်နဲ့ ပျောက်ကွယ်ကုန်ကြရပါတယ်။
သူတော်ကောင်းလမ်းမကြီးပေါ်မှာရှိတဲ့ ဒါနမှု၊ သီလမှုတွေဟာ အဓိဋ္ဌာန်
ပေါက်မှပဲ ပါရမီမြောက်ကြရပါတယ်။ သတ္တ၀ါတစ်ဦးအနေနဲ့သံသရာခရီး
ပုထုဇဉ်လမ်းမကြီးပေါ်မှာ အဓိဋ္ဌာန်မပေါက်လို့ ပါရမီမမြောက်ဘဲ စွန့်ပစ်ခံ
ရတဲ့ ကောင်းမှုကုသိုလ်တွေဆိုတာ အသင်္ချေအနန္တပါ။ နှမြောစရာကြီးပါ။
စိစစ်ကြည့်ရင် အဓိဋ္ဌာန်ပါရမီဆိုတာ ပါရမီအားလုံးရဲ့ အမြုတေရတနာ
တစ်ခုဖြစ်ပါတယ်။
အဓိဋ္ဌာန်ပါရမီခိုင်မြဲဖို့ဆိုရင် သူတော်ကောင်းတရားတွေအပေါ်မှာအခြေခံ
တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရဲတင်းတဲ့ယုံကြည်ချက်၊ ပြင်းပြတဲ့ဆန္ဒ၊ ထက်
သန်တဲ့ လုံ့လ၊ စွဲမြဲတဲ့သတိ၊ တည်ကြည်တဲ့သမာဓိနဲ့တောက်ပတဲ့ပညာ
တွေရှိဖို့လိုပါတယ်။ အဲဒီအရင်းအမြစ်တွေ မရှိဘဲနဲ့တော့ အဓိဋ္ဌာန်ပါရမီ
ဆိုတာ သီးပွင့်လာစရာအကြောင်းမရှိပါဘူး။ အရင်းအမြစ်မှန်မှ အသီး
အပွင့်မှန်ပါတယ်။
တကယ်တော့ ပုံပြင်ထဲက ခင်ကြီးပေါက်ဆိုတာဟာ စာရေးသူအပါအ၀င်
သာမာန်ပုထုဇဉ်တွေကို ကိုယ်စားပြုနေတဲ့ ဇာတ်ရုပ်တစ်ခုပါ။ ပုထုဇဉ်
ဆိုတာ သဲသောင်ပြင်ပေါ်မှာ သဲအိမ်တည်ဆောက်တမ်းကစားပျော်မြူး
တတ်ကြတဲ့ ကလေးတွေလိုပါပဲ။ သံသရာတစ်ဖက်ကမ်းကိုကူးခတ်ဖို့
ရည်ရွယ်ချက်မရှိဘဲ ဒီဘက်ကမ်းလို့ဆိုတဲ့ လောကီဘ၀ သဲသောင်ပြင်
ပေါ်မှာပဲ အဓိဋ္ဌာန်ပါရမီ တဲအိမ်တွေတည်ဆောက်ပြီး ပျော်မြူးနေကြ
တယ်။ တည်ဆောက်လိုက်၊ ပျက်စီးသွားလိုက်၊ ပြန်လည်တည်ဆောက်
လိုက်နဲ့ ပျော်နေလိုက်ကြတာ ဘယ်သောအခါမှ ပွင့်တော်မမူမယ့်ဘုရား
လောင်းဘ၀နဲ့ပေါ့။
တော်ဝင်နွယ်
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၁၄ခုနှစ်၊ စက်တင်ဘာလ
လွင်အောင် မျိုး's photo.

No comments:

Post a Comment