Monday, July 13, 2015

အစွမ်းထက်မြက် ဗုဒ္ဓလက်နက်တော်

အစွမ်းထက်မြက် ဗုဒ္ဓလက်နက်တော်
=========================
ဓါးဟူသည်ဖြတ်စရာမှန်သမျှတို့ကို ဖြတ်တောက်နိုင်ရန်
စီမံပြုလုပ်ထားသော လူသုံးပစ္စည်း တစ်ခုဖြစ်သည်။
ထိုဓါးသည် အသုံးပြုရာ နေရာဌာနနှင့် ဖြတ်တောက်
ဖွယ်ရာ ၀တ္ထုပစ္စည်း အကြီးအသေးအလိုက် ပုံစံအမျိုးမျိုး
ကွဲပြားခြားနားသည်။ အထည်ဒြပ်ကြီးသော သစ်ခုတ်ဓါး
မှစ၍ ဟင်းသီးဟင်းရွက်လှီးသောဓါး၊ လက်သည်းလှီးဓါး
အဆုံး ပုံသဏ္ဍာန်အမျိုးမျိုးပြုလုပ်သုံးစွဲကြသည်။ မည်သို့
ပင်ကွဲပြားသော်လည်း ဓါးမှန်သမျှသည် သူ့အတိုင်းအတာ
နှင့်သူ ဖြတ်တောက်နိုင်ဖို့ရာ ထက်သောအသွား ရှိရမြဲ
တည်း။ အဘယ့်ကြောင့်ဆိုသော် တုံးနေသောဓါးသည်
လိုရာကိစ္စကို ပြီးမြောက်အောင်မဆောင်ရွက်နိုင်သဖြင့်
အသုံးမ၀င်သောကြောင့် ဖြစ်သည်။ ဓါးအမျိုးမျိုးရှိသည့်
အနက် အကောင်းဆုံးနှင့်အထက်ဆုံးဓါးကို ပြပါဆိုလျှင်
လူ့ဦးခေါင်းပေါ်၌ ပေါက်ရောက်သောဆံပင်ငယ်များကို
ပင် ရိပ်ဖြတ်နိုင်စွမ်းရှိသော သင်တုန်းဓါးကိုပြရပေမည်။
မှန်၏ ဓါးဟူသမျှတို့တွင် သင်တုန်းဓါးသာလျှင် အထက်
မြက်ဆုံးဖြစ်ကြောင်း လူတိုင်းနားလည်ပေသည်။
သင်တုန်းဓါးသည် အထက်မြက်ဆုံးဟုဆိုငြားသော်
လည်း ထိုသင်တုန်းဓါးဖြင့်ဖြတ်လိုက်သော ဆံပင်
မုတ်ဆိတ်၊ ကျင်စွယ်တို့သည် တာရှည်မခံ၊ ၂ရက်
သုံးရက်အတွင်း ပြန်ပေါက်ကြရစမြဲပင်။ နောက်ထပ်
တစ်ဖန်မပေါက်ရောက်နိုင်သည့် အခြေအနေမျိုး
ရောက်သည်အထိ အပြီးသတ်မပယ်ရှင်းနိုင်ပေ။
ထို့ကြောင့် ၄င်းကို အထက်မြက်ဆုံးသော ဓါးဘုရင်
ဟုဆိုလျှင် အတိအကျမှန်ကန်သည်ဟု မဆိုသာ။
တကယ်စစ်မှန်သော ဓါးဘုရင်ဆိုသည်မှာ သူနဲ့
ဖြတ်လိုက်သမျှ နောက်ထပ်အသစ်တစ်ဖန်ပြန်
လည်ပေါက်ရောက်နိုင်ခြင်းမရှိသည်အထိ အမြစ်
ပြတ် ပယ်ဖြတ်နိုင်ရပေမည်။ ထိုဓါးမျိုးရှိနိုင်ပါ
သလား။ ထိုဓါးကား အဘယ်ဓါးနည်း။
တရားသဘောလောကအမြင် လောကသဘာဝ
နှင့် ဆန့်ကျင်နေတတ်မြဲတည်း။ ထို့ကြောင့်ဘုရား
ရှင် ပွင့်တော်မူစက ပဋိသောကဂါမိံ၊ နိပုဏံ ဂမ္ဘီရံ
ဒုဒ္ဒသံအဏုံ၊ ရာဂရက္ကာနဒက္ခန္တိ၊ တမောခန္ဓေန
အ၀ုဓါ ဟုမိန့်တော်မူခဲ့ခြင်းဖြစ်သည်။ အဓိပ္ပါယ်
ကတော့ ငါဘုရားမြင်သိသော တရားတော်သည်
လူတို့အမြင်နှင့် ဆန့်ကျင်ဘက်သွားနေ၏တဲ့။
ပကတိလူတို့မျက်မြင်အားဖြင့် ပကတိဓါးသည်
ခုတ်ဖြတ်သမျှကို နောက်တစ်ဖန်မရှင်သန်အောင်
ပတ်သတ်နိုင်သည်အထိ အစွမ်းထက်သော
သင်တုန်းဓါးမျိုးမတွေ့ဖူးချေ။ ထို့ကြောင့် ယင်းဓါး
မျိုးသည် သာမညလောကအမြင်၌မရှိနိုင်ဟု
ဆိုရပေမည်။ အဘယ်နေရာ၌ ရှိသနည်း။
ဘုရားရှင်၏သာသနာတော်၌သာ ရှိပါသည်။
ထိုဓါးကို ပိုင်ဆိုင်သူကား သာမန်လူသားမဟုတ်။
ဗုဒ္ဓနှင့်ဗုဒ္ဓ၏တပည့်သာဝကများသာဖြစ်သည်။
သာဓကတစ်ခုအနေအားဖြင့်တင်ပြရပါလျှင်
ရှင်တော်ဘုရားလက်ထက်တော်အခါက အမျိုး
ကောင်းသားတစ်ဦး ဘုရားရှင်၏ တရားတော်ကို
နာရ၍ သဒ္ဓါပေါက်ကာ ရဟန်းပြု၏။ သို့သော်
သာသနာတော်၌မပျော်ပိုက်သဖြင့် လူထွက်လို
သော ဆန္ဒလည်းမရှိရကား ရဟန်းဘ၀၌ပင်
မြန်မြန်သေရန်စိတ်ကူးမိသည့်အလျောက်
မြန်မြန်သေဖို့နည်းလမ်းရှာဖွေနေဆဲ မြွေဆိုး
တစ်ကောင်ကို ဖမ်းယူ၍ကိုက်စေ၏။ သို့သော်
ရဟန်းကို မြွေက မကိုက်သဖြင့် ထိုရဟန်းကား
မသေ။ သို့ဖြင့် အကြံမအောင်ဘဲရှိရာ ဆတ္တာ
သည်တစ်ဦးထံမှ သင်တုန်းဓါးကိုယူ၍ သစ်ပင်
ကိုမှီကာ လည်ကိုစင်းလျက် ဓါးကိုတင်၍လည်
ကိုလှီးမည်အပြု မိမိ၏ရဟန်းသီလကို တွေ့ရ
လေရာ ထို့ရဟန်း၏သန္တာန်၌ အတိုင်းမသိ
ဝမ်းသာပီတိများ လှိုင်းထ ဖြစ်ပေါ်လာတော့၏။
ထိုဖြစ်ပေါ်လာသော ၀မ်းသာပီတိကို သာယာ
မနေဘဲ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာယာဉ်
တို့ဖြင့် ၀ိပဿနာတင်၍ ပယ်ခွါလိုက်သောအခါ
လည်မျို၌ သင်တုန်းဓါးတင်လျက်ဖြင့်ပင် မမျှော်
လင့်ဘဲ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်
တော်မူသွား၏။ အံ့သြဖွယ်ထူးဆန်းပေစွ၊
လောက၌ ဤကဲ့သို့ပင် တစ်ခါတစ်ရံမမျှော်
လင့်ဘဲ ရည်ရွယ်တာတစ်မျိုး၊ ဖြစ်လာတာ
တစ်ဖုံ ဖြစ်တတ်ပေ၏။
ထိုရဟန်းသည် မိမိ၏ဖြစ်ပျက်ပုံအလုံးစုံကို
အခြားရဟန်းတော်များအား ပြောပြလေရာ
ထိုရဟန်း၏ဖြစ်ပုံပျက်ပုံသည် မယုံကြည်
နိုင်လောက်အောင် ထူးဆန်းနေသဖြင့်
မဟုတ်မမှန်လုပ်ကြံဝါကြွားသည်ထင်မှတ်ကာ
မြတ်စွာဘုရားအား လျှောက်ကြားကြလေ၏။
ထိုအခါမြတ်စွာဘုရားက ငါ့သားတော်သည်
ရဟန္တာဖြစ်သွားပြီဖြစ်၍ သင်တုန်းဓါးဖြင့်
မိမိအသက်ကို မိမိသေကြောင်း မကြံတော့
ပေ။ မှန်၏။ ချစ်သားရဟန်းတို့ ငါဘုရား၏
သာသနာတော်၌ ရဟန္တာဖြစ်သူသည်
မိမိအသက်ကိုလည်းကောင်း၊ သူတစ်ပါး
အသက်ကိုလည်းကောင်း၊ ဘယ်သော
အခါမှ မခွင်းတော့ချေဟု မိန့်တော်မူ
လိုက်မှ ရဟန်းတော်များကျေနပ်သွားကြ
လေသည်။
ထို့နောက်ရဟန်းတော်များသည် ထိုရဟန်း
နှင့်ပတ်သတ်၍ ဘ၀င်မကျသော အချက်
တို့ကို ဘုရားရှင်အား လျှောက်ထားကြ၏။
ထိုအချက်များကား
၁။ ရဟန္တာဖြစ်နိုင်သော ပါရမီကုသိုလ်ရှိပါ
လျက် အဘယ့်ကြောင့်သာသနာတော်၌
မပျော်ပိုက်သနည်း။
၂။ အဘယ့်ကြောင့် မြွေသည် သူ့အား
မကိုက်သနည်း။
၃။ အဘယ့်ကြောင့် ရဟန္တာဖြစ်ရသနည်း။
၎။ လည်မျိုတွင် သင်တုန်းဓါးတင်ထား
သည့် ထိုခဏအတွင်း ရဟန္တာဖြစ်နိုင်ပါ့
မလားဟူသော ပြဿနာများပင်တည်း။
ထိုအကြောင်းကို မြတ်စွာဘုရားကဖြေရှင်း
တော်မူ၏။ ချစ်သားရဟန်းတို့ သူသာသနာ
တော်၌မပျော်ပိုက်ရခြင်းအကြောင်းကား
ကဿပဘုရားရှင်လက်ထက်တော်က
သူသည် ရဟန်းတော်တစ်ပါး၏ သင်္ကန်း
သပိတ် ပရိက္ခရာကို အလိုရှိသည့်အတွက်
ထိုရဟန်းအား သာသနာတော်၌မပျော်
ပိုက်အောင် အားထုတ်ဖူး၏။ ထို့ကြောင့်
ယခုဘ၀၌ ထိုဝဋ်ကြွေးကိုခံရပေသည်။
မြွေမကိုက်သည်ကား ထိုမြွေသည်လွန်ခဲ့
သော အတိတ်ဘ၀က သူ၏ကျေးကျွန်
ဖြစ်ခဲ့ဖူး၏။ ထိုအရှိန်အ၀ါကြောင့် သူသည်
သူ့သခင်တော်ခဲ့ဖူးသော ထိုရဟန်းအား
မကိုက်ခြင်းဖြစ်သည်။ ရဟန္တာဖြစ်ခြင်း
အကြောင်းကတော့ ထိုရဟန်းသည်
ကဿပဘုရားရှင်လက်ထက်ကပင်
အနှစ်နှစ်သောင်းတိုင်တိုင် ရဟန်းတရား
ကြိုးစားအားထုတ်ခဲ့ဖူး၏။ ထို့ကြောင့်
ယခုဘ၀ သင်တုန်းဓါးဖြင့်ပျံတော်မူရ
အံ့ဆဲဆဲပင်ဖြစ်သော်လည်း ရဟန္တာ
ဖြစ်ခွင့်ရပေ၏ဟု မိန့်တော်မူခဲ့၏။
လည်မျိုတွင် သင်တုန်းဓါးတင်ထားသည့်
ထိုခဏအတွင်း ရဟန္တာဖြစ်နိုင်ပါ့မလား
ဟူသော ပြဿနာကို ဘုရားရှင်ကဤသို့
မိန့်ကြားတော်မူ၏။ ချစ်သားတို့မပျင်းမရိ
လုံ့လ၀ီရိယရှိသောသူအား အချိန်သည်
အချီးအနှီးအလဟဿ မဖြစ်ပေ။ အား
ထုတ်ကြိုးစား ဘာဝနာတရားဖြင့် နေလေ့
ရှိသော ရဟန်းသည် ကြွလှမ်းသောခြေ
မြေသို့မကျမီအတွင်း အာသဝေါကင်းကွာ
ရဟန္တာဖြစ်နိုင်သည်သာတည်း။ ပျင်းရိသော
သူသည် အသက်တစ်ရာပင် နေရသော်
လည်း သူ့ဘ၀သည် မမြတ်၊ တန်ဖိုးရှိသော
အသက်ရှည်ခြင်းမျိုးမဟုတ်။ မမေ့မလျော့
ကြိုးစားအားထုတ်မှုရှိသောသူ၏ အသက်
ရှည်ခြင်းကား တစ်နေ့ တစ်ရက် တစ်ခဏ
မျှ နေရစေကာမူ မြင့်မြတ်တန်ဖိုးရှိလှပေ၏
ဟု မပျင်းမရိလုံ့လ၀ီရိယရှိခြင်းအကျိုးတရား
ကို ဟောကြားတော်မူ၏။
ထိုအားထုတ်မှုလုံ့လ၀ီရိယကို အခြေခံ၍
ပညာဖြင့်ထိန်းကွပ်ကာ အားထုတ်သွားပါ
လျှင် ထိုရဟန်းတော်ကဲ့သို့ပင် ဒုက္ခငြိမ်းရာ
အမတသုခနိဗ္ဗာန်ချမ်းသာမြတ်ကြီးကို
ဧကန်ပင်ရရှိနိုင်ကြပေသည်။
အရဟတ္တမဂ် ဓါးသန်လျက်ကား အစွမ်းထက်
ပေစွ၊ အရဟတ္တမဂ်တည်းဟူသော ဓါးထက်
ထက်ဖြင့် တစ်ချက်တည်းခုတ်ပိုင်းလိုက်ရာ
တစ်သံသရာလုံး ဒုက္ခပေးလာသည့် ကိလေ
သာ အပင်တို့သည် လုံးဝနောက်ထပ်ပေါက်
ရောက်လာခြင်းမရှိတော့ချေ။ ထို့ကြောင့်
ပကတိသင်တုန်းဓါးထက် အဆရာထောင်
မကထက်မြက်သောဓါးကား ဘုရားရှင်
အဆုံးအမသာသနာတော်၌ရှိ၏။
ထိုအရဟတ္တမဂ်ဓါးသန်လျက်ကို ပိုင်ဆိုင်လို
သူသည် သာသနာတော်ကို သက်ဝင်ယုံကြည်
၍ ၀ီရိယ ပညာ အခြေခံကာကြိုးစားပါလျှင်
ကိလေသာသင်းပင်း ရန်ဆယ်စင်းကို အကြွင်း
မဲ့ ပယ်သတ်လျှက် မအို၊ မနာ၊ မသေရာ
မဟုတ်အမြိုက်သုခဘုတ်ကို တ၀ကြီးသုံးဆောင်
ခံစားရမည်ဖြစ်ပါကြောင်း။
ဦးဓမ္မိက
တောရကျောင်း၊ ညောင်လေးပင်မြို့။
ရတနာမွန်မဂ္ဂဇင်း
၁၉၉၂ခုနှစ်၊ မေလ
လွင်အောင် မျိုး's photo.

No comments:

Post a Comment