ZinKo Tun added 4 new photos — with ဗုဒ္ဓ သမီးပျို and 44 others.
မန္တလေးအိုးဘိုထောင်တွင် သီတင်းသုံးစဉ်က ဦးဝီရသူရေးတဲ့စာ
+++++++++++++++++++++++++++++++++++++++++
ကျွန်ုပ်တို့သာသနာတော်၌ နိုင်ငံတစ်ဝန်းလုံးမှ သံဃာတော်များ ဝင်ရောက်ဖြေဆိုသည့် စာမေးပွဲကြီးတစ်ခု ရှိ၏။ နိုင်ငံတော်အစိုးရ အဆက်ဆက်က ကြီးမှုးကျင်းပခဲ့သော စာမေးပွဲကြီး ဖြစ်၏။ ဓမ္မာစရိယနှင့်ပထမပြန် စာမေးပွဲကြီးဟု ထင်ရှား၏။ ပထမပြန်စာမေးပွဲသည် အခြေခံအဆင့်ဖြစ်ပြီး ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းဟူ၍ သုံးဆင့်ရှိ၏။ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းဟု လူသိများ၏ ။

အကြီးတန်း အောင်ပြီးလျှင် ဓမ္မာစရိယတန်း တက်ရ၏။ ဓမ္မာစရိယတန်းဆိုသည်မှာ (ဓမ္မ-တရားစာပေ၊ အာစရိယ-ပို့ချသူဆရာ) စာချဆရာဖြစ်အတန်း (စာချတန်း)ဟု အဓိပ္ပာယ်ရ၏။ ဓမ္မာစရိယ(စာချ)တန်း၌ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ ကျမ်းရင်းသုံးကျမ်း ပြဋ္ဌာန်းထားရာ တစ်ကျမ်းအောင်လျှင် တစ်ကျမ်းမှတ်သားထားပြီး သုံးကျမ်းလုံးအောင်မြင်မှ ဓမ္မာစရိယတန်း အောင်လေသည်။ ဓမ္မာစရိယတန်းအောင်လျှင် နိုင်ငံတော်က သာသနဓဇဓမ္မာစရိယဘွဲ့ ချီးမြှင့်၏။ သာသနဓဇ- သာသနာ့တံခွန်၊ ဓမ္မာစရိယ- စာချဆရာ၊ သာသနဓဇဓမ္မာစရိယ- သာသနာ့တံခွန် စာချဆရာဟု အဓိပ္ပာယ်ရ၏။
ဓမ္မာစရိယ သရုပ်ခွဲ
---------------------------
ဓမ္မာစရိယအောင်ပြီးသူများတွင် မိခင်စာသင်တိုက်သို့ စာပြန်ချသူများလည်း ရှိလေသည်။ ဥပမာ- ကျောက်ဆည်မြို့မှ အကြီးတန်းအောင်ပြီး မန္တလေးသို့ ဓမ္မာစရိယတန်း လာတက်သည့် စာသင်သားများသည် ဓမ္မာစရိယဘွဲ့ ရသည့်အခါ မိခင်စာသင်တိုက်ဖြစ်သည့် ကျောက်ဆည်မြို့သို့ ပြန်လည်စာချကြခြင်းမျိုး ဖြစ်လေသည်။ ရိပ်သာကြွ၍ တရားစခန်းဝင်ပြီး တရားဟောဆရာ၊ တရားပြဆရာအဖြစ် ပဋိပတ်သာသနာပြုသူများလည်း ရှိလေသည်။ ဥပမာ- မဟာစည်ရိပ်သာကြီးသို့ ကြွရောက်တရားထိုင်သည်၊ ဉာဏ်စဉ်နာသည်၊ အဖွဲ့က ရွေးချယ်သည်၊ တရားဝင်ရင်း တစ်ဝါဆိုရသည်၊ ပရိတ်သတ်ရှေ့မှာ အစမ်းတရားဟောပြီး ရွေးချယ်ခံရသည်။ ထို့နောက် ဆိုင်ရာရိပ်သာကြွ၍ ဝန်ဆောင်ဆရာတော်အဖြစ်လည်းကောင်း၊ နယ်လှည့်ဓမ္မကထိကအဖြစ်လည်းကောင်း၊ ရိပ်သာကြီးမှာပင် အမြဲနေအဆောင်မှူးအဖြစ်လည်းကောင်း ဆောင်ရွက်သာသနာပြုခြင်းမျိုး ဖြစ်၏။
ကျောင်းထိုင်သူများလည်း ရှိလေ၏။ ဓမ္မာစရိယ အောင်ပြီးသည့်အခါ အသက်အရွယ်အားဖြင့် ကျောင်းထိုင်ချိန်လည်း ရောက်ရှိနေ၊ ကျောင်းထိုင်လိုစိတ်လည်း ပေါ်ပေါက်နေ၊ ကျောင်းထိုင်ပင့်မည့်သူများလည်း အရန်သင့်ရှိနေ၍ ကျောင်းထိုင်သာသနာပြုများ ဖြစ်လေသည်။ အချို့မှာ အသက်အရွယ် ငယ်ရွယ်သေး၍ ဓမ္မာစရိယဘွဲ့မျှဖြင့် အားမရသေးဘဲ ဝင်ရောက်ဖြေဆိုကြလေသည်။ ဆဋ္ဌမမြောက် တိပိဋကဓရ ရေစကြိုဆရာတော် ဦးဝါယာမိန္ဒမှစ၍ နောက်ပေါ် တိပိဋကများသည် ဓမ္မာစရိယအောင်ပြီး တိပိဋက ဝင်ရောက်ဖြေခဲ့ကြသည့် ဆရာတော်များ ဖြစ်၏။
အချို့မှာ လောကီ လောကုတ္တရာ စွယ်စုံရ နှစ်ဖက်လှ နှစ်ဖက်မြင် ပညာရှင်များအဖြစ် ရပ်တည်သာသနာပြုလို၍ B.A, M.A စသော ဘွဲ့ဒီဂရီများရရှိဖို့ ပြည်တွင်းပြည်ပရှိ တက္ကသိုလ်အသီးသီးသို့ ဝင်ရောက်ဖြေဆိုကြလေသည်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည်ရိပ်သာမှ နိုင်ငံခြားသာသနာပြုဆရာတော် ဦးဓမ္မပိယ(Ph.D) စသည့်ဆရာတော်များသည် လောကမျက်လုံး ဓမ္မမျက်လုံးပိုင်ရှင်များအဖြစ် နှစ်ဖက်မြင် နှစ်ဖက်လှ သာသနာပြုနေကြသူများ ဖြစ်လေသည်။
ကျန်ပုဂ္ဂိုလ်များမှာ မိခင်စာသင်တိုက်သို့လည်း ပြန်စရာမရှိ၊ စာသင်တိုက်ကြီးများမှာလည်း စာချဆရာ ပြည့်စုံနေ၍ နေရာမရ၊ အရာမရောက် တိပိဋကလည်း ဆက်မလုပ်ချင်၊ ရိပ်သာလည်း မကြွချင်၊ ကျောင်းလည်းမထိုင်ချင်၊ ထိုင်ချင်သော်လည်း ကျောင်းမရှိ၍ ဝေလေလေ ဝါးတားတား အလုပ်လက်မဲ့များ ဖြစ်နေကြလေသည်။ ကွန်ပျူတာသင်တန်း တက်သော်လည်း မတတ်မြောက်၊ အင်္ဂလိပ်သင်တန်း တက်သော်လည်း မတတ်တစ်ခေါက်နှင့်သာ ဟိုမရောက်ဒီမရောက် ဖြစ်နေကြလေသည်။ ထိုသို့ ဟိုမရောက် ဒီမရောက် ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များသည် ၆၀ ရာခိုင်နှုန်းခန့် ရှိလေသည်။
၎င်းတို့သည် အင်္ဂလိပ်စာလည်း ဖြစ်မြောက်အောင် မသင်ကြ၊ ကွန်ပျူတာသင်တန်း တက်သော်လည်း လေ့ကျင့်ခွင့်မရ၍ ဗဟုသုတလောက်သာ အတွေ့အကြုံ ယူကြလေသည်။ မြန်မာပြည်၌ နှစ်စဉ် ဓမ္မာစရိယပုဂ္ဂိုလ်များ ရာချီထောင်ချီ တိုးပွားနေရာ ထိုဓမ္မာစရိယများအတွက် အနီးကပ်လမ်းညွှန်မည့် သာသနာပြုသင်တန်းများ ပေါ်ပေါက်သင့်ပေပြီ။ ဓမ္မာစရိယများ အလုပ်လက်မဲ့ဘဝဖြင့် ပျက်စီးကြ လူဝတ်လဲသွားကြနှင့် သာသနာတော်၌ အင်အားများစွာ ဆုံးရှုံးနစ်နာရလေသည်။
ကျောင်းထိုင်သင့်သည့်အရွယ်ရောက် ရဟန်းတော်များမှာလည်း ကျောင်းမထိုင်ဘဲ မြို့မှာပင် သောင်တင်နေကြလေသည်။ ထိုသူတို့သည် ၎င်းတို့ရရှိထားသည့် ဓမ္မာစရိယဘွဲ့တံဆိပ်တော်ကို ဆွမ်းစားလက်မှတ်အဖြစ်၊ အလှူခံလက်မှတ်အဖြစ်၊ အငြိမ်းစားလက်မှတ်အဖြစ်၊ (အခွင့်ထူးခံဘွဲ့တံဆိပ်) အခွင့်ထူးခံ လူတန်းစားလက်မှတ်အဖြစ် မှတ်ထင်နေကြလေသည်။ ၎င်းတို့သည် ကျေးရွာသားများဖြစ်ရာ ကျေးရွာရှိ ဒကာ/ဒကာမများက အထင်ကြီးကြ လေးစားကြ ကြည်ညိုကြလေသည်။ မြို့ပေါ်အခြေချ နေထိုင်သည့် စီးပွားရေးသမား ကျေးရွာသားများကလည်း ဒေသသံယောဇဉ်ဖြင့် ကိုးကွယ်ဆည်းကပ်ကြလေသည်။ ထို့ကြောင့် ဓမ္မာစရိယဘွဲ့တံဆိပ်သည် သာသနာအတွက် အကျိုးမများသော်လည်း သူတို့အတွက် အကျိုးများလေသည်။
အရံလူများ
------------------
အချို့မှာ ကျောင်းထိုင်သင့်ပါလျက် ကျောင်းမထိုင်ဘဲ ချေးများနေကြ ကျောင်းရွေးနေကြလေသည်။ အသင်းငယ်လေးများမှာ ခြေစွမ်းပြရင်း ရပ်ရွာဂုဏ်ဆောင်ထိုက်ပါလျက် အသင်းကြီးများ၏ အရံထိုင်ခုံမှာ ကိုယ့်အင်အားကိုယ် အလဟဿ ဖြုန်းတီးနေကြလေသည်။ အရံထိုင်ခုံမှာ ထိုင်ခြင်းဖြင့် ကိုယ့်အစွမ်းအစလည်း ပြခွင့်မရ နိုင်ငံ့ဂုဏ်လည်း မဆောင်နိုင်ဘဲ ကိုယ့်အင်အားများ ဆုံးရှုံးပြီး ကိုယ့်အရည်အချင်းများ အရောင်မတောက်တော့ပေ။ ထိုသူတို့သည် ၉၈ ကမ္ဘာ့ဖလား၌ ဘရာဇီးအသင်းမှ ဈေးအကြီးဆုံး အရံလူ ဒီနယ်လ်ဆင်လိုပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။ အရံထိုင်ခုံမှာပင် ဘဝသေနေကြသူများသာတည်း။ ရိုနယ်ဒိုလို ရိုနယ်ဒင်ဟိုလို ဇီဒန်းလို အသင်းကြီးများ၌ ခြေစွမ်းပြခွင့်ရလျှင်ကား အလွန့်အလွန် ကောင်းမြတ်ပါပေ၏။
ရာဇပလ္လင် ဖင်ကပ်ပါလာသူ
---------------------------------------
အချို့ဓမ္မာစရိယများမှာ ကျောင်းထိုင်ပင့်သူ ရှိပါလျက် ကျောင်းရွေးနေကြပေသည်။ သူတို့စုံစမ်းသည်မှာ “လျှပ်စစ်မီးရရဲ့လား၊ မီတာရရဲ့လား၊ အပေါ်စက်အောက်စက် ရှိပါရဲ့လား၊ ရွာနေအိမ်ခြေ ပေါများပါရဲ့လား” ဟူ၍ ဖြစ်လေသည်။ သာသနာပြုရဟန်းတော် ဆိုသည်မှာ နေရာဒေသနှင့် လုပ်ပိုင်ခွင့်ကိုသာ ကြည့်ရှုရမည်ဖြစ်ပါလျက် မိန်းမတင်တောင်းသလို အလိုက်ပေး၍ ကျောင်းထိုင်ပင့်ရမည့်သဘောမျိုး ပြောဆိုကြလေသည်။ လျှပ်စစ်မီး မရသေးလျှင် ရအောင်လုပ်ရမည်၊ မှောင်နေလျှင် လင်းအောင်လုပ်ရမည်၊ မရှိသေးလျှင် ရှိအောင်လုပ်ရမည် ဖြစ်ပေသည်။
ဘဝကို သုညမှ စခဲ့သူ အီဗရာဟင်လင်ကွန်းလို သမ္မတမျိုးနှင့် ရာဇပလ္လင် ဖင်ကပ်ပါလာသူ သီပေါမင်းလို ရှင်ဘုရင်တို့အနက် အဘယ်သူသည် ရာဇဝင်ပြောင်လေသနည်း။ အဘယ်သူကို ပိုချစ်ကြသနည်း။ အဘယ်သူသာ တိုင်းပြည်အတွက် ကျေးဇူးများသနည်း။ စောကြောဖို့ရန် လိုအပ်ပါလေ၏။ ရှေးဆရာတော်ကြီးများသည် ဘဝကို သုညမှစခဲ့သူများ ဖြစ်ကြလေသည်။ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံဆရာတော်တို့သည် ဘဝကို သုညမှ စတင်ခဲ့ရာ၌ ထင်ရှားလေသည်။ မည်မျှပင် ဝေးလံသီခေါင်ပါစေ မိမိအရည်အချင်းရှိလျှင် မိမိစွမ်းဆောင်ရည်မြင့်မားလျှင် မိမိဘက်က ပေးဆပ်ရမည့် အရင်းအနှီးထက် သာလွန်သည့် အသီးအပွင့် အကျိုးအမြတ်များကို ရရှိမည်မှာ အမှန်ပင်။
အမေရိကန် လူမည်းခေါင်းဆောင်များဖြစ်သည့် ဂျော့ဝါရှင်တန်ကာဗာ၊ ဘွတ်ကာတီဝါရှင်တန်နှင့် ပြင်သစ်နိုင်ငံမှ အာဖရိကတောကြီးထဲသို့ သွားရောက်၍ လူမည်းများအတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံသွားခဲ့သူ မဟာပရဟိတလူသား အဲလဘတ်ရွိုက်ဇာတို့၏ အောင်မြင်မှုကို ကြည့်က သိနိုင်လေသည်။ အာဂျင်တီးနား လက်ရွေးစင် ဘာတစ္စတူတာသည် အသင်းကြီးများ၏ ကမ်းလှမ်းမှုကို နှစ်ပေါင်းများစွာ ငြင်းပယ်ပြီး ဖီအိုရင်တီးနား အသင်းလေးမှာပင် ခြေစွမ်းပြခဲ့ အသင်းဂုဏ်ဆောင်ခဲ့ မြို့ဂုဏ်ဆောင်ခဲ့လေသည်။ ထို့ကြောင့် ဘာတစ်အား အီတလီနိုင်ငံ ဖီအိုရင်တီးနားမြို့သူမြို့သားများက ချစ်ခင်လေးစားကြ မေတ္တာထားကြလေသည်။
ထို့ကြောင့် ဒီနယ်ဆင်လို မကျင့်ဘဲ ဘာတစ္စတူတာလို ကျင့်ရမည်။ သီပေါမင်းလို မကျင့်ဘဲ သမ္မတကြီးလင်ကွန်းလို ကျင့်ရမည်ဖြစ်လေသည်။ သို့မှသာ သုညမှစခဲ့သော ရာဇဝင်ပြောင်သည့် မင်းကောင်းတစ်ပါးအဖြစ် အမျိုး ဘာသာ သာသနာအတွက် ကျေးဇူးများမည်ဖြစ်လေသည်။ ဤသည်ကို ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များ သတိပြုသင့်လှပေသည်။ အကယ်၍ အလုပ်လက်မဲ့ ဓမ္မာစရိယဘဝဖြင့်သာ ရပ်တည်သွားမည်ဆိုပါက သာသနာ့ဝန်ထမ်းသူ မဟုတ်ဘဲ သာသနာကို ကုပ်ပေါ်မှခွစီးသူ ဖြစ်သွားပေလိမ့်မည်။
ဓမ္မာစရိယ တက္ကသိုလ်
------------------------------
ထိုသို့ သောင်မတင် ရေမကျ အလုပ်လက်မဲ့ ဓမ္မာစရိယများ တောင်လိုပုံနေပြီး ဦးနှောက်များ သံချေးတက်နေကြသည်မှာ သာသနာတော်အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်လေသည်။ ဘွဲ့ရဆိုက္ကားဆရာလောက်ပင် တိုင်းပြည်အတွက် အကျိုးမရှိတော့ပေ။ ဤသည်မှာ ဓမ္မာစရိယများကို သာသနာအတွက် အသုံးချမည့် အနီးကပ် သာသနာပြုသင်တန်းများ၊ ဓမ္မာစရိယတက္ကသိုလ်များ မပေါ်ပေါက်သေးသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သာသနာ့အင်အားများ အလဟဿ မဖြစ်ရလေအောင် ဓမ္မာစရိယများကို လမ်းညွှန်ပြမည့် သာသနာပြုသင်တန်းများ၊ ဓမ္မာစရိယတက္ကသိုလ်များ ရှိသင့်လှပေသည်။ ထိုသင်တန်း ထိုတက္ကသိုလ်များ၌ (က) ကံဆောင်သင်တန်း၊ (ခ) အင်္ဂလိပ်စာ/စကားသင်တန်း၊ (ဂ) ကွန်ပျူတာသင်တန်း၊ (ဃ) တရားဟော/ပြ သင်တန်းများ ပို့ချသင့်သည်။
(က) ကံဆောင်သင်တန်း
---------------------------------
ရဟန်းအသက်သည် ဝိနည်းဖြစ်၍ ဝိနည်းဆိုသည်မှာ ကံကြီးကံငယ် လမ်းညွှန်ဖြစ်လေသည်။ ဓမ္မာစရိယဘွဲ့ရ ပုဂ္ဂိုလ်ပင်ဖြစ်သော်လည်း စာပေသိအဆင့်မျှသာ ရှိပေသေးသည်။ လက်တွေ့သိအဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် လက်တွေ့မရှိသော ဓမ္မာစရိယများသည် ကမ္မဝါမရွတ်တတ်လျှင်လည်း ကံမအောင် ကံမမြောက်ပေ။ ဥပမာ- ရဟန်းခံ ဥပသမ္ပဒကံဆောင်ရာ၌ ဥပဇ္ဈယ်ဆရာကလည်း အတွေ့အကြုံမရှိ ကမ္မဝါဆရာများကလည်း ဋ္ဌာန်ကရိုဏ်း ကျနစွာ မရွတ်တတ်သူများ ဖြစ်နေလျှင် ထိုသူတို့ ရဟန်းခံပေးသော ရဟန်းလောင်းသည် အဘယ်သို့ ရဟန်းဖြစ်လေမည်နည်း။ ထို့ကြောင့် သာသနာမှာ ကံဆောင်ရာ၌ အခက်အခဲ မရှိရလေအောင် လက်တွေ့ကံဆောင်သင်တန်းများ ပို့ချသင့်လေသည်။
သိမ်နတ်၊ သိမ်သမုတ်ပုံ၊ ရဟန်းလောင်းဆုံးမပုံ၊ ကထိန်ခင်း ကထိန်နုတ်ပုံ၊ ဥပုသ်ပဝါရဏာပြုပုံ၊ ပရိဝါသ် မာနတ်ဆောက်တည်ပုံ စသည့် ဝိနည်းနှင့်ပတ်သက်သမျှကို ပို့ချခြင်း သရုပ်ပြခြင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အရည်အချင်းရှိသော၊ ကံဆောင်ရာ၌ ကျွမ်းကျင်သော သာသနာပြုရဟန်းတော်များ ထွန်းကားလာနိုင်ပေသည်။ ဤကံဆောင်သည့်အပိုင်းနှင့် ပတ်သက်၍ ပခုက္ကူနိကာယမှ ရှေးဆရာတော်ကြီးများကို နည်းယူသင့်ပေသည်။ အတွေ့အကြုံများသည့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက ပို့ချသင့်ပေသည်။ ကျွန်ုပ်သည်ပင် သကျသီလစာသင်တန်း အောင်ပြီးသော်လည်း သိမ်သမုတ်ပွဲတစ်ခု၌ နိမိတ်ကြားရာမှာ အခက်အခဲ တွေ့ခဲ့ရလေသည်။ အခုချိန်ထိ ဝတ်ဆောက်တည်ပုံ အစီအစဉ်ကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့်ဘာသာ မလုပ်တတ်သေးပါ။
ဤသည်မှာ စာတွေ့သာရှိပြီး လက်တွေ့မရှိသေးသောကြောင့် ဖြစ်လေသည်။ စာတွေ့နှင့် လက်တွေ့ကား ဆေးနည်းကျက်သူနှင့် ဆေးဖော်စပ်၍ ကုသသူကဲ့သို့ပင် များစွာကွာခြားလေ၏ ။ ဆေးနည်းကျက်သူသည် ဆရာဝန်ဘွဲ့ရသူ အဆင့်သာရှိလေသည်။ ဆေးဖော်စပ်သူ လက်တွေ့စမ်းသပ်သူသည် အလုပ်သင်ဆရာဝန်အဆင့်မှာ ရှိလေသည်။ လူနာများနှင့် နဖူးတွေ့ဒူးတွေ့ ကုသနေသူသာ ကျွမ်းကျင်သောဆရာဝန် ဖြစ်လေသည်။ ထို့ကြောင့် စာတွေ့ဘွဲ့ရများဖြင့်သာ ကျေနပ်မနေဘဲ လက်တွေ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းနိုင်ရန် အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသော ပိဋကအကျော်အမော် ဆရာတော်များက လက်ဆင့်ကမ်းအမွေ ပေးသင့်လှပေသည်။
(ခ) အင်္ဂလိပ်စာ/စကား သင်တန်း
-----------------------------------------------
ဗုဒ္ဓမြတ်စွာသည် လောကစက္ခု စမ္မစက္ခု စက္ခုနှစ်လုံး အလင်းရောင်ရသူကို ချီးကျူးတော်မူလေသည်။ ဧကစက္ခုက တစ်ဖက်မြင် တစ်ဖက်ကန်း၊ ဒွိစက္ခုက နှစ်ဖက်မြင်၊ အန္ဓ- နှစ်ဖက်ကန်းဟူ၍ ပုဂ္ဂိုလ်သုံးမျိုး ရှိရာတွင် မြတ်စွာဗုဒ္ဓက ဒွိစက္ခုက- လောကဓမ္မ နှစ်ဋ္ဌာနလုံး၌ အသိအမြင် ကြွယ်ဝသူကိုသာ နှစ်ဖက်မြင်အဖြစ် အမွှမ်းတင် ချီးကျူးတော်မူခဲ့လေသည်။ ထို့ကြောင့် ရဟန်းတော်များသည်လည်း ခေတ်ပညာကို မျက်ကွယ်မပြုသင့်ပေ။ မိမိခန္ဓာကိုယ်ကိုပင် နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ကူးရာ၌ ယာဉ်တစ်ခုအဖြစ် သုံးစွဲရပါသေးလျှင် ခေတ်သုံးဘာသာစကားနှင့် ခေတ်ပညာများကိုလည်း သာသနာပြုလက်နက်အဖြစ် အသုံးပြုသင့်လှပေသည်။
ခေတ်ပညာနှင့် ခေတ်သုံးစကားကား သာသနာပြုရာ၌ လွန်စွာမှပင် ထိရောက်လှပေသည်။ ယနေ့ခေတ်၌ အောင်မြင်နေသော သာသနာပြုဆရာတော်များ၊ လူပညာရှိ ပုဂ္ဂိုလ်များကို ကြည့်က သိနိုင်ပေသည်။ ဆရာတော် ဦးသေဋ္ဌိလ၊ ဆရာတော် ဦးသီလာနန္ဒာဘိဝံသ၊ သီတဂူဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ ဆရာကြီးဦးဘခင်၊ ဂုရုကြီး ဦးဂိုအင်ကာ စသည်ဖြင့် ခေတ်ပညာတတ် ရဟန်းပညာရှိ လူပညာရှိ ပုဂ္ဂိုလ်များ များစွာရှိလေသည်။ ထို့ကြောင့် ထိရောက်စွာ သာသနာပြုလိုသော ရဟန်းတော်များသည် အင်္ဂလိပ်စာ/စကားနှင့် အခြားသင့်လျော်ရာ ဘာသာစကားများ စာပေများကို လေ့လာလိုက်စားသင့်ပေသည်။
ထိုသို့ လောကအကျိုး သာသနာ့အကျိုးကို ရည်ရွယ်၍ အများသုံး ဘာသာစကားဖြစ်သော အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားကို ဤသင်တန်း ဤတက္ကသိုလ်၌ အဓိကဘာသာတစ်ရပ်အဖြစ် သင်ကြားပို့ချသင့်ပေသည်။ ဤဘာသာရပ်၌ ကျွမ်းကျင်သော လူပုဂ္ဂိုလ်ပညာရှိများကို ဖိတ်ကြားမည်၊ အကူအညီတောင်းမည်၊ လိုအပ်လျှင် ဓမ္မပူဇာ(သို့) ဉာဏ်ပူဇော်ခပေး၍ အချိန်ပိုင်း ပို့ချစေမည်။ အခြေခံမှစ၍ အရေး၊ အဖတ်၊ အပြောတို့ကို စနစ်တကျ သင်ကြားပို့ချပါက ပါဠိသဒ္ဒါတတ်ကျွမ်းကြသော ဓမ္မာစရိယရဟန်းတော်များသည် အချိန်တိုကာလအတွင်းမှာပင် အခြေခံအဆင့် တက္ကသိုလ်အဆင့်သို့ လွယ်လင့်တကူ ရောက်ရှိသွားကြမည် ဖြစ်ပေသည်။ လေ့ကျင့်ခန်းများလုပ်ခြင်း၊ သရုပ်ပြစကားများ ပြောစေခြင်း၊ စာမေးပွဲများ ကျင်းပပေးခြင်း၊ တတ်နိုင်လျှင် ပြည်တွင်းပြည်ပ တက္ကသိုလ်များ၌ တက်နိုင်အောင် မြေတောင်မြှောက်ပေးခြင်း၊ ထောက်ပံ့လှူဒါန်းခြင်းများ ပြုလုပ်ပေးသင့်သည်။ ပြည်တွင်းပြည်ပမှ ဘွဲ့ရခဲ့သူများကိုလည်း ပူဇော်ပွဲများ ကျင်းပပေးခြင်း၊ သင်တန်းများ ပို့ချစေခြင်း၊ ကျူရှင်များ ပြသစေခြင်းဖြင့် ကျွန်ုပ်တို့သာသနာ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်လေသည်။
ယခုအခါ၌ တစ်ကမ္ဘာလုံးရှိ လူမျိုးအသီးသီး ဘာသာအသီးသီးမှ လူသားများသည် ငြိမ်းချမ်းရေးကို တောင့်တရှာဖွေလျက် ရှိပေသည်။ ၎င်းတို့သည် အဘိဓမ္မာအလင်းရောင်မဲ့သော အမှောင်လောက၊ တရားငတ်မွတ်နေသော ဒုက္ခိတဘဝသို့ ရောက်ရှိနေကြပေသည်။ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးနှင့် တစ်ကမ္ဘာလုံး အလင်းရောင်ရရေးကို စွမ်းဆောင်နိုင်သည်မှာလည်း မြတ်ဗုဒ္ဓ၏တရားတော်များ၊ အထူးသဖြင့် အဘိဓမ္မာနှင့် ဝိပဿနာတရားပင် ဖြစ်လေသည်။ ထိုအဘိဓမ္မာနှင့် ထိုဝိပဿနာကို ဘုရားသားတော်များကသာ ကျွမ်းကျင်လိမ္မာကြလေသည်။ ဘုရားသားတော်များကသာ ခေတ်သုံးဘာသာစကား အများသုံးဘာသာစကားကို တတ်မြောက်ကျွမ်းကျင်ဖို့ လိုပေသည်။ ထိုသို့ ကျွမ်းကျင်တတ်မြောက်၍ စွမ်းဆောင်အောင်မြင်လျှင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းမည် အလင်းရမည် ဖြစ်ပေသည်။
နိုင်ငံတကာမှ အဘိဓမ္မာလိုလားသူများသည် မြန်မာနိုင်ငံသို့ ရောက်လာလျှင် အဘိဓမ္မာသင်ခွင့်ရလိမ့်မည် ဟူသော ရည်ရွယ်ချက်ဖြင့် လာရောက်ကြပေသည်။ မြန်မာပြည်သို့ ရောက်သည့်အခါ၌ကား အဘိဓမ္မာကို အင်္ဂလိပ်လို ပို့ချမည့်သူ မရှိ၍ ကွင်းဆင်းရှာဖွေကြရင်း အခက်တွေ့နေကြလေသည်။ သီတဂူဆရာတော်ကြီး ပို့ချနိုင်သော်လည်း အချိန်မပေးနိုင်ပေ။ တက္ကသိုလ်များသို့ ညွှန်းဆိုသော်လည်း နှစ်ရှည်တက်ရောက်ရမည်ဖြစ်၍ ဝန်လေးနေကြပေသည်။ ၎င်းတို့အတွက် အဘိဓမ္မာကို အင်္ဂလိပ်လို ပို့ချသည့် နိုင်ငံခြားသားများကိုသာ သာသနာပြုသည့် အဘိဓမ္မာကထိကများ မြန်မာပြည်၌ များစွာလိုအပ်လေသည်။
နိုင်ငံခြားသား ပရိသတ်အနေဖြင့် မြန်မာပရိတ်သတ်လို အားရလောက်အောင် မများသော်လည်း တစ်ယောက်ဆိုတစ်ယောက်ဟု ဆိုရလောက်အောင် ထိရောက်မှုရှိမှာ အမှန်ပင်ဖြစ်လေသည်။ စစ်ကိုင်းမြို့ သုဗောဓာရုံကျောင်းတိုက် Ph.Dဘွဲ့ရဆရာတော် ဦးနန္ဒမာလာဘိဝံသသည် နိုင်ငံခြား၌ အဘိဓမ္မာပို့ချခြင်း၊ မြန်မာပြည်၌ အင်္ဂလိပ်လို ဘာသာပြန်သည့် သုတေသန သာသနာပြုလေသည်။ သီတဂူဆရာတော်ကြီးကလည်း ပါဠိပိဋကတ်တော်များကို အင်္ဂလိပ်လို ဘာသာပြန်သည့် သုတေသနကျမ်းပြုဋ္ဌာန တည်ထောင်၍ ဗုဒ္ဓတရားတော်များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုကာ ကမ္ဘာအနှံ့ ဖြန့်ချီသာသနာပြုနေပေသည်။ ထိုဆရာတော်များကို အတုယူနည်းယူ၍ အင်္ဂလိပ်စာကျွမ်းကျင်အဆင့်ရောက်အောင် မြေတောင်မြှောက်ပေးသင့်ပေသည်။ ထိုဆရာတော်များထံမှလည်း အကူအညီ အထောက်အပံ့ကို ရယူနိုင်ပေသည်။
ထို့ကြောင့် ဓမ္မာစရိယသာသနာပြုသင်တန်း၊ ဓမ္မာစရိယတက္ကသိုလ်၌ ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များကို အင်္ဂလိပ်စာကျွမ်းကျင်အဆင့်ဖြင့် ကမ္ဘာ့အဆင့်မြင့် သာသနာပြုပုဂ္ဂိုလ်ကြီးများဖြစ်အောင် လောကီ လောကုတ္တရာ ခေတ်ပညာတတ် ဆရာတော်ကြီးများကရော၊ လူပုဂ္ဂိုလ်ကြီးများကပါ ဝိုင်းဝန်းကူညီ ချီးမြှင့်ဆောင်ရွက်ဖို့ လိုပေသည်။
(ဂ) ကွန်ပျူတာသင်တန်း
------------------------------------
အင်္ဂလိပ်စာ ကျွမ်းကျင်သော ရဟန်းတော်များသည် ကွန်ပျူတာပညာ၌လည်း ကျွမ်းကျင်ကြလေသည်။ ကွန်ပျူတာပညာ တတ်မြောက်ထားလျှင် ကမ္ဘာတစ်ခုလုံးသို့ ကိုယ့်ကျောင်း ကိုယ့်ကန် ကိုယ့်နေရာဒေသကပင် ထိုင်၍ သာသနာပြုနိုင်လေသည်။ ဘယ်မှသွားစရာမလိုဘဲ ကိုယ့်အခန်းထဲကပင် ကမ္ဘာသို့ တရားတော်များ ဖြန့်ချီနိုင်ပေသည်။ ကွန်ပျူတာပညာသည် သာသနာပြုရာ၌ အစွမ်းထက်သော အထောက်အကူပြု ကိရိယာတစ်ခု ဖြစ်ပေသည်။ ကွန်ပျူတာပညာသည်လည်း အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်ပေသည်။
ကျွန်ုပ်ထံသို့ ပြည်နယ်တစ်ခုမှ ခရစ်ယာန်ဘာသာဝင် အရာရှိတစ်ယောက် ရောက်လာဖူးလေသည်။ ထိုအချိန်၌ ကျွန်ုပ်သည် ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေလေရာ ထိုအရာရှိက အားကျနေလေသည်။ ထိုအရာရှိ ပြန်သွားသည့်အခါ သူတို့ဘာသာဝင်များအား မှတ်ချက်ချသံ ကြားလိုက်ရသည်။ “ဗုဒ္ဓတွေကို တုမီဖို့ မလွယ်တော့ဘူး။ တို့ဓမ္မဆရာတွေက အခုထိ ဂစ်တာကြိုးညှိလို့ မပြီးနိုင်သေးဘူး။ ဗုဒ္ဓတွေက ကွန်ပျူတာနဲ့ အလုပ်လုပ်နေကြပြီ” ဟူ၍ ဖြစ်လေသည်။ ခေတ်ပညာတတ်များကို ခေတ်ပညာဖြင့် သာသနာပြုခြင်း၊ အထက်တန်းလွှာများကို အထက်တန်း အသုံးဆောင်များဖြင့် သာသနာပြုခြင်းဖြင့် ထိရောက်သော အကျိုးကျေးဇူးကို ခံစားရမည်ဖြစ်လေသည်။
ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များကို ကွန်ပျူတာသင်တန်းပို့ချပြီး လေ့ကျင့်ချိန် အပြည့်အဝ ပေးထားကာ စနစ်တကျ လမ်းညွှန်နိုင်ပါက ကွန်ပျူတာပညာ၌ တစ်ဖက်ကမ်းခတ် ထူးချွန်နိုင်မည့် ပါရမီရှင်များ ထွက်ပေါ်လာနိုင်ပေသည်။ ကွန်ပျူတာ အခြေခံမှတစ်ဆင့် အဆင့်မြင့်နည်းပညာများ၊ ထိုမှတစ်ဆင့် အင်တာနက် အသုံးပြုပုံများ၊ ဝက်ဘ်ဆိုက်လွှင့်တင်ပုံများအထိ တိုးချဲ့ပို့ချနိုင်ပါက ထိုရဟန်းတော်များသည် ပြည်တွင်း၌လည်း ကွန်ပျူတာနည်းပြအဖြစ် ပြန်လည်ပို့ချနိုင်မည် ဖြစ်လေသည်။ ရဟန်းတော်များ ကွန်ပျူတာကျွမ်းကျင်အောင် ကွန်ပျူတာပညာရှင် လူပုဂ္ဂိုလ်များ၏ အကူအညီ များစွာလိုပေသည်။
(ဃ) တရားဟော၊ တရားပြသင်တန်း
--------------------------------------------------
ဤသာသနာပြုသင်တန်း၌ တရားဟော၊ တရားပြသင်တန်းလည်း ပို့ချသင့်ပေသည်။ သင်တန်းဟုဆိုသော်လည်း ရဟန်းတော်များအတွက် အထူးတလည် လေ့လာလိုက်စားစရာမလိုဘဲ ဟောပြောမှု အတတ်ပညာကို ဆည်းပူးရုံမျှသာ ဖြစ်ပေသည်။ အတွေ့အကြုံ ဖလှယ်ခြင်း၊ အလှည့်ကျ လေ့ကျင့်ပေးခြင်းဖြင့် လွယ်ကူပေါ့ပါးစွာ လေ့လာရမည့် ဘာသာရပ်ဖြစ်လေသည်။ အရှင်ဥတ္တမကျော်တစ်ဖြစ်လဲ လူပျံတော်ဦးဥုတ်ကျော်သည် ဟောပြောမှုအတတ်ပညာကို ရဟန်းသာမဏေများအား ပို့ချရာ၌ များစွာအောင်မြင်လေသည်။ ထိုသင်တန်းများလို ဆရာတော်တစ်ပါးပါးက ပို့ချသွားရုံ နည်းလမ်းပြရုံသာ ဖြစ်ပေသည်။
တရားဟောရာ၌ အတွေ့အကြုံများစွာရှိသော ဓမ္မကထိကဆရာတော်ကြီးများကို အခွင့်သင့်သလို ပင့်ဖိတ်ပြီး နည်းယူသင့်ပေသည်။ မဟာစည်ရိပ်သာ၌ နှစ်စဉ်ကျင်းပလေ့ရှိသော ဓမ္မကထိက ရွေးချယ်ပွဲများလို သီလသိက္ခာမြင့်မားသော ဆရာတော်ကြီးများ၏ အကူအညီကို ရယူ၍ အရည်အချင်းစမ်းသပ်ခြင်းများ ပြုလုပ်သင့်ပေသည်။ မိုးကုတ်ဆရာတော်များလို ပဋိစ္စသမုပ္ပာဒ် ဆရာဖြစ်သင်တန်းလည်း ပို့ချသင့်ပေသည်။ တရားပြရာ၌ သတိပဋ္ဌာန်သုတ်တော်ကို မူတည်ထားပြီး မဟာစည်နိသျှည်း၊ မိုးကုတ်နိသျှည်း၊ လယ်တီနိသျှည်း စသည်ဖြင့် အလုပ်ပေးတရား ဟောပြောပို့ချပြီး မနက်အရုဏ်မတက်မီ၊ ညဘုရားဝတ်တက်ပြီး အမျှမဝေမီ လက်တွေ့တရားထိုင်ချိန် ပေးသင့်ပေသည်။
ထို့နောက် ဝိပဿနာဖြင့် သာသနာပြုလိုသူများကို ရိပ်သာအသီးသီးသို့ ပို့ဆောင်၍ နှစ်ရှည်တရားအားထုတ်စေခြင်း၊ ကမ္မဋ္ဌာန်းဆရာများနှင့် လက်တွဲ၍ အလုပ်သင်ကမ္မဋ္ဌာန်း ပို့ချနည်းယူခြင်းများ ပြုလုပ်သင့်ပေသည်။ ဟောရေးပြောရေး၌ ဝါသနာကြီးမား စိတ်အားထက်သန်သူများအား ကျေးရွာများသို့ ငါးပါးတစ်စု စီစဉ်ပေး၍ လက်တွေ့တရားပွဲများ အတွေ့အကြုံရစေခြင်း၊ တရားဟောနည်း ရစေခြင်းဖြင့် အရည်အသွေးမြင့်မားသော ရဟန်းတော်များဖြစ်အောင် ဆောင်ရွက်နိုင်ပေသည်။ ထို့အပြင် ဤသင်တန်း၌ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော်ကြီးများ၊ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်ကြီးများ၊ ဒေါက်တာမင်းတင်မွန်၊ နှစ်ဖက်လှဦးကျော်လွင်၊ ဓမ္မာစရိယဦးဋ္ဌေးလှိုင်တို့လို ပညာရှိပုဂ္ဂိုလ်များကို ဖိတ်ကြား၍ တစ်ပတ်လျှင် တစ်ရက်တန်သည် နှစ်ရက်တန်သည် ဟောပြောပွဲများ ကျင်းပခြင်းဖြင့် အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးစိတ်၊ နိုင်ငံကို အကျိုးပြုလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာမည် ဖြစ်ပေသည်။
ထို့ပြင် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများကို ပင့်ဖိတ်၍ မြန်မာစာ လေ့လာနည်း၊ သမိုင်းလေ့လာနည်း၊ ပထဝီနိုင်ငံရေးနှင့် သတင်းစာပညာ၊ သုတေသနပြုပုံအဆင့်ဆင့် စသည်တို့ကိုလည်း လမ်းညွှန်ပို့ချသင့်ပေသည်။ သို့မှသာ ရဟန်းတော်ထဲမှ ကဗျာလင်္ကာ စာရေး၊ ကျမ်းပြု၊ သာသနာ့သမိုင်း၊ ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့နိုင်ငံများ အခြေအနေ စသည်များကို တီးမိခေါက်မိမည် ဖြစ်ပေသည်။ ဤသို့လျှင် ဤသင်တန်း ဤတက္ကသိုလ်ကြီးသည် တရားဘာဝနာများလည်း မြိုင်ဆိုင်နေပြီး သာသနာပြုနည်းပညာများလည်း ဝေဆာနေမည် ဖြစ်ပေသည်။
သီရိဓမ္မာသောကမင်းကြီး လက်ထက်၌ ကိုးတိုင်းကိုးဋ္ဌာန သာသနာပြု စေလွှတ်ရာမှ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဗုဒ္ဓတရားတော်များ ရောက်ရှိ၍ ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ပေသည်။ ဤသင်တန်းကြီးသည်လည်း သာသနာပြုသင်တန်းကြီး ဖြစ်သည့်အားလျော်စွာ အရည်အချင်းပြည့်ဝသည့် သာသနာပြုသူရဲကောင်းများ မွေးထုတ်ပေးနိုင်မှာ အမှန်ပင်ဖြစ်ပေသည်။ ဤသင်တန်းကြီးကြောင့် မြန်မာ့သာသနာသည်လည်း ရောင်ဝါနေသို့ ထွန်းလင်းပြီး ကမ္ဘာမှာ မြန်မာဟေ့ဟူ၍ ကြွေးကြော်နိုင်မှာ ဖြစ်ပေသည်။
သင်တန်းဆင်းပွဲ၌ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခြင်း၊ ဆိုင်ရာဘာသာရပ်အလိုက် အင်္ဂလိပ်စာထူးချွန်ဆု ကွန်ပျူတာထူးချွန်ဆု ကံဆောင်ထူးချွန်ဆု တရားဟောထူးချွန်ဆု တို့ ချီးမြှင့်ခြင်း၊ ထူးချွန်သူများအား ဆက်လက်ကူညီထောက်ပံ့ခြင်းများ ပြုလုပ်သင့်ပေသည်။ နှစ်စဉ် ဆောင်းလေးလကို သင်တန်းကာလအဖြစ် သက်မှတ်ပြီး ဓမ္မာစရိယဘွဲ့ရ ရဟန်းတော် အပါးငါးဆယ် လက်ခံပို့ချသင့်ပေသည်။
ခေတ်မီဘုရားတည် သာသနာပြုနည်း
--------------------------------------------------------
စင်ကာပူနိုင်ငံသည် ရန်ကုန်မြို့လောက်သာရှိသည့် နိုင်ငံငယ်လေးတစ်ခုသာ ဖြစ်သည်ဟု သိရပေသည်။ ထိုနိုင်ငံငယ်လေး၌ စိုက်စရာ မြေမရှိ၊ သောက်စရာ ရေမရှိပေ။ စိုက်ပျိုးရေး မထွန်းကားဘဲ မလေးရှားမှ ရေချိုဝယ်ယူ သောက်သုံးနေရပေသည်။ ထိုသို့ သယံဇာတ ဆင်းရဲသော်လည်း နိုင်ငံအနေဖြင့်မူ အာဆီယံ၌ ထိပ်ဆုံးကပင် ရပ်တည်နေပေသည်။ အကြောင်းမှာ လူသားအရင်းအမြစ်ကို အကျိုးရှိအောင် အသုံးချသောကြောင့် ဖြစ်ပေသည်။ ထိုစနစ်ကို အတုယူသင့်ပေသည်။ တိုးတက်လာသောနိုင်ငံတိုင်း အဆင့်မြင့် ကွန်ပျူတာနည်းပညာများကို အထက်တန်းလွှာများကသာ ဆည်းပူးနိုင်ကြပေသည်။ လူလတ်တန်းစားများမှာ အနည်းငယ်ခန့်သာ ဆည်းပူးနိုင်ပြီး အခြေခံလူတန်းစားများမှာကား အနားပင် မသီနိုင်ကြပေ။ ပါရမီရှင်ပင် ဖြစ်သော်လည်း ကုသိုလ်ကံချို့တဲ့၍ ဘဝပေးအခြေအနေ မလှပသူများလည်း ရှိပေသည်။
ထို့ကြောင့် လူတန်းစား အလွှာအသီးသီးက လေ့လာလိုက်စားနိုင်အောင် ရဟန်းတော်များ သင်တန်းကာလ ပြီးဆုံးချိန်၌ လူပုဂ္ဂိုလ်များကို ပို့ချပေးသင့်ပေသည်။ လူပုဂ္ဂိုလ်များအတွက်ကား အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာသာ ပို့ချရန် ဖြစ်ပေသည်။ ဆရာဖြစ်သင်တန်း၌ ဘွဲ့ရပညာတတ်များကို အသက်ကန့်သတ်ချက်၊ ဦးရေကန့်သတ်ချက်ဖြင့် ခေါ်မည်။ တစ်နေ့လျှင် သုံးသုတ်ဖြစ်စေ လေးသုတ်ဖြစ်စေ သင်ကြားပေးမည်။ ၄င်းတို့အထဲမှ ထူးချွန်သူများကို ဆရာအဖြစ် ရွေးချယ်မည်။ လခကောင်းကောင်းပေးမည်။
ပြီးလျှင် ကျောင်းသူ/ကျောင်းသားများအတွက် သင်တန်းခေါ်ယူမည်။ ဆယ်တန်းအောင်ရမည်။ ထောက်ခံချက်နှင့် ပြည့်စုံရမည်။ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆောက်တည်တတ်ရမည်။ ဘုရား၊ တရား၊ သံဃာ့ဂုဏ်တော်များကို ပါဠိအနက် အာဂုံရရမည်။ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ဘုရားရှိခိုးဂါထာ ၂၀ ကို ပါဠိအနက် အလွတ်ပြန်ဆိုနိုင်ရမည်။ နီးစပ်ရာ ဆရာဘုန်းကြီးထံမှ သင်ယူခဲ့ကြောင်း အရည်အချင်းပြည့်မီကြောင်း ထောက်ခံချက် ပါရမည်။ အင်တာဗျူးတစ်ရပ်အနေဖြင့် လူတွေ့စစ်ဆေးပြီးမှ အောင်စာရင်းထုတ် လက်ခံမည်။
အင်္ဂလိပ်စာနှင့် ကွန်ပျူတာကို အခမဲ့ ဓမ္မဒါနပညာဒါနအဖြစ် သင်ကြားပေးမည်။ သင်တန်းကာလနောက်ဆုံး စာမေးပွဲအနေဖြင့် ဝင်ခွင့်ပြဋ္ဌာန်းစာပါ ဘုရားစာများကို ကွန်ပျူတာဖြင့် ရိုက်နှိပ်ဖြေဆိုရမည်။ စာစီစာရိုက် ကျွမ်းကျင်ရန်ဖြစ်သည်။ အမြန်ဆုံး အရှင်းဆုံး အသန့်ဆုံး အကောင်းဆုံး ရိုက်နိုင်သူများကို မြန် ရှင်း ကောင်း သန့် ဆုချီးမြှင့်မည်။ အင်္ဂလိပ်စာကိုလည်း ထို့အတူ ကွန်ပျူတာဖြင့် ဖြေရမည်။ အင်္ဂလိပ်စာစကားအတွက် စကားပြောပြိုင်ရမည်။
ထူးချွန်သူများကို ဆုချီးမြှင့်ပြီး သင်တန်းဆင်းပြီးသူ မှန်သမျှကို အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်၌ အဆင့်မြင့် ဆရာဖြစ် ကျွမ်းကျင်အဆင့်ရောက်ပြီး အသက်မွေးဝမ်းကျောင်းနိုင်သည်အထိ ထောက်ပံ့သွားမည်ဖြစ်သည်။ သို့မှသာ ရွက်ပုန်းသီးလေးများ ပေါ်ထွန်းလာပြီး လူတန်းစားမရွေး ထူးချွန်မှာ ဖြစ်သည်။ သူတို့၏ရင်ထဲ၌လည်း ဓမ္မစေတီတည်ပြီးသား ဖြစ်သွားလိမ့်မည်။ နှလုံးသားမှာ ဘုရားတည်သောနည်း ဖြစ်ပါ၏။ ခေတ်မီသာသနာပြုနည်း ဖြစ်ပါ၏။
အိပ်မက်လှလှ မက်စေချင်
--------------------------------------
ယခုဆိုခဲ့ပြီးသည့် သာသနာပြုသင်တန်းကျောင်း (သို့) ဓမ္မာစရိယတက္ကသိုလ်သည် ကျွန်ုပ်၏ စိတ်ကူးယဉ်အိပ်မက် ဖြစ်ပါသည်။ စွမ်းနိုင်သူများက အကောင်အထည်ဖော်စေချင်ပါသည်။ အကောင်အထည်ဖော်မည့်သူ မရှိလျှင်လည်း ကျွန်ုပ်ကိုယ်တိုင် ဖော်မည်ဖြစ်ပါသည်။ နေရာလိုသည်။ အဆောက်အအုံလိုသည်။ လျှပ်စစ်မီးလိုသည်။ မီးစက်လိုသည်။ အခင်းအကျင်း ကုန်ကျစရိတ်လိုသည်။ ကွန်ပျူတာအလုံးရေ ငါးဆယ်လိုသည်။ ရဟန်းတော်များအတွက် လေးလစာ တစ်နေ့တာဆွမ်းကွမ်း ဝေယျာဝစ္စအတွက် ရန်ပုံငွေလိုသည်။ ကထိကများ လိုသည်။ ကွန်ပျူတာပညာရှင်များ လိုသည်။ (သီလရှင်များအတွက်လည်း စဉ်းစားထားပါသည်) ထူးချွန်ဆုများအတွက် ရန်ပုံငွေလိုသည်။ အရာရာကို ဖန်တီးနိုင်စွမ်းသော ဒုတိယဘုရားသခင်သည် အရေးပါဆုံး အလိုအပ်ဆုံး ဖြစ်ပေသည်။ သည်အတွက် အချိန်ယူ စုဆောင်းရဦးမည် ဖြစ်ပါ၏။
အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကျွန်ုပ်ကား အိပ်မက်လှလှ မက်ခဲ့ပြီးပါပြီ။ အိပ်မက်ကြီးကြီး မက်ခဲ့ပြီးပါပြီ။ ကျွန်ုပ်သည် ကျွန်ုပ်တို့လူမျိုးကို အားမရလှပေ။ ရွှေမြန်မာများကား အိပ်မက်ကြီးကြီး မမက်ချင်ကြ၊ အိပ်မက်လှလှ မမက်ချင်ကြပေ။ အိပ်မက်မက်သည်ကိုပင် ရှင်ဘုရင်အဖြစ် ဝန်ကြီးချုပ်အဖြစ် သမ္မတအဖြစ် သူဌေးသူကြွယ်အဖြစ် ပညာရှိသုခမိန်အဖြစ် ထည့်မမက်ကြ စိတ်ကူးမယဉ်ကြပေ။ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မကုန်သည့် အလကားမက်သည့် အိပ်မက်ကိုပင် အဆင့်မြင့်မြင့် မမက်ကြပေ။ ဖြစ်သလိုနေ ဖြစ်သလိုစား ရရစားစားဘဝဖြင့် နိမ့်ကျစွာ နေလိုကြ၏။ လူမျိုးနိမ့်ကျလျှင် သာသနာ အထက်တန်းမရောက်နိုင်။ နိုင်ငံလည်း အောက်တန်းစာရင်းဝင်မည် ဖြစ်ပါ၏။
ထို့ကြောင့် နိုင်ငံနှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ငဲ့ညှာ၍ ယနေ့မှစတင်ပြီး အိပ်မက်လှလှကြီးများ မက်ကြစေချင်ပေသည်။ အိပ်မက်ရှင်များသည်လည်း ကျွန်ုပ်နှင့် လက်တွဲ သာသနာပြုစေချင်ပေသည်။
( ဤစာမူကို မန္တလေးအိုးဘိုထောင်တွင် သီတင်းသုံးစဉ် ၁၀-၁၂-၂၀၀၆ ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါသည် )
ဦးပဉ္စင်း
ဝီရသူ - မစိုးရိမ်
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေ၊ မန္တလေး
wirathu2012@gmail.com
( ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော "မဟာဝီရ" ရသစုံမဂ္ဂဇင်း မှ ကူးယူဖော်ပြသည် )

No comments:
Post a Comment