. " မြင်း ငါး မျိုး နှင့် လူ ငါး မျိုး "
မြင်းငါးမျိုး ဆိုရာတွင် -
၁ ။ ပထမ မြင်းသည် " ဖေ့သားကြီး ပြေးကွာ " လို့ ဆိုလိုက်ရုံနှင့် အသော့နှင်သောမြင်း ။

၂ ။ ဒုတိယ မြင်းသည် အော်ငေါက်၍ ပြောဆိုကာ နှင်တံ ဝှေ့ယမ်း အသံပေးမှ အသော့နှင်သောမြင်း ။
၃ ။ တတိယ မြင်းသည် နှင်တံနှင့် ပွတ်၍ ကျောပေါ်သို့ ခပ်စပ်စပ်လေး ယမ်းပေးမှ အသော့နှင်သောမြင်း ။
၎ ။ စတုတ္တ မြင်းသည် နှင်တံနှင့် အရှိုး အစင်း ထင်အောင် ရိုက်ပေးမှ အသော့နှင်သောမြင်း ။
၅ ။ ပဉ္စမ မြင်းသည် မည်သို့အော်အော် မည်မျှရိုက်ရိုက် ထုံပေပေ ညစ်ကန်ကန် နှင့် ဝန်မရုန်းချင်သောမြင်း ။
ဟူ၍ ငါးမျိုးရှိသည် ။
လူတို့တွင်လည်း ငါးမျိုးရှိသည် ၊ ယင်းတို့သည် -
၁ ။ ပထမတစ်မျိုးမှာ တရားစာဖတ်ရ၍ ၊ တရားစကား ကြားရ, နာရ၍ ၊ သတိသံဝေဂ ရကာ တရား ဘာဝနာကို
ပွားများအားထုတ်သောပုဂ္ဂိုလ်သည် ' ဖေ့သားကြီး ' ဆိုရုံမျှဖြင့် ပြေးသောမြင်းနှင့် တူသည် ။
၂ ။ ဒုတိယတစ်မျိုးမှာ ရာသီဥတုကြမ်းကြောင့်သော်လည်းကောင်း၊ စစ်မက်ဖြစ်ပွားခြင်း, အကြမ်းဖက်ခြင်း, ယာဉ်
ရထားတို့ဖြင့် တိုက်ခိုက်တိမ်းမှောက်သောကြောင့်သော်လည်းကောင်း၊ လူအများသေကြေကြသည်ကို တွေ့မြင်
ရသဖြင့် သတိသံဝေဂ ရကာ တရားဘာဝနာကို ပွားများအားထုတ်သောပုဂ္ဂိုလ်သည် အော်ငေါက်၍ နှင်တံဝှေ့ယမ်း
အသံပေးမှ ပြေးသောမြင်းနှင့် တူသည် ။
၃ ။ တတိယတစ်မျိုးမှာ မိမိဧ။် မိသားစုမှသော်လည်းကောင်း၊ မိမိနှင့် ရင်းနှီးချစ်ကျွမ်းဝင်သော မိတ်ဆွေ စသည်တို့
အကြောင်းတစ်စုံတစ်ရာကြောင့် သေဆုံးရသည်ကို တွေ့မြင်ရသဖြင့် သတိသံဝေဂ ရကာ တရားဘာဝနာကို
ပွားများအားထုတ်သော ပုဂ္ဂိုလ်သည် နှင်တံနှင့် ခပ်စပ်စပ် ယမ်းပေးမှ ပြေးသောမြင်းနှင့် တူသည် ။
၎ ။ စတုတ္တတစ်မျိုးမှာ မိမိကိုယ်တိုင် သေတွင်းသေဝ အဖြစ်နှင့် ကြုံရခြင်း ၊ ကုသမရတော့သော ရောဂါဝေဒနာများ
ရရှိခြင်း စသည်တို့ကြောင့် သေမည့်ဘေးနှင့် တွေ့ကြုံရသောအခါ သတိသံဝေဂ ရကာ တရားဘာဝနာကို
ပွားများအားထုတ်သောပုဂ္ဂိုလ်သည် အရှိုးအစင်းထင်အောင် ရိုက်မှ ပြေးသောမြင်းနှင့် တူသည် ။
၅ ။ ပြဆိုခဲ့ပြီးသော အနိဌာရုံများ (ကြောက်မက်ဖွယ် သေခြင်းတရားများ) နှင့် ကြုံဆုံရသော်လည်း သတိသံဝေဂ
မရဘဲ တရားအသိလည်းမလေ့လာ ၊ အမှားအပြည့်များဖြင့်သာ ဘဝဆုံးသွားရသည့် ပုဂ္ဂိုလ်သည် မည်မျှရိုက်ရိုက်
ထုံပေပေ ညစ်ကန်ကန် နှင့် ဝန်မရုန်းချင်သောမြင်းနှင့် တူသည် ။
ထို့ကြောင့် တရားစာများ ဖတ်ရသောအခါ ၊ တရားစကားများ နာကြားရသောအခါ ၊ နှလုံးသားမှ နားလည်သဘောပေါက်
စေရန် အာရုံစူးစိုက်ပြီး ဖတ်မှတ် နာကြားသင့်ပေသည် ။ ရတောင့် ရခဲ ရလာသော လူ့ဘဝကို တန်ဘိုးရှိစွာ အသုံးချနိုင်ရန်
အချိန်မနှောင်းမီ တရားဘာဝနာများကို လုံ့လဝိရိယစိုက်၍ ကြိုးစားအားထုတ်ကြပါကုန် ။ ။

No comments:
Post a Comment