အဆိုးကို အသုံးချခြင်း
================
လောကမှာ ဥာဏ်မရှိသူအတွက် အဆိုးကြောင့် ဂုဏ်ပျက်တတ်သော်လည်း ဥာဏ်ရှိသူအတွက်တော့ အဆိုးကြောင့်ပဲ
ကောင်းဂုဏ်တက်ရပါတယ်။
မြတ်ဗုဒ္ဓရဲ့ အရဟံဂုဏ်တော်ကိုပဲ ကြည့်ပါ။ အဆိုးဆုံးကိလေသာကို အကောင်းဆုံးနည်းနဲ့ အကြွင်းမဲ့ လုံးဝအနိုင်ယူနိုင်လို့ ရထားတဲ့ ဂုဏ်ပုဒ်ပါ။ ကိလေသာအဆိုးကြောင့် ဘုရားရှင်ဂုဏ်တက်ရတာပါ။
အဆိုးဆုံးကို နိုင်ထားလို့ အကောင်းဆုံးဖြစ်သွားတာကိုး။
တရားကျင့်တာဟာ ဆင်းရဲအပူနဲ့ ရင်ဆိုင်လာရင် နောက်ဆုတ်အရှုံးပေးဖို့ မဟုတ်ဘူး။ အားပြိုင်အနိုင်ယူဖို့သာ ဖြစ်တယ်။
သူတော်ကောင်းဆိုတာ ဆိုးဝါးတဲ့ ဆင်းရဲအပူကို နိုင်လို့ရတဲ့ အကောင်းဂုဏ်ပဲ။
ဆိုးဝါးတဲ့အနာရောဂါဟာ ဆေးဝါးအာနိသင်နဲ့ ဆေးဆရာရဲ့စွမ်းအင်ကို ဖော်ထုတ်ပေးတတ်သလို ရုပ်နာမ်ခန္ဓာဆင်းရဲနှင့် ကိလေသာ အပူရှိန်များဟာလည်း တရားစွမ်းအင်အာနိသင်နှင့် သူတော်ကောင်းစွမ်းအားကို ဖော်ထုတ်ဂုဏ်တင်ပေးတဲ့ တွန်းအားကြီးများ ဖြစ်ပါတယ်။
ရောဂါကြီးလေ ဆေးဆရာအစွမ်းနဲ့ ဆေးအစွမ်း ပိုပြီး ပေါ်လွင်လေ ဖြစ်ရသလို ဒုက္ခအပူကြီးလေ လူ့အစွမ်းနဲ့ တရားအစွမ်း ပိုပြီး ပေါ်လွင်ထင်ရှားလာလေသာ ဖြစ်တတ်ပါတယ်။
လောကမှာ ဘယ်အရာမဆို အကောင်းရဲ့ ကြံ့ခိုင်မှုကို
အဆိုးနဲ့ စမ်းသပ်ရတာပါ။ အဆိုးနဲ့ နည်းမျိုးစုံ အစမ်းခံနိုင်မှ အကောင်းလို့ အတည်ပြုကြပါတယ်။
လူ့သန္တာန်မှာ တရားစွမ်းအား တက် မတက် သိလိုလျှင်
ကိလေသာဖြစ်စရာအာရုံ ဆင်းရဲဒုက္ခ လောကဓံ အာရုံများနဲ့ စမ်းသပ်ကြည့်ရတယ်။ အစမ်းခံနိုင်ရင် တရားစွမ်းအား တက်နေပြီလို့
သိနိုင်တယ်။ အစမ်းမခံနိုင်ရင် ဘာမှ မရှိသေး၊ ဘာမှမစွမ်းသေးလို့
နားလည်ရပါတယ်။
လူ့ဘဝအဆိုးတွေဟာ လူကို အောက်ကို လိမ့်ကျသွားအောင် တွန်းချပစ်ဖို့ မဟုတ်ပါဘူး။ အပေါ်ကို တက်သွားအောင်၊
လူ့အရည်အချင်း မြင့်မားသွားအောင် တွန်းတင်ပေးတဲ့ တွန်းအားကြီးတွေ ဖြစ်လို့ လူရဲ့ တကယ့်ကျေးဇူးရှင်ကြီးတွေပါ။
အဆိုးကို ခံနိုင်မှ တကယ့် လူ့စွမ်းအားပါ။ အဆိုးကို ခံနိုင်ဖို့ လိုသလို အကောင်းကို ခံနိုင်ဖို့လည်း သတိထားနေရမှာပဲ။ဘာကြောင့်လည်းဆိုတော့ လောကထဲက အကောင်းဆိုတာ အချိန်မရွေး အဆိုးဘက်ကို ပြောင်းလဲသွားတတ်တာကြောင့်ပါ။
တိပိဋကဓမ္မာဘဏ္ဍာဂါရိက ( ယော ) ဆရာတော်ဘုရားကြီး
ဆရာတော်ဘုရားကြီး၏ တိပိဋကဓမ္မလက်ဆောင်တရား
တော်များ စာမျက်နှာ ၅၅၉ မှ။

No comments:
Post a Comment