Sunday, August 9, 2015

ဇာတ်တော် - ၅၅၀ နှင့် ဓမ္မပဒ

ဇာတ်တော် - ၅၅၀ နှင့် ဓမ္မပဒ's photo.
ဓမ္မပဒ
ယမကဝဂ္ဂ
၃။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တရော။
ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်ခါမျှ မပြေငြိမ်းနိုင်ကုန်။ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။
ဤဓမ္မဒေသနာ ပါဌ်ဂါထာကို မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘဝများစွာ အပြန် အလှန် ရန်ငြိုးထားခဲ့ကြသော မိန်းမနှစ်ယောက်ကို အကြောင်းပြုပြီး ဟောကြားတော်မူခြင်းဖြစ်ပါသည်။
သူကြွယ်မိသားစုတစ်စုတွင် ဖခင်သူကြွယ် သေဆုံးသွားသဖြင့် သားဖြစ်သူက လယ်လုပ်ငန်း၊ အိမ်လုပ်ငန်းများ အားလုံးကို တစ်ယောက် တည်း လုပ်ကိုင်နေ၏။ တစ်ဖက်မှလည်း မိခင်အိုကြီးကို ပြုစုလုပ်ကျွေး ရသေး၏။ ဤသို့ တစ်ယောက်တည်းဖြင့် အလုပ်အားလုံး လုပ်နေရသော သားကို မကြည့်ရက်သဖြင့် မိခင်က သားကိုယ်တိုင် နှစ်သက်မြတ်နိုးသော အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ထိမ်းမြား၍ ပေးလေသည်။
သို့ရာတွင် ထိုအမျိုးသမီးမှာ အမြုံဖြစ်နေ၍ မိခင်ကြီးက အမျိုး အနွယ် မပြတ်စဲစေရန် အခြားအမျိုးသမီး တစ်ယောက်ကို ရှာဖွေမည်ပြု၏။ အမြုံမသည် အခြားအမျိုးသမီးကို ရှာခြင်းရှာလျှင် ငါကိုယ်တိုင် ရှာဖွေပေး ခြင်းက ကောင်း၏ဟု တွေးတောကာ သူနှစ်သက်ရာ အမျိုးသမီးငယ်ကို တောင်းယူ၍ သူကိုယ်တိုင် မိမိလင်နှင့် လက်ထပ်ထိမ်းမြား၍ ပေးလေ သည်။
ဤသို့ ထိမ်းမြားပေးပြီးခါမှ မိန်းမပျို၏စိတ်ထဲမှာ တစ်မျိုးတစ်မည်ဖြစ် လာ၏။ အကယ်၍ ဤမိန်းမသည် သားသမီးတစ်ယောက်ယောက်ကို ရလျှင် သူသာလျှင် ဥစ္စာရှင် ဖြစ်လိမ့်မယ်။ သူ့ကို ကလေးမရအောင် ပြုထားသင့် ၏ဟု ကြံစည်မိ၏။ ထို့ကြောင့် မယားငယ်က မိမိမှာ ကိုယ်ဝန်တည်ကြောင်း ပြောပြလာသောအခါ အစားအသောက်ထဲမှာ ကိုယ်ဝန်ပျက်ဆေးထည့်၍ ကျွေးမွေး၏။ နှစ်ကြိမ်တိုင်တိုင် ဤသို့ပြု၍ ကိုယ်ဝန်ပျက်ကျ၏။ တတိယ အကြိမ် ကိုယ်ဝန်တည်လာသောအခါတွင်ကား အိမ်နီးချင်း မိန်းမတို့က အဖြစ်ကို ပြောပြသဖြင့် မိန်းမမြုံအား မပြောကြားတော့ပေ။
တစ်စတစ်စနှင့် ပြည့်ဖောင်းလာသော မယားငယ်၏ ဝမ်းကို မိန်းမမြုံ မြင်လေသော် အဘယ်ကြောင့် ငါ့ကို မပြောသနည်းဟု မေး၏။ မယားငယ် က သင်သည် ငါ့ကိုလှည့်စားပြီး ခေါ်ယူ၍ နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ကို ပျက်စေခဲ့၏။ အဘယ်ကြောင့် သင့်အား ပြောပြမည်နည်းဟု ဆိုလေ၏။ ဤတွင် မိန်းမမြုံသည် မယားငယ် မေ့လျော့နေချိန်ကို ချောင်းမြောင်းကာ အခွင့်ရသည်နှင့် ကိုယ်ဝန်ပျက်သောဆေးကို ထည့်ခတ်၏။ ကိုယ်ဝန်မှာ ရင့်နေပြီဖြစ်၍ ပျက်မကျတော့ပဲ ကန့်လန့်ကျနေ၏။ မယားငယ်မှာ ပြင်းထန် သော ဝေဒနာကို ခံစားရပြီး သေခါနီးအခြေအနေသို့ အရောက်တွင် ငါကား ဧကန် ပျက်စီးရချေတော့မည်။ သင်သည် ငါ့ကိုခေါ်ယူခဲ့၍ သင်သည်ပင် သုံးကြိမ်တိုင်တိုင် ဖျက်ဆီးခဲ့၏။ ငါသည် ဤဘဝမှ သေဆုံးပြီးနောက် သင့်သားငယ်တို့ကို စားနိုင်ရပါလို၏ ဟု ဆုတောင်း၍ သေ၏။
သေပြီးနောက် ထိုအိမ်မှာပင် ကြောင်မဖြစ်လေ၏။ မိန်းမမြုံ သည်လည်း သူကြွယ်၏ ထောင်းထုရိုက်ပုတ်သောဒဏ်ဖြင့် သေဆုံးကာ ထိုအိမ်မှာ ကြက်မဖြစ်လေ၏။
ကြက်မသည် ဥများဥသောအခါ ကြောင်မသည် ဥများကို လာ၍စား၏။ နှစ်ကြိမ်သုံးကြိမ်တိုင်အောင် လာ၍စား၏။ ဤတွင် ကြက်မသည်လည်း ဤဘဝမှ သေဆုံးပြီးသော် ထိုကြောင်မကို သားသမီးများနှင့်တကွ စားရ ပါလို၏ဟု ဆုတောင်းကာ နောက်ဘဝတွင် တော၌ သစ်မဖြစ်၏။ ကြောင်မ သည်လည်း သမင်မဖြစ်လေ၏။ သမင်မ သားဖွားသောအခါတွင် သစ်မ သည် သုံးကြိမ်တိုင်တိုင် လာ၍စား၏။ သမင်မလည်း သေခါနီး၌ ငါသည် ဤဘဝမှ သေဆုံးသော် ဤသစ်မကို သားသမီးများနှင့် အတူတကွ စားရပါ လို၏ဟု ဆုတောင်းကာ နောက်ဘဝတွင် ဘီလူးမဖြစ်၏။ သစ်မသည် လည်း ထိုဘဝမှ စုတေသော် သာဝတ္ထိမြို့တော်၌ အမျိုးသမီး ဖြစ်လေ၏။
ထိုအမျိုးသမီးသည် အရွယ်ရောက်သောအခါ မြို့တံခါးအနီးရှိ ရွာ တစ်ရွာမှ အမျိုးသားနှင့် အိမ်ထောင်ကျကာ လင့်အိမ်သို့ လိုက်ပါခဲ့ရ၏။ ဘီလူးမသည် အျမိုးသမီး၏ သူငယ်ချင်းမယောင်ဆောင်ကာ အခန်းတွင်း သို့ ဝင်လာ၏။ မွေးကင်းစကလေးကို ကြည့် ဟန်ပြုကာ ယူ၍ ရက်စက်စွာ ကိုက်သတ်စား၏။ နောက်တစ်ယောက် မွေးဖွားရာတွင်လည်း ဤသို့ပင် လာ၍စား၏။ တတိယအကြိမ် ကိုယ်ဝန်ရှိ၍ ရင့်လာသောအခါတွင်ကား အမျိုးသမီးသည် လင်ကိုခွင့်ပန်ကာ မိဘအိမ်သို့ ပြောင်းရွှေ့သွား၏။ မိဘအိမ်မှာပင် သားငယ်ကို ဘေးကင်းစွာ မွေးဖွား၏။
ထိုအချိန်၌ ဘီလူးမသည် ဝေဿဝဏ်နတ်မင်းကြီးအတွက် ရေပို့ရန် အလှည့်ကျနေ၏။ အလှည့်မှ လွတ်သည်နှင့် တစ်ပြိုင်နက် အမျိုးသမီး၏ အိမ်သို့ အဆောတလျင် လာခဲ့ရာ ထိုအိမ်တွင် မတွေ့ရသဖြင့် သာဝတ္ထိ မြို့တော်အတွင်းသို့ ပြေးဝင်လာ၏။ ထိုအခိုက်မှာပင် အမျိုးသမီးသည်လည်း ဇေတဝန်ကျောင်းတော်အနီးရှိ ရေကန်ဘောင်ပေါ်တွင် သားငယ်ကို နို့တိုက် လျက်ရှိ၏။ လင်မှာလည်း ရေကန်ထဲမှာ ရေချိုးလျက်ရှိ၏။ အမျိုးသမီးသည် ဘီလူးမပြေးလာသည်ကို အဝေးကပင် လှမ်း၍မြင်သဖြင့် လင်ကိုအော် ပြောကာ ဇေတဝန်ကျောင်းတော်ထဲသို့ ပြေးဝင်လာလေသည်။
ထိုအချိန်၌ ဘုရားရှင်သည် ပရိသတ်အလယ်၌ တရားဟောတော် မူလျက်ရှိ၏။ အမျိုးသမီးသည် သားငယ်ကို ဘုရားရှင်၏ ခြေဖမိုးပေါ်တွင် သိပ်ကာ အရှင်ဘုရား တပည့်တော်၏သားအား အသက်ကယ်တော်မူပါဟု လျှောက်ထား၏။ အရှိန်အဟုန်ဖြင့် လိုက်လာသော ဘီလူးမသည် ပရိသတ်ရှိရာသို့ ရောက်မလာနိုင်ပေ။ သုမနမည်သော တံခါးစောင့်နတ်က တားသဖြင့် အပြင်မှာပင် နေရ၏။ ဘုရားရှင်သည် ဘီလူးမအား သွား၍ ခေါ်ချေပါဟု အရှင်အာနန္ဒာအား စေလွှတ်တော်မူ၏။ ဘုရားရှင်ရှေ့တော် မှောက်သို့ ဘီလူးမရောက်သောအခါ အဘယ်ကြောင့် ဤသို့ ပြုဘိသနည်း၊ ငါဘုရား၏ ရှေ့တော်မှောက်သို့ ရောက်ခွင့်မရလျှင် သင်တို့သည် မဆုံးနိုင် သော ရန်ဘက်များ ဖြစ်လတ္တံ့ဟု မိန့်တော်မူကာ အထက်ပါဒေသနာတော် ကို ဟောကြားတော်မူလေသတည်း။
ဒေသနာအဆုံး၌ ဘီလူးမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ဘုရားရှင်၏ အမိန့်တော်ဖြင့် အမျိုးသမီးသည် ဘီလူးမကို အိမ်သို့ခေါ် ထားကာ ယာဂုနှင့် ထမင်းများကို ဦးဦးဖျားဖျား ပေးကျွေး၍ ပြုစုလုပ်ကျွေး ၏။ သို့ရာတွင် ဘီလူးမမှာ အနှောင့်အယှက်များ တွေ့ရသဖြင့် အိမ်ပတ်ဝန်း ကျင်မှာ မနေနိုင်ပေ။ သို့ဖြစ်၍ ရွာအပြင်ဘက် ဆိတ်ငြိမ်ရာသို့ ပို့ဆောင် ထားရ၏။ ယာဂုနှင့်ထမင်းများကို ထိုနေရာသို့ ပို့ဆောင်၍ ပြုစုလုပ်ကျွေး ရ၏။
ဘီလူးမကလည်း အမျိုးသမီးကို ကျေးဇူးဆပ်လိုသဖြင့် ဤနှစ် မိုးကောင်းရလတ္တံ့ ၊ ကုန်းကျရာ၌ ကောက်ပဲသီးနှံများ စိုက်ပျိုးလော့ ဟူ၍လည်းကောင်း၊ ဤနှစ် မိုးနည်းအံ့၊ ချိုင့်ကျ ရာ၌ ကောက်ပဲသီးနှံများ စိုက်ပျိုးလော့ဟူ၍လည်းကောင်း မိတ်ဆွေမအား ပြောပြ၏။ အမျိုးသမီး ကလည်း ဘီလူးမပြောသည့် အတိုင်း စိုက်ပျိုးသဖြင့် နှစ်စဉ်နှစ်တိုင်း ကောက်ပဲသီးနှံများ မပျက်စီးချေ။ အခြားသူများ၏ ကောက်ပင်များမှာကား ရေကြီးသည့်အခါ နစ်မြုပ်ကုန်ကြရ၏။ သို့ဖြစ်၍ တခြားသူများက ဤ အကြောင်းကို မေးကြသောအခါ အမျိုးသမီးက ဘီလူးမက စောင့်ရှောက်၍ ဖြစ်ကြောင်း ပြောပြလေသည်။
ထိုအခါ ဘီလူးမအား မြို့၌နေကြကုန်သော အလုံးစုံသော သူတို့သည် ပူဇော်သက္ကာရကို ပြုစုကြကုန်၏။ ထိုဘီလူးမသည်လည်း ထိုနေ့မှစ၍ အလုံးစုံသောသူတို့၏ အမှုတို့ကို ကြည့်ရှုပြောဆိုသဖြင့် များစွာသော အခြံ အရံရှိသည်ဖြစ်၍ လာဘ်လာဘ ပေါများလာသည်။ ထိုဘီလူးမသည် နောက်အခါ ရှစ်ပါးသော စာရေးတံထမင်းတို့ကို ဖြစ်စေကုန်၏။ ထိုရှစ်ပါးသော စာရေးတံထမင်းတို့ကို ယခုကာလ ယနေ့တိုင်အောင် ပေးလှူပူဇော်လျက်ရှိကြကုန်၏။

၁။အဂ္ဂမဟာပဏ္ဍိတအရှင်စန္ဒိမာ ရေးသားသော ဓမ္မပဒဝတ္ထုတော်ကြီး ၁
၂။မာဏဝပြုစုသည် ဓမ္မပဒ

No comments:

Post a Comment