ဒေါ်အောင်ဆန်းစုကြည်ရေးသော ဗိုလ်ချုပ်အကြောင်း

(ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး ဒေါက်တာ အောင်ခင် မြန်မာ ပြန်ဆိုသည်။)
-------------------
ကျွန်မ မှတ်မိနိုင်သော အ ရွယ်မရောက်မီကပင် ကျွန်မ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထို့ ကြောင့် ‘‘ဖေဖေဟာ ဘယ်လိုလူ စားမျိုးပါလိမ့်’’ဟူသော သိချင် စိတ်ဖြင့် ဖခင်၏ ဘဝလုပ်ဆောင် ချက်များနှင့်ပတ်သက်သော စာ ပေအထောက်အထားများကို ကျွန်မ စတင်စုဆောင်းလေ့လာ ဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိ စာတမ်းကို ရေးသားရာ၌ ပုံနှိပ် ထုတ်ဝေခြင်း အထောက်အထား များကို အခြေခံထားပါသည်။ အကြောင်းအရာ နှစ်ရပ်နှင့် ပတ် သက်၍သာလျှင် ကျွန်မတို့ မိသားစုနှင့် ဖေဖေ့အား ကောင်းစွာ သိကျွမ်းခဲ့သူများထံမှ သိရှိရသော အချက်အလက်များအပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။
သွေးသားနီးကပ်စွာ တော် စပ်သူတစ်ဦး၏ အတ္ထုပ္ပတ္တိကို ရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဋ္ဌာန်ကျကျရေးနိုင်မည်မဟုတ်ဟု အ စွပ်စွဲခံရနိုင်ပါသည်။ တကယ် တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူ တို့သည် မိမိတို့ရှာဖွေစုဆောင်းရ ရှိသော အထောက်အထားများ ဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ် ဉာဏ်ကို ပုံစံသွင်းပေးခဲ့သော အ ဖြစ်အပျက်၊ အတွေ့အကြုံများ၏ ဩဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည် မဟုတ်ပါ။ ကျွန်မအနေ ဖြင့် ကျွန်မဖခင်၏ ရုပ်ပုံလွှာကို ကျွန်မမြင်သည့်အတိုင်း မှန်ကန် စွာ ပေါ်လွင်စေရန် ကြိုးပမ်းရေး သားထားပါသည်ဟုသာ ပြောနိုင် ပါသည်။
အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖွားမြင်ပါ သည်။ မန္တလေးမြို့တော်ရှိ မြန်မာ ဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက် သုဉ်းစေပြီး မြန်မာ တစ်နိုင်ငံလုံး ဗြိတိသျှ အုပ်ချုပ်ရေး လက် အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအ ပြီး နှစ်ပေါင်း ၃၀ အကြာတွင် ဖြစ် ပါသည်။ နတ်မောက်နယ်သူ၊ နယ်သားများသည် မြန်မာဘုရင်များ ၏ အမှုကိုထမ်းဆောင်သည့် အ စဉ်အလာရှိသူများဖြစ်၏။
အောင်ဆန်း၏ မိခင်မျိုးရိုး ထဲတွင် ရာထူးကြီး မင်းမှုထမ်းအ ချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ်သမားမျိုးရိုးမှ ဖြစ်ပြီး လောကီရေးရာတွင် လိမ္မာ ရေးခြားမရှိ၊ စကားမပြော၊ တုံဏှိ ဘာဝေနေတတ်သူတစ်ဦးဖြစ်ပါ သည်။ ဉာဏ်ရည်ကောင်း၍ စာ ပေဘက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာ သည် မိမိ၏ အသက်မွေးဝမ်း ကျောင်းအလုပ်ဖြစ်သော ရှေ့နေ အလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက်လက် လှသော မိခင် ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။
ဒေါ်စု၏ ဦးလေးတော်သူ သည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာ အုပ်စုတစ်စုကို ခေါင်းဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ ‘‘ဗိုလ်လ ရောင်’’ (ခေါ်) ‘‘ဦးမင်းရောင်’’ကို ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ ‘‘ကုလားတို့ ကျွန်မခံ’’ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီး ကား အောင်ဆန်းမိသားစုနှင့် နယ်သူ၊ နယ်သားများ ဂုဏ်ယူစံထားအားကျဖွယ်ရာဖြစ်လာပါသည်။
ညီအစ်ကိုမောင်နှမခြောက် ဦး (ကလေးဘဝကပင် ကွယ်လွန် ကြသူများအပါအဝင်ဆိုလျှင် မွေး ချင်း ကိုးဦး)အနက် အထွေးဆုံး ဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံးဝနှစ်လိုဖွယ်မဟုတ်သော ကလေး တစ်ဦးဖြစ်ပါသည်။ စကားပြော လည်း နောက်ကျလှသဖြင့် မိသားစုက ‘စွန့်အ’နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်း ကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသား ဖြောင့်မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာ တတ်ခြင်း စသော ချစ်စဖွယ်စိတ် ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အား ငယ်စဉ်က ကောင်းစွာသိခဲ့ သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။
အောင်ဆန်း မိသားစုမှာ ဉာဏ်ရည်ကောင်းပြီး ပညာဘက် တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်း ရထားပါသည်။ အောင်ဆန်း၏ အစ်ကို သုံးဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင်ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါ သည်ဟု ဆိုရမည်ဖြစ်သော ဒေါ်စု သည် သားထွေးလေးကို အလွန် ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အ လိုလိုက်ထားခဲ့၏။
သို့ဖြင့် (၈)နှစ်သားအရွယ် ရောက်သောအခါမှ အောင်ဆန်းကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အစ်ကိုဖြစ်သူ အောင်သန်း ရှင်သာမဏေဘောင် သို့ ဝင်သောအခါ၌ ဘုန်းကြီး ကျောင်းနေ သံဃာတို့ ဘဝကို သဘောကျ၍ပေလား၊ ရှင် လောင်းများစီးသည့် ကကြိုးတန် ဆာ ဆင်ယင်ထားသော မြင်းဖြူ လေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြု ချင်ပါသည်ဟု ဆိုလာပါတော့ သည်။ လိမ္မာပါးနပ်သော အမေ က အခွင့်ကောင်းကို ချက်ချင်းယူ ၍ ရှင်မပြုမီ စာရေးစာဖတ်တတ် ရန် လိုမည်ဟု ထောက်ပြလိုက်ပါ သည်။
ကျောင်းစတက်သည်ဆို သည်နှင့် အောင်ဆန်းသည် ထူး ချွန်သော ကျောင်းသားတစ်ဦးဖြစ် ကြောင်း ပေါ်လွင်လာပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ်ထိပ်တန်း က ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင် ဖြစ်ပါသည်။ လောကုတ္တရာ ပညာသာမက ခေတ်သစ် ပညာရပ် အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်း မရှိပေ။
ထိုအချိန်က အထက်တန်း ပညာသင်ကြားရာ၌ လိုအပ်ချက် တစ်ခုဖြစ်သော အင်္ဂလိပ်စာကို အစ်ကိုကြီးများက သင်ထားပြီး ဖြစ်သည့်အတိုင်း အောင်ဆန်းက လည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ ဖြင့် အောင်ဆန်းလည်း ရေနံ ချောင်းအမျိုးသားကျောင်းသို့ အ သက် (၁၃)နှစ်အရွယ်၌ ပြောင်း သွားပါသည်။ သားထွေးလေးကို အိမ်မှ ခွဲခွာ မသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်း တက်ခွင့်ရရန် အောင်ဆန်းအစာ ငတ်ခံဆန္ဒပြပွဲလေးတစ်ခုကို ဆင် နွှဲခဲ့ရပါသေးသည်။
ရေနံချောင်းရောက်သောအ ခါ ကျောင်းတွင် ဆရာတစ်ဦးအ ဖြစ် အလုပ်လုပ်နေသော အစ်ကို ကြီး ဦးဘဝင်း၏ ထိန်းကျောင်း စောင့်ရှောက်မှုအောက်တွင် နေခဲ့ ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘဝင်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အ ထွေထွေကောင်းမွန်တိုးတက်ရေး တို့ကို စည်းကမ်းရှိရှိ၊ ဆင်ဆင်ခြင် ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူ ကလည်း ပညာရေးဘက်တွင် အားကောင်းကြောင်း ဆက်လက် ပြသကာ အသက် (၁၅)နှစ်အရွယ် ၌ သတ္တမတန်းစာမေးပွဲတွင် ဗုဒ္ဓ ဘာသာ စာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲ သူများအား ချီးမြှင့်သော ဦးရွှေခို ရွှေတံဆိပ်နှင့် ပညာသင်ထောက် ပံ့ကြေးဆုကို ရရှိခဲ့၏။
အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက် တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင်သူများ က ယူဆခဲ့ပါသည်။ အမျိုးသား ကျောင်းများသည် မြန်မာလူငယ် တို့ကို သူတို့၏ ကိုလိုနီလက် အောက်ခံ ဘဝ အခြေအနေကို နိုင်ငံရေး အသိတရားအရ ခံစား နားလည်စေပြီး ထိုဘဝမှ လွတ် မြောက်လိုစိတ်များ အသည်းနှလုံး အတွင်းမှ ဖြစ်ပေါ်လာရန် ကျို ချက်ပေးလိုက်သော နေရာများ သဖွယ်ဖြစ်ပါသည်။
မိမိ၏နိုင်ငံကို လူမျိုးခြားတို့ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသော ဆန္ဒ သည် ရေနံချောင်း အမျိုးသား ကျောင်းမတက်မီ ကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်း အောင်းနေခဲ့ပုံရပါသည်။ ကလေး ဘဝက ဗြိတိသျှတို့အား ပုန်ကန် မောင်းထုတ်ရန် နည်းအမျိုးမျိုးကို ကြံစည်စဉ်းစားခဲ့ပုံ၊ တစ်ခါတစ်ရံ ပြဒါးရှင်လုံးကဲ့သို့သော တန်ခိုး သိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကို ရ ယူရန် စိတ်ကူးယဉ်ခဲ့ပုံအကြောင်း ကို သူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဆောင်းပါးတွင် ရေးသားထားပါ သည်။
အမျိုးသားကျောင်း၌နေစဉ် အတွင်း နိုင်ငံရေးလောက၌ နာ မည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့် ခွန်းများကို စိတ်ဝင်စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံ ပြောပုံမှာ အားတက်စရာမဟုတ် သော်လည်း ကိုင်တွယ်ရမည့် အ ကြောင်းအရာနှင့် ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထား ခြင်း၊ ယုံကြည်ချက်အပြည့်အဝရှိ ခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့ ၏။
ကျောင်းဂျာနယ် စာတည်း အဖြစ်လည်း ဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်း များတွင် ပါဝင်သော်လည်း တစ် ယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံ ထောင့်မကျိုးခြင်းတို့ကြောင့် အောင်ဆန်းကို လူ့ခွစာ၊ လူထူးလူ ဆန်းအဖြစ် ကျောင်းနေဖက်များ က မြင်ကြပါသည်။ ၁၉၃၂ ခုနှစ် တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူး များဖြင့် ‘‘အေ’’ အဆင့်မှ အောင် မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပညာဆက်သင်ရန် ရောက်သွား ပါသည်။
အောင်ဆန်း ရန်ကုန်တက္က သိုလ်သို့ ရောက်လာသည့် နှစ် သည်ကား ဆရာစံသူပုန်ကို ဗြိတိ သျှအစိုးရက ချေမှုန်းကာ ခေါင်း ဆောင်များကို သေဒဏ်ပေးခဲ့ပြီး တစ်နှစ်ကြာကာလကပင် ဖြစ်ပါ သည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှာ ပေါ်ပေါက်လာရသော ပုန်ကန်မှု ကို ဗြိတိသျှအစိုးရက ရှင်ဘုရင် ဖြစ်လိုသော အယူသည်းသူတစ် ယောက် ဦးဆောင်သည့် တောသူ တောင်သား ပုန်ကန်မှုမျှသာဖြစ် သည်ဟု သေးသိမ်စေရန် နှိမ်၍ ဖော်ပြခဲ့ပါသည်။
သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိ လက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြားသော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင်ကရုဏာ ထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတစ်ဦးအဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာ သနားကြင်နာခဲ့ကြ၏။
ဗြိတိသျှအုပ်ချုပ်မှု အစော ပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့ သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံ ခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင် မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုး ခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အ တွက် စစ်မှန်သော ကောင်းကျိုး ကိစ္စရပ်တို့ကို လျစ်လျူရှုမှုများ သည် တိုင်းသူပြည်သားတို့၏ မနှစ်သက်မကျေနပ်စိတ်များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။
ပထမဦးစွာ ပေါ်ထွန်းခဲ့ သော အမျိုးသားရေးရာ အဖွဲ့အ စည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ ခိုင်မြဲရန်နှင့် သန့်ရှင်းစင်ကြယ်ရန် ကိုသာ ဆောင်ရွက်ကြသည်။ သို့ သော် ခေတ်ပညာတတ် မြန်မာလူ ငယ်အရေအတွက် များပြားလာ သည်နှင့်အမျှ နိုင်ငံရေးရည်မှန်း ချက်ပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ်တွင် တည်ထောင် သော ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (ဝိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင်ကိုင် တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ ပါသည်။
အမျိုးသားလှုပ်ရှားမှု အရှိန် အဟုန်ရလာသောအခါ ‘ဝိုင်အမ် ဘီအေ’သည် ၁၉၂၀ ပြည့်နှစ်၌ ‘ဂျီစီဘီအေ’အသွင်သို့ ကူးပြောင်း သွားပါသည်။ ပထမဦးဆုံး ပေါ် ပေါက်လာသော အမျိုးသားမဟာ မိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှား မှုကို တိုက်ရည်ခိုက်ရည်သွင်းပေး လိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော် ဦးဥတ္တမဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ် လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတစ်ဝန်းတွင် မျိုးချစ်စိတ် ဓာတ်ပြင်းပြစွာ တက်ကြွလာပါ သည်။ သို့သော်လည်း စုပေါင်းညီ ညာသော လွတ်လပ်ရေးလှုပ်ရှား မှု ပေါ်ပေါက်စေမည့် အင်အား များမှာ နိုင်ငံရေးအကွဲအပြားများ ကြောင့် လွင့်စဉ်သွားရ၏။
၁၉၂၂ ခုနှစ်တွင် ၂၁ ဦး ပါတီသည် ဂျီစီဘီအေမှ ခွဲထွက် သွားပြီးနောက်တွင် ထပ်မံကွဲကြ ပြန်သဖြင့် ၁၉၂၀ ပြည့်နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း သုံးဖွဲ့ဖြစ်သွားပါတော့သည်။ ၁၉၃၀ ပြည့်နှစ်များ၏ အစပိုင်း ကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှု အောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့်ဟူသော ‘‘ခွဲရေး၊ တွဲ ရေး’’ကိစ္စအပေါ် မြန်မာနိုင်ငံရေး သမားများ စိတ်ဝင်စားစွာ အငြင်း ပွားကြသည်ကို တွေ့ရပါသည်။
ထိုနိုင်ငံရေးသမားများအ နက် အချို့မှာ ဆရာစံသူပုန်တို့ကို ဗြိတိသျှအစိုးရက ခုံရုံးတင်စစ် ဆေးရာ၌ သူပုန်များဘက်က ခုခံ ကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ် ကျော်ကြားလာသူများ ဖြစ်ပါ သည်။ တစ်ချိန်တည်းမှာပင် ငြိမ် ၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာထိုးနှက်တိုက်ခိုက်ခြင်း သဘော ဆောင်သော နည်းဗျူဟာများသုံး စွဲရန် တွန့်ဆုတ်လိမ့်မည်မဟုတ် သော အမျိုးသားရေးစိတ်ဓာတ်ရှိ သည့် မျိုးဆက်သစ်များလည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိ လာပါသည်။
အသက် (၁၈)နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင် ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝင့်ကြွားစွာ ဝတ်ဆင်နေထိုင်ကြ သော ရန်ကုန်တက္ကသိုလ်ကျောင်း သားများ အသိုင်းအဝိုင်းတွင် မျက်နှာထားရှူသိုးသိုးနှင့် အဝတ်အစား ဖိုသီဖတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမဝင်ခွင်မကျဖြစ်နေ ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါး နပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက်ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ် လွင်စေခဲ့၏။
အောင်ဆန်း တက္ကသိုလ် ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂက စကားရည် လုပွဲတစ်ရပ် ကျင်းပါသည်။ ထို စကားရည်လုပွဲအပြီး၌ အောင် ဆန်းသည် ပရိသတ်အကြားမှထ ကာ သူ့အစ်ကို အောင်သန်းတင် သွင်းသော ‘‘ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်’’ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသားစုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်းဖြစ်ပါသည်။
အောင်ဆန်း အင်္ဂလိပ်စကား ပြောရာတွင် အသံထွက်အမှား မှားအယွင်းယွင်း ကိုးရိုးကားရား ချောမွေ့ပြေပြစ်ခြင်းမရှိသော ကြောင့် သူ့စကားများမှာ နား မလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အစ်ကိုဖြစ် သူ အတော်ပင်အနေရခက်သွား ၏။ အောင်ဆန်းကမူ ကြောက်ရွံ့ ၍ အသံပျောက်သွားခြင်းမရှိ။ ကဲ့ ရဲ့သံများ၊ မြန်မာစကားနှင့်သာ ပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော် ဟစ်သံများကို လျစ်လျူရှုကာ အ ဆင့်အတန်းမမီသော သူ့အင်္ဂလိပ် စကားကို ပါဠိအသုံးအနှုန်းများ ဖြည့်စွက်၍ သူပြောလိုရာအားလုံး ကို ပြီးဆုံးအောင် ဆက်လက်ပြော ဆိုသွားပါသည်။
ထိုပထမစကားရည်လုပွဲ အ ဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတစ်ရပ် ချမှတ်ပေး လိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့် ကြားကပင် သူပြောလိုရာကို အင်္ဂ လိပ်စကားနှင့်ပြောခြင်း၊ သုန်သုန် မှုန်မှုန်နေတတ်ခြင်းတို့ကြောင့်သူသည် အူကြောင်ကြောင်နိုင် သော အရူးတစ်ယောက်ဟူ၍ပင် နာမည်ရခဲ့၏။
သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထား သောကိစ္စများကို မလုပ်ဘဲနေ မည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင် ကမ္ဘာတွင် အင်္ဂလိပ်စကားအရေး ပါပုံကို သိရှိနားလည်သဖြင့် အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင် သုံးစွဲနိုင်ရန် သူကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြားသူများ ပြောပုံဆိုပုံ ကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်း တစ်ဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတစ်ဦးအတွက် ထူးခြားလောက်သော အင်္ဂလိပ် စကားကျင်လည်မှုကို သူရရှိလာ၏။
ထိုပထမစကားရည်လုပွဲ တွင် အောင်ဆန်းထောက်ခံခဲ့ သောအဆိုမှာ သူ၏ ရေရှည်ယုံ ကြည်ချက်တစ်ရပ်ကို ဖော်ထုတ်ခဲ့ ခြင်းဖြစ်သည်ကို သတိမူသင့်ပါ သည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ဝင်ရောက်လုပ်ကိုင်ခြင်း မပြုသင့် ကြောင်းပင် ဖြစ်ပါသည်။ မကွယ် လွန်မီ တစ်နှစ်ကျော်က ပြော ကြားခဲ့သော ရွှေတိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ ‘‘ဘာသာရေးနှင့် နိုင်ငံရေးကို ရော စပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ ၏’’ဟု ပြောခဲ့၏။ ရဟန်းသံဃာ များအား ‘‘အရှင်ဘုရားတို့က သာ သနာတော်ရောင် ထွန်းပြောင် အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာသူ၊ ကမ္ဘာသားတို့ မေတ္တာ တရားပွားများ၍ သမစိတ္တနှင့် ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာ ဘက်ကသာကြည့်၍ မြင့်မြတ် သည်မဟုတ်ပါ။ တပည့်တော်တို့ ၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့် မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာရောက်ပါသည်ဘုရား’’ စသဖြင့် လျှောက်ထားခဲ့ပါသည်။
အများက နိုင်ငံသတ္တဝါ ပက တိအဖြစ် မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး ၌ လေးနက်စွာ တစ်သက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံ ချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ဝမ်း နည်းကြေကွဲကာ ရဟန်းဘောင် ဝင်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်က လည်း အီတလီလူမျိုး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးလောကနာထကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့်အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အ ခွင့်ကား မရခဲ့ပေ။ သို့သော် လော ကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက်အလေး ထားပါသည်။
နိုင်ငံရေးလောကထဲသို့ ခြေ စုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးကို သူ၏ ‘‘သစ္စာတရားနှင့် လုံးဝအ ပြစ်ကင်းစင်မှု ရှာပုံတော်ဘဝခရီး’’ အကြောင်းနှင့် ကာယကံ၊ ဝစီကံ၊ မနောကံအရ ရိုးဖြောင့်နိုင်ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ်များ စိတ်ပိုင်းဆိုင်ရာ အသိတရားခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ် လှိုင်းများကို ကြံ့ကြံ့ခိုင်ရင်ဆိုင် တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ်ဗလ မွဲပြာကျသောအ ဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။
(ဒေါ်အောင်ဆန်းစုကြည် ရေး သားသည့် Freedom From Fear ကို ဒေါက်တာအောင်ခင်၏ ဘာသာပြန်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

No comments:
Post a Comment