Sunday, August 16, 2015

မြဲစွာတည်ပါ မြတ်သဒ္ဓါ



Thant Zaw's photo.

မြဲစွာတည်ပါ မြတ်သဒ္ဓါ
ဗုဒ္ဓသာသနာဝင်ပုဂ္ဂိုလ်တို့သည် ကောင်းမှုကုသိုလ် ပြုလုပ်ခြင်း၌ မွေ့လျော်ကြပေသည်။ ကောင်းမှုကုသိုလ်များ ပြုနေရလျှင် စိတ်ကြည်လင် ခြင်း၊ စိတ်ကြည်နူးခြင်း ဖြစ်ကြရပေသည်။ ဤကဲ့သို့ ဖြစ်ကြရခြင်းသည် သဒ္ဓါတရားကြောင့်ပင် ဖြစ်ပေသည်။ သဒ္ဓါတရား ပြည့်စုံသည်နှင့်အမျှ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ဖို့ရာ အခြေခံအကောင်း ဆုံး တရားတစ်ခု ဖြစ်ပေသည်။ နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားဖို့ရန်မှာလည်း အခြေခံအကောင်းဆုံးတရားတစ်ခုပင် ဖြစ်ပေသည်။ သို့ဖြစ်၍ မြတ်စွာဘုရားက သဒ္ဓါတရားသည် မိမိတို့သန္တာန်မှာ အမြဲတည်ရှိဖို့ရာ ကောင်းသောတရားဖြစ်၏။ သဒ္ဓါ သာဓု ပတိဋ္ဌိတာဟူ၍ ဟောကြားတော် မူပါသည်။ (သံ ၁/၃၃)
သဒ္ဓါကို ယုံကြည်ခြင်းဟု မြန်မာပြန်ဆိုကြပါသည်။ ထိုယုံကြည်ခြင်း ဟူသော စကားသည် နှစ်ခွန်းပေါင်းစပ်ထားသော စကားဖြစ်ပေသည်။ ယုံတာက တစ်ခွန်း၊ ကြည်တာက တစ်ခွန်း ဖြစ်ပေသည်။ ယုံတာက ဘုရား၊ တရား၊ သံဃာ၊ ကံနှင့် ကံ၏အကျိုး ဤ၅မျိုးကို ယုံကြည်ခြင်း ဖြစ်ပေသည်။ ကြည်တာက စိတ်အစဉ်ကို ကြည်လင်စေခြင်း ဖြစ်ပေသည်။
ထိုသဒ္ဓါသည် ပုဂ္ဂိုလ်တို့၏ ပါရမီ အရင့်အနုသို့လိုက်၍ ၄မျိုးရှိပေသည်။
၁။ အာဂမသဒ္ဓါ= ဘုရားလောင်းများ သန္တာန်၌ဖြစ်သော ယုံကြည်ခြင်း
၂။ အဓိဂမသဒ္ဓါ = သောတာပန်စသော အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်သော ယုံကြည်ခြင်း
၃။ ဩကပ္ပနသဒ္ဓါ= ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ ရတနာသုံးပါး၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း
၎။ ပသာဒသဒ္ဓါ = အသွင်အပြင်ကို ကြည်ညို၍ ယုံကြည်ခြင်းဟူ၍ ၄မျိုးရှိပေသည်။ (အံ-ဋ္ဌ ၃/၂၇)
၁။ ဘုရားအလောင်းတော်သည် ဒီပင်္ကရာမြတ်စွာဘုရားထံ၌ ဘုရားဆု ကို ပန်ပြီးသည်မှစ၍ ဘုရားအဖြစ်ကို ဧကန်မုချ ရမည်ဟု ယုံကြည်သော သဒ္ဓါတရားသည် မည်သည့်ဘုံဘဝသို့ ရောက်၍မှ မပျက်နိုင်၊ မည်သည့် အကြောင်းကြောင့်မှ မပျက်နိုင်၊ မြဲမြံစွာ တည်လျက်ပင် ရှိပေသည်။
ဧကန်မုချ ဘုရားဖြစ်ရမည်ဟူသော ယုံကြည်ချက်(သဒ္ဓါ)ကြောင့်
က။ ခန္ဓာကိုယ်မှအပ ပစ္စည်းဥစ္စာရတနာတို့ကို လှူဒါန်းခြင်းဟူသော ဒါနပါရမီ
ခ။ ခြေ၊ လက်စသော အင်္ဂါကြီးငယ်တို့ကို လှူဒါန်းခြင်းဟူသော ဒါနဥပပါရမီ
ဂ။ ကိုယ်အသက်ကို လှူဒါန်းခြင်းဟူသောဒါနပရမတ္ထပါရမီတို့ကို ပြည့်အောင် ဖြည့်ကျင့်နိုင်ခဲ့ပေသည်။
ဧကန်မုချ ဘုရားဖြစ်ရမည်ဟူသော ယုံကြည်ချက် သဒ္ဓါကြောင့်ပင်
(က) အလွန်ပြုနိုင်ခဲသော ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းစည်းစိမ် ဥစ္စာရတနာတို့ကို စွန့်ခြင်းဟူသောဓနပရိစ္စာဂ
(ခ) သားသမီးတို့ကို စွန့်ခြင်းဟူသော ပုတ္တပရိစ္စာဂ
(ဂ) ဇနီးမယားကို စွန့်ခြင်းဟူသော ဘရိကပရိစ္စာဂ
(ဃ) ခြေ၊ လက်စသော အင်္ဂါကြီးငယ်တို့ကို စွန့်ခြင်းဟူသော အင်္ဂပရိစ္စာဂ
(င) ကိုယ်အသက်ကို စွန့်ခြင်းဟူသော ဇီဝိတပရိစ္စာဂ ဤစွန့်ခြင်းကြီး၅မျိုးကိုလည်း စွန့်နိုင်ခဲ့ပေသည်။
ဤကဲ့သို့ ပါရမီ၁၀ပါး အပြား၃၀ပြည့်အောင် ဖြည့်ကျင့်နိုင်ခြင်း၊ စွန့်ခြင်း ကြီး၅ပါးကိုလည်း မငဲ့မကွက် စွန့်လွှတ်နိုင်ခြင်းတို့သည် ဧကန်မုချ ဘုရား ဖြစ်ရမည်ဟူသော ယုံကြည်ချက် သဒ္ဓါတရားသည် ဘုရားလောင်းသန္တာန် ၌ မြဲမြံခိုင်ခံစွာ တည်နေခြင်းကြောင့်ပင် ဖြစ်ပေသည်။
၂။ သောတာပန်စသော အရိယာပုဂ္ဂိုလ်တို့၏ ဘုရား၊ တရား၊ သံဃာ စသည်တို့၌ ယုံကြည်ခြင်းသဒ္ဓါသည် မည်သို့သော အကြောင်းကြောင့်မှ မပျက်နိုင်။ မည်သည့်ဘုံဘဝများသို့ ရောက်လို့ပင် ဖျက်ဆီးငြားသော်လည်း မပျက်စီးနိုင်၊ မြဲမြံစွာ တည်လျက် ရှိပေသည်။
၃။ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ ရတနာသုံးပါးတို့၌ မတုန်မလှုပ် သက်ဝင်ယုံ ကြည်သော သဒ္ဓါဟူသည် ပုထုဇဉ် ဗုဒ္ဓသာသနာဝင်တို့၏ သန္တာန်၌ဖြစ်သော သဒ္ဓါပင် ဖြစ်ပေသည်။ သို့သော် အရိယာပုဂ္ဂိုလ်တို့သန္တာန်၌ဖြစ်သော သဒ္ဓါလောက် မခိုင်မြဲပေ။ ယခုဘဝ၌လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတတ်၏။ ပုထုဇဉ်တို့၏ သဒ္ဓါကို မပျက်စီးသွားရအောင် တန်ခိုးရှင်တို့သော်မှလည်း မစောင့်ရှောက်နိုင်ကြပေ။ မိမိတို့ကိုယ်တိုင်သာ စောင့်ရှောက်ကြရပေသည်။
မြတ်စွာဘုရားသည် ကုဏ္ဍဓာနမည်သော တောအရပ်၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အရှင်မဟာမောဂ္ဂလန်၏ အလုပ်အကျွေး ဒကာ တစ်ဦးသည် မြတ်စွာဘုရားထံ၌ မနက်ဖြန်ခါ မိမိအိမ်သို့ သံဃာတော်များ နှင့်တကွ မြတ်စွာဘုရား ဆွမ်းစားကြွပါရန် ရှေးဦးစွာ ပင့်လျှောက်လေ၏။ ထို့နောက် အရှင်သီဝလိ၏မယ်တော် သုပ္ပဝါသမင်းသမီးကလည်း အရှင်သီဝလိကို ၇နှစ်တိုင်တိုင် ဝမ်းမှာလွယ်၊ ၇ရက်တိုင်တိုင် ပင်ပန်းစွာ မွေးဖွားရသောကြောင့် ၇ရက်တိုင်တိုင် မွေးနေ့ဆွမ်းကျွေးလိုသည်ဖြစ်၍ မြတ်စဟွာဘုရားထံ၌ လင်ယောက်ျား မင်းသားကို ဆွမ်းးစားပင့်စေ၏
မြတ်စွာဘုရားထံ၌ ဆွမ်းစားနှစ်ခု ဆုံနေသောအခါ မြတ်စွာဘုရားက အရှင်သီဝလိမွေးနေ့ဆွမ်းစားသည် နောင်အခါ သာသနာတော်တွင် ကျေးဇူးများမည်ကို မြင်တော်မူသောကြောင့် အရှင်မဟာမောဂ္ဂလန်၏ အလုပ်အကျွေးဒကာ ဆွမ်းစားကို ၇ရက်လွန်ပြီး ၈ရက်မြောက်နေ့ကျမှ ကျွေးဖို့ရန် အရှင်မဟာမောဂ္ဂလန်ကို စေလွှတ်၍ ရွှေ့စေ၏။
အရှင်မဟာမောဂ္ဂလန်သည် အလုပ်အကျွေးဒကာအိမ်သို့ ကြွရောက်၍ ရွှေ့ဆိုင်းသောအခါ အလုပ်အကျွေးဒကာက အရှင်ဘုရား ဤ၇ရက်အတွင်း မှာ
၁။ တပည့်တော်၏ အသက်
၂။ တပည့်တော်၏ စည်းစိမ်ဥသစ္စာ
၃။ တပည့်တော်၏ သဒ္ဓါတရား ဤ၃ပါး မပျက်စီးသွားရအောင် အရှင်ဘုရား တာဝန်ယူနိုင်ပါလျှင် တပည့်တော်၏ ဆွမ်းကျွေးကို ၈ရက်မြောက်နေ့သို့ ရွှေ့ဆိုင်းပါမည်ဘုရားဟု လျှောက်ထားလေ၏။
အရှင်မောဂ္ဂလာန်က မိန့်ကြားတော်မူသည်မှာ ဆွမ်းဒကာကြီး၏ အသက်နှင့်စည်းစိမ်ဥစ္စာ ဤ၂ပါးကို မပျက်စီးသွားရအောင် ဆရာတော် တာဝန်ယူနိုင်တယ်။ သင်ဒကာကြီး၏ သဒ္ဓါတရား မပျက်သွားဖို့ရာကိုတော့ သင်ပဲ တာဝန်ယူရပေမည်ဟု မိန့်ကြားတော်မူလေ၏။ ပုထုဇဉ်၏ သဒ္ဓါ တရား မပျက်သွားရအောင် တန်ခိုးအရာမှာ ဧတဒဂ်ရသော အရှင်မဟာ မောဂ္ဂလန်သော်မှ တာဝန်မယူနိုင်။ မိမိတို့ကိုယ်တိုင်ပင် ခိုင်မြဲစွာတည် အောင် စောင့်ရှောက်ကြရပေသည်။ (ဥဒါနပါဠိ ၉၆)
၎။ အသွင်အပြင်ကို ကြည်ညို၍ ယုံကြည်သော သဒ္ဓါတရားသည် အလွန်နုနယ်ပျော့ညံ့သော ယုံကြည်ခြင်းပင် ဖြစ်ပေသည်။ အမှားမှား ယွင်းယွင်းလည်းဖြစ်နိုင်ပေသည်။ရုပ်အဆင်းကိုမြင်၍ ကြည်ညို ယုံကြည် ခြင်း၊ အသံကို ကြား၍ ကြည်ညို ယုံကြည်ခြင်း၊ အဝတ်အထည် ဝတ်ဆင် ပုံကိုမြင်၍ ကြည်ညို ယုံကြည်ခြင်းသည် မခိုင်မြဲ၊ ပျော့ညံ့သော သဒ္ဓါတရား ပင် ဖြစ်ပေသည်။
ကြည်ညိုထိုက်သော ဂုဏ်သိက္ခာအရည်အချင်းတို့ကို သိနိုင်ဖို့ရာမှာ
၁။ အတူတကွလည်း နေပါမှ
၂။ အချိန်ကြာကြာလည်း နေပါမှ
၃။ မိမိကလည်း ကြည်ညိုထိုက်သောသူ ဟုတ် မဟုတ်ကို နှလုံးသွင်း ဆင်ခြင်မှုလည်း ရှိပါမှ
၎။ ကြည်ညိုထိုက်သူ မကြည်ညိုထိုက်သူဟု သိနိုင်၊ ဆုံးဖြတ်နိုင် သော ဉာဏ်ပညာလည်း ရှိပါမှ ဤ၄ပါးဖြင့် ကြည့်နိုင်မှသာ ကြည်ညိုထိုက် သူ၊မကြည်ညိုထိုက်သူဟု သိနိုင်ပေသည်ဟူ၍ မိန့်ကြားတော်မူပါတယ်။ (သံ ၁/၇၈)
ဤသဒ္ဓါ၎မျိုးတို့တွင် ဘုရားလောင်းတော်များ၏ သဒ္ဓါနှင့် အရိယာ ပုဂ္ဂိုလ်တို့၏ သဒ္ဓါနှစ်မျိုးသာ ခိုင်မြဲစွာတည်သော သဒ္ဓါမျိုးဖြစ်၏။ ကျန်သော သဒ္ဓါနှစ်မျိုးမှာ ခိုင်မြဲစွာ မတည်သော သဒ္ဓါမျိုးဖြစ်၏။ မိမိတို့၏သန္တာန်၌ ခိုင်မြဲစွာ သဒ္ဓါတရား တည်ရှိဖို့ရာမှာ သောတာပန်စသော အရိယာအဖြစ်သို့ ရောက်ရှိဖို့ရာမှာလည်း သတိပဋ္ဌာန်ဝိပဿနာတရား အားထုတ်မှသာ ရောက်နိုင်ကြမည် ဖြစ်ပေသည်။ သို့ဖြစ်၍ မိမိတို့သန္တာန်၌ ခိုင်မြဲစွာ သဒ္ဓါတရား တည်ရှိလိုလျှင် သတိပဋ္ဌာန်ဝိပဿနာတရား အားထုတ်ကြရ မည်ဖြစ်ပေသည်။
သိကောင်းစရာ ဓမ္မပဒေသာ ၁
သဒ္ဓမ္မရံသီရိပ်သာဆရာတော်

No comments:

Post a Comment