Sunday, August 16, 2015

မြတ်စွာဘုရားက လောကမှာ သတ္တဝါတိုင်း ကြုံတွေ့နေကြရတဲ့ ဒုက္ခတရားတွေအပေါ်မှာ သံဝေဂ ရယူတတ်ကြတဲ့ အခြေအနေပေါ်လိုက်ပြီး ပုဂ္ဂိုလ်လေးမျိုးလေးစားကို အာဇာနည်မြင်းလေးမျိုးနဲ့ တင်စားဟောကြားခဲ့ပါတယ်။
ပထမဆုံး အာဇာနည်မြင်းအမျိုးအစားက ကြာပွတ်သံလေးကြားရုံနဲ့ ပြေးတတ်တဲ့မြင်း။
လူ နတ် ဗြဟ္မာတွေထဲမှာဆိုရင် ကိုယ်နဲ့ဘာမှမဆိုင်တဲ့ အရပ်ဒေသ အသိုင်းအဝိုင်းက သံဝေဂရစရာတွေကို ကြားသိရရုံနဲ့ သံဝေဂရယူပြီး ဓမ္မလမ်းကို လျှောက်တဲ့ပုဂ္ဂိုလ်တွေပေါ့။
ဒုတိယ အာဇာနည်မြင်းအမျိုးအစားကတော့ ကြာပွတ်နဲ့ အမွှေးလေး ကျွှတ်အောင် အရိုက်ခံရရင် ပြေးတဲ့မြင်း။
လူ နတ် ဗြဟ္မာတွေထဲမှာဆိုရင် ကိုယ့်ရဲ့ ခပ်လှမ်းလှမ်း ဆွေမျိုးသားချင်း သူငယ်ချင်းမိတ်ဆွေ အသိုင်းအဝိုင်းထဲက သံဝေဂရစရာတွေကို ကြားသိရတဲ့အခါ သံဝေဂရယူပြီး ဓမ္မလမ်းကို လျှောက်တဲ့ပုဂ္ဂိုလ်တွေပေါ့။
တတိယ အာဇာနည်မြင်းအမျိုးအစားကတော့ ကြာပွတ်နဲ့ အရေပြားစုတ်အောင် အရိုက်ခံရမှ ပြေးတဲ့မြင်း။
လူ နတ် ဗြဟ္မာတွေထဲမှာဆိုရင် ကိုယ့်ရဲ့ မိသားစု ဆွေရင်းမျိုးရင်းထဲက သံဝေဂရစရာတွေကို တွေ့ကြုံရတဲ့အခါ သံဝေဂရယူပြီး ဓမ္မလမ်းကို လျှောက်တဲ့ပုဂ္ဂိုလ်တွေပေါ့။
စတုတ္ထ အာဇာနည်မြင်းအမျိုးအစားကတော့ ကြာပွတ်နဲ့ အရိုးထိအောင် အရိုက်ခံရမှ ပြေးတဲ့မြင်း။
လူ နတ် ဗြဟ္မာတွေထဲမှာဆိုရင် ကိုယ်ကိုယ်တိုင် သံဝေဂရစရာတွေ ခံစားရပြီးမှ ဓမ္မလမ်းကို လျှောက်တဲ့ ပုဂ္ဂိုလ်တွေပေါ့။
ဒါပေမဲ့ လောကမှာ အရိုးကျိုးလို့ကြေကြေ အရေပြားစုတ်စုတ်လို့ပြဲပြဲ အမွှေးကျွတ်လို့ပြောင်ပြောင် ပြေးကိုမပြေးတဲ့၊ အာဇာနည်မြင်း၎မျိုး စာရင်းထဲ ဝင်ကိုမဝင်တဲ့ မြင်းလိုမျိုး ဘယ်လိုမျိုး သံဝေဂရစရာတွေနဲ့ကြုံကြုံ သံဝေဂမရမယူတဲ့ ဓမ္မလမ်းပေါ်ရောက်မလာတဲ့ ပုဂ္ဂိုလ်တွေက ပိုများနေသလားလို့ ကျမတွေးထင်နေမိတယ်။
(သံဝေဂ ရယူနေပါသည်။)

No comments:

Post a Comment