Wednesday, August 12, 2015

( သေခြင်းရဲ့တံခါးခေါက်သံ )

Chan Myae's photo.
( သေခြင်းရဲ့တံခါးခေါက်သံ )
အချိန်တွေက အကုန်မြန်လွန်း လှပါတယ်။ အချိန်ကုန်မြန်လွန်းတော့ ကိုယ့်ကိုယ်ကိုတောင် အိုလာတယ်ဆိုတာ သတိမထားမိဘူး ဖြစ်နေပါတယ်။ ရုပ်ကအိုလာပေမယ့် စိတ်ကမအိုပဲ ဖြစ်နေလေတော့ အိုလို့အိုမှန်းတောင် မသိလိုက်ဘူး ဖြစ်နေပါတယ်။
တရားပွဲတစ်ခုမှာ တစ်ရားပွဲအပြီး မေးခွန်းတွေ မေးတဲ့အခါ ယောဂီတစ်ယောက်က
“အရှင်ဘုရား ကိုယ့်ကိုယ်ကို အိုလာတယ်လို့ ခံစားရတဲ့ အချိန်က ဘယ်လိုအချိန်မျိုး ဖြစ်ခဲ့ပါလဲ ဘုရား..”လို့
မေးလိုက်တော့ ရုတ်တရက် အဖြေခက်သွားခဲ့တဲ့ အဖြစ်နဲ့ ကြုံခဲဖူးပါတယ်။
သံဝေဂ ရမယ်ဆိုရင် ရလို့ရတဲ့ အသက်အရွယ်မှာ အိုတယ်ဆိုတဲ့ စိတ်ခံစားချက်တောင် မဖြစ်ခဲ့ဘူးဆိုတော့ တရားရဖို့ အတော့်ကို ဝေးနေပါသေးလားလို့ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ပြန်တွေးနေမိပါတယ်။
ဘာပဲဖြစ်ဖြစ် သေချာတာကတော့ သတ္တ၀ါ တစ်ယောက်ဟာ မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဖြစ်စဉ်သဘောအရ အစဉ်အတိုင်း သွားမယ်ဆိုရင် အိုလာရင် နာလာမှာဖြစ်ပြီး နာလာရင်တော့ သေတော့မှာ ဖြစ်ပါတယ်။ နာလာတာတွေစလာပြီ ဆိုရင်တော့ သေခြင်းရဲ့တံခါး စခေါက်လာပြီဆိုတာ သတိပြုရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူး (၁၉-၅-၂၀၁၀)နေ့က သွေးလှူဖို့ လပြည့်တဲ့အတွက် သွေးလှူဘဏ်ကို သွားတဲ့အခါ သွေးလှူဘဏ်က သူနာပြုဆရာမက သွေးလှူမှတ်တမ်းကြည့်ပြီး သွေးလှူလို့ မရဘူးလို့ ပြောလိုက်တော့ အံ့သြသွားမိပါတယ်။
ဘာဖြစ်လို့လဲ ပုံမှန်လှူနေကျပဲလို့ မေးလိုက်တော့ သူနာပြုဆရာမက
“ပြီးခဲ့တဲ့ အခေါက်လှူထားတဲ့ သွေးပုလင်းကို စစ်ဆေးကြည့်တော့ ရောဂါဖြစ်ဖွယ် လက္ခဏာတွေ့တဲ့အပြင် ခန္ဓာကိုယ်မှာလည်း အဆီဓာတ်တွေများနေတယ်၊ အခုတစ်ခေါက် သွေးထပ်စစ်ကြည့်ဖို့ လိုတယ်၊ သွေးအဖြေကို သိပြီးမှပဲ လာလှူပါ…” ဆိုပြီး
သွေးစစ်ဖို့လောက်ပဲ သွေးဖောက်ယူထားလိုက်လို့ သွေးမလှူရဘဲ ပြန်လာခဲ့ရပါတယ်။
အရင်တုန်းကတော့ ဘယ်သူမေးမေး အိုလာတယ်ဆိုတဲ့ ခံစားချက် မရှိခဲ့တာဟာ အခုလို ရောဂါလက္ခဏာတွေ့ပြီး နာလာတယ်ဆိုလိုက်တော့မှ “ဟာ… နာပြီးရင် သေရတော့မှာပါလား…၊ သေခြင်းရဲ့ တံခါးက ငါ့ကို ခေါက်လာပါရောလား…” စတဲ့အတွေးတွေနဲ့ စိတ်အစဉ်မှာ သတိဝင်လာမိပါတယ်။ ပြီးတော့ အသက်ဉာဏ်စောင့် ဆိုတဲ့စကားအတိုင်း ကိုယ့်ကျန်းမာရေးအတွက် ကျန်းမာရေး လေ့ကျင့်ခန်းနဲ့ အစားအသောက်စားတာ ဆင်ခြင်ရတော့မယ်ဆိုတဲ့ အတွေးတွေပါ ၀င်လာပါတော့တယ်။
တကယ်တော့ သတ္တ၀ါတစ်ဦးရဲ့ ဖြစ်စဉ်သဘောအရသာ နာလာရင် သေဖို့စလာတာလို့ ပြောလိုက်ရပေမယ့် သေနိုင်တဲ့ သေခြင်းတံခါးဟာ မွေးလာပြီဆိုကတည်း အချိန်မရွေး ပွင့်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပုထုဇင်တွေရဲ့ သဘာဝက လက်တွေ့ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့မှု မရှိသေးရင် ဘယ်အရာကိုမှ လေးလေးနက်နက် သတိပြုမိတယ်၊ သံဝေဂရတယ်ဆိုတာ မရှိပါဘူး။
ဒါကြောင့်လည်း ကျင်လည်နေရတဲ့ ဘ၀ပေး အခြေအနေလေးမှာ တဒင်္ဂ သာယာမှုများနဲ့ အိုရမှာ၊ နာရမှာ၊ သေရမှာတွေကို မေ့နေကြတာ ဖြစ်ပါတယ်။ ဟန်ဆောင်လို့ မရတာတွေ အပေါ်မှာ ဟန်ဆောင်မှုတွေနဲ့အတူ မအိုတော့မယ့်သူတွေလို၊ မနာတော့မယ့်သူတွေလို၊ မသေတော့မယ့်သူတွေလို သတိလက်လွတ် နေနေကြတာ ဖြစ်ပါတယ်။
တစ်ချို့လူတွေဆိုရင် သိသိကြီးနဲ့ပဲ အသက်မေးတာ မကြိုက်ရတာနဲ့၊ အသက်မေးတာကိုပဲ ယဉ်ကျေးမှု နားမလည်ကြဖူး ဆိုကြတာနဲ့၊ အိုလာတယ်ပြောရင် မကြိုက်ကြတာနဲ့ စသဖြင့် အမှန်တရားကို ဟန်ဆောင်မှုများ၊ အကြောက်တရားများနဲ့ အမျိုးမျိုး ဖုံးကွယ်နိုင်အောင် ကြိုးစားတတ်ကြပါတယ်။
အထူးသဖြင့် ဥရောပသားများရဲ့ အမျိုးသမီး ယဉ်ကျေးမှုလို့ပဲ ပြောရမလားမသိပါဘူး။ အမျိုးသမီးတွေကို အသက်မမေးရဘူး၊ အသက်မေးရင် ရိုင်းတယ်လို့တောင် ဆိုကြပါသေးတယ်။ ဒါဟာ အိုခြင်းတရားကို သိသိကြီးနဲ့ ဖုံးကွယ်လိုတဲ့ ဟန်ဆောင်ဖုံးကွယ်မှု တစ်မျိုးပဲ ဖြစ်ပါတယ်။
အမှန်တော့ ဟန်ဆောင်ဖုံးကွယ်မှုဟာ ဘယ်လောက်ပဲ ပီပြင်အောင် ဖုံးကွယ်ထားပါစေ ဟန်ဆောင်မှု ဖြစ်နေတဲ့အတွက် တစ်နေ့တော့ ပေါ်လာကြတာပါပဲ။ အိုရမှာကြောက်လို့ အိုတယ်ဆိုတာကို ဖုံးကွယ်ထားကြပေမယ့် အချိန်တန်တော့လည်း အိုခြင်းရဲ့ လက္ခဏာတွေက ပြလာတာပါပဲ။ အရေးပြားတွေ တွန့်လာတာ၊ အရေးအကြောင်းတွေ ပေါ်လာတာ၊ သွားရလာရ ထရထိုင်ရတာတွေ မကောင်းဖြစ်လာတာ၊ ခါးကိုင်းလို့ နားထိုင်းဖြစ်လာတာ စတာတွေဟာ ရုပ်တရားရဲ့ ဖောက်ပြန်မှု သဘောအရ သိပံ္ပပညာရှင်များ ပြုပြင်လို့မရတဲ့ အိုခြင်းရဲ့ သဘာဝ တရားများဖြစ်ပါတယ်။ အသက်အရွယ်ရလာလို့ အိုလာပြီဆိုတဲ့အခါ အားနည်းလာတဲ့ ခန္ဓာကိုယ်မှာ အနာရောဂါဆိုတာတွေလည်း တစ်မျိုးပြီးတစ်မျိုး ၀င်လာကြပါတယ်။ အနာရောဂါတွေ ၀င်လာပြီဆိုရင်တော့ နောက်ဆုံးအဆုံးသတ်က သေခြင်းတရားပဲ ဖြစ်ပါတယ်။ မွေးလာကတည်းက ပွင့်လာတဲ့ သေခြင်းတံခါးဟာ ငယ်ရွယ်ချိန်မှာ မသိသာပေမယ် အိုလာပြီး နာလာတဲ့ အခါမှာတော့ ကိုယ့်ရှေ့မှာ ဖွင့်ရက်သား ဖြစ်နေတယ်ဆိုတာ သတိပြု ဆင်ခြင်သင့်ပါတယ်။
ဟုတ်ပါတယ်။ လူတွေဟာ ဒီလိုသေခြင်းရဲ့ တံခါး ခေါက်လာတာကို အသက်အရွယ် ငယ်နေသေးတာမို့ ပြီးတော့ အလုပ်များပြီး မအားလို့မို့ မသိလိုက်ကြဘူးဆိုရင်လည်း ရောဂါတစ်ခုခုကြောင့် နာတာ စလာပြီဆိုရင်တော့ သတိပြုကြဖို့ လိုအပ်လာပါပြီ။
သေခြင်းရဲ့တံခါးက ကိုယ့်အတွက် ပွင့်စပြုလာပြီဆိုတာ နှလုံးသွင်းဆင်ခြင်ကာ နာဖို့စလာပြီ ဆိုတာ သိလိုက်ချိန်ကစပြီး အနာရှိန် မပြင်းခင် သေဖို့အတွက် ပြင်ဆင်ကြဖို့ လိုအပ်ပါတယ်။
တကယ်သံဝေဂရလို့ သေဖို့အတွက် ပြင်ဆင်ချင်တယ်ဆိုရင် နာလာတဲ့အချိန်က စပြီး ပြင်ဆင်ကြမယ် ဆိုရင်လည်း နောက်မကျသေးပါဘူး။ အဆိုးထဲက အကောင်းအနေနဲ့ သေဖို့လက္ခဏာ တစ်ရပ်အနေနဲ့ အရင်နာပြလာတာကိုပဲ “ငါ့အတွက် သေဖို့အချက်ပေးနေပြီ၊ အချိန်ရှိတုန်းပြင်မှပဲ…”ဆိုတဲ့ အတွေးနဲ့ ရှာကြံပြီး ကျေးဇူးတောင် တင်ရပါဦးမယ်။ တစ်ချို့ဆိုရင် အနာလက္ခဏာတောင် မပြလိုက်ဘဲ သေသွားရတဲ့အဖြစ်တွေ အများကြီး ရှိပါတယ်။
သေရတော့မယ်ဆိုတာ သတိပေး မခံလိုက်ရဘဲ သေဖို့အတွက် ဘာမှမပြင်ဆင်လိုက်ရဘဲ သေသွားသူတွေဟာလည်း အများကြီးပါပဲ။ သူတို့နဲ့စာရင် နာတဲ့သဘောတွေနဲ့ သေခြင်းတံခါးကို ခေါက်ပြခံရတဲ့ ကိုယ့်အဖြစ်က သေဖို့ပြင်ဆင်မယ်ဆိုရင် အချိန်မီသေးတယ်လို့တောင် တွေးလို့ရပါတယ်။
သေခြင်းတံခါး ခေါက်လာတာကိုတောင် ကျေးဇူးတင်ရပါဦးမယ်။
မြန်မာပြည်မှာ ရှိတုန်းက အေအိုင်ဒီအက်စ် ကူးစက်ခံရတဲ့ လူငယ်လေးတစ်ယောက်ကို စိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ အားဖြည့်စကား ပြောဖြစ်ခဲ့ရပါသေးတယ်။ ဒီဒကာလေးဟာ ၂၆နှစ်အရွယ် ငယ်ရွယ်နေတုန်းအချိန် သေရတော့မယ်ဆိုတဲ့ တိကျတဲ့ ခုလို တံခါးခေါက်သံ ရောက်လာတော့ တုန်လှုပ်ချောက်ချားမိမှာ သဘာဝပါပဲ။ ဘုန်းဘုန်းအနေနဲ့ ဓမ္မသဘာဝကို ယှဉ်ထိုးပြီး သူ့ရဲ့စိတ်ဓာတ်ခွန်းအားကို တွန်းပို့ပေးဖြစ်ခဲ့ပါတယ်။
ဘုန်းဘုန်းက သူ့ကို
“ဒီလို ရောဂါလက္ခဏာတွေကြောင့် နာရတဲ့အပေါ်မှာ ပြီးတော့ နာခြင်းရဲ့နောက်မှာ သေခြင်းတရားရှိတယ် ဆိုတဲ့အပေါ်မှာ ထိတ်လန့်တဲ့ အတွေးတွေနဲ့ အရမ်းမကြောက်မိဖို့ လိုကြောင်း၊ တကယ်တော့ ရုပ်တရားကြီးကိုက အနားရောဂါစုကြီး တစ်ခုပဲ ဖြစ်ကြောင်း၊ ဒီလို ရောဂါမျိုးဆိုတာ စိတ်ဓာတ်မကျဘဲ သတိတရားနဲ့ ဆင်ခြင်ပြီး နေနိုင်ရင် သက်တမ်းစေ့ နေလို့ရကြောင်း၊ အဆိုးထဲက အကောင်းအနေနဲ့ ပြောရရင် သေရမယ့် လက္ခဏာမပြ၊ အနာရောဂါ မပေါ်ကြဘဲ ရုတ်တရက် သေသွားတဲ့ သူတွေနဲ့စာရင် ဒကာလေးအဖြစ်က သေတော့မယ်ဆိုတဲ့ အချက်ပြ သတိပေးမှုလေးတွေ ရှိလာတဲ့အတွက် သေဖို့အတွက် ပြင်ဆင်ချိန်ရလို့ ပိုလို့တောင် ကောင်းသေးကြောင်း၊ ဒါကြောင့် ခုချိန်ကစပြီး သေခြင်းရဲ့ တံခါးစခေါက်လာတာကို သတိပြုဆင်ခြင်ကာ သေတဲ့အချိန်အထိ ကိုယ်ကျင့်တရားနဲ့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ပြီး သေဖို့အတွက် ပြင်ဆင်ဖို့လိုကြောင်း” စသဖြင့် ခွန်အားဖြည့်တရားစကား ဟောပြောပေးဖြစ်ခဲ့ပါတယ်။
အမှန်တော့ ဘုန်းဘုန်းအပါအ၀င် လူအတော်များများကို သေခြင်းရဲ့ တံခါးက မကြာမကြာ ခေါက်ပြနေတတ်ပါတယ်။ သေခြင်းတရားက ငယ်တဲ့သူတွေကိုလည်း ငယ်တဲ့အလျောက်၊ အလယ်အလတ် သူတွေကိုလည်း အလယ်အလတ် အလျောက်၊ ကြီးတဲ့သူတွေကိုလည်း ကြီးတဲ့အလျောက် အနာရောဂါ တစ်ခုခုနဲ့ သတိပေး နေတတ်ပါတယ်။ အနာလေးနဲ့ အနာကြီးပဲ ကွာခြားမှာ ဖြစ်ပါတယ်။ လူ့သဘောအရ ချက်ချင်းသေနိုင်လောက်တဲ့ အနာရောဂါ မဖြစ်သေးရင် ကျန်တဲ့အနာလောက်ကို သတိမမူမိကြလို့သာ သေခြင်းရဲ့ တံခါးခေါက်တာကို မသိကြခြင်း ဖြစ်ပါတယ်။ တကယ်တော့ အနာလေးတွေနဲ့ စပြီး သတိပေးနေတဲ့ အချိန်ကစပြီး သေဖို့အတွက် ပြင်ဆင်ကြဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ဘဲ ချက်ချင်း သေရလောက်တဲ့ အနာကြီးဖြစ်မှ သေဖို့အတွက် ပြင်ဆင်ကြမယ်ဆိုရင်တော့ အနာပြင်းလွန်းလို့ သေဖို့အတွက် မပြင်ဆင်နိုင်ဘဲ ဖြစ်တတ်ပါတယ်။ တစ်ချို့ဆိုရင် ရောဂါသိပ်ပြင်းပြီး သေလုမျောပါးဖြစ်မှ တရားနာခိုင်းတာတို့၊ တရားမှတ်ခိုင်းတာတို့ လုပ်တတ်ကြပေမယ့် အစထဲက လေ့ကျင့်မှု မရှိတဲ့အခါဆိုတော့ အဲဒီအချိန်မှာ လုပ်မရတော့တဲ့ အဖြစ်နဲ့ ကြုံရတတ်ပါတယ်။ သေခြင်းတရားက သတိပေးနေတာ ကြာပေမယ့် လွန်မှလုပ်တော့လည်း နောက်ကျသွားတဲ့ သဘောပါပဲ။ ဒါကြောင့် အနာမကြီးပေမယ့် အနာစပြီဆိုတာနဲ့ သေဖို့အတွက် ပြင်ဆင်နိုင်မယ်ဆိုရင်လည်း နောက်မကျသေးဘူးဆိုတာ သတိပြုကြဖို့ လိုပါတယ်။ အကောင်းဆုံးက အနာစသည်ဖြစ်စေ၊ မစသည်ဖြစ်စေ သေခြင်းတံခါး ခေါက်သည်ဖြစ်စေ၊ မခေါက်သည်ဖြစ်စေ သေဖို့အတွက် ကြိုတင်ပြီး ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ဒါကြောင့် မွေးလာပြီဆိုကတည်း ကပ်ပါလာတဲ့ သေခြင်းတရားဟာ ရောက်လာတော့မယ်ဆိုရင် အချက်ပြလာ၊ သေခြင်းရဲ့ တံခါးပွင့်လာ တတ်တဲ့အတွက် အနာရောဂါ တစ်ခုခုပြလာလို့ သေခြင်းတံခါး ဖွင့်လာပြီဆိုရင်တော့ အချိန်မနှောင်းခင် သေခြင်းတရားကို ရင်ဆိုင်နိုင်အောင် ကုသိုလ်အလုပ်များနဲ့ ကြိုတင်ပြင်ဆိုထားကြဖို့နဲ့ အနာရောဂါ မပြပေမယ့်လည့် သေခြင်းတရားဆိုတာ အချိန်မရွေ၊ အရွယ်မရွေး၊ နေရာမရွေး လာနိုင်တာဖြစ်တဲ့အတွက် ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကုသိုလ်တရားကို ရအောင်ရှာရင်း ကုသိုလ်အလုပ်များနဲ့ သေခြင်းတံခါး အဖွင့်ကို ၀င်နိုင်အောင် ကြိုးစားကြဖို့ အထူးလိုအပ်လှပါကြောင်း “သေခြင်းရဲ့ တံခါးခေါက်သံ..”ဆိုတဲ့ သတိပေးစကားဖြင့် တိုက်တွန်းလိုက်ရခြင်း ဖြစ်ပါတယ်။
Ashin Mu Nain Da

No comments:

Post a Comment