Monday, February 1, 2016

ဗိုလ်တထောင် သတင်းစဉ်'s photo.
နှာရည်ဘာ့ကြောင့် ယိုတာလဲ
━━━━━━━━━━━━━━━━━
နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်များဖြင့် ဖွဲ့စည်း ထားတဲ့ အသက်ရှူ လမ်းကြောင်း စနစ်လမ်းတစ် လျှောက်မှာ အတွင်းက လိုင်နင် ခံထား တဲ့ အမြှေးပါးအား ချောမွေ့ နေစေဖို့နဲ့  ကာကွယ်ဖို့ အတွက် ချွဲရည် ကြည်ကြည်လေး လူတိုင်းမှာ ရှိရပါတယ်။ ဒါပေမယ့် အဲဒီ အမြှေးပါးလေးများ ရောင်ရမ်း လာတဲ့ အခါ သို့မဟုတ် ကသိကအောက် မသက်မသာ ဖြစ်လာတဲ့ အခါမှာတော့ သူတို့ဟာ ခပ်ပျစ်ပျစ် ခပ်ချွဲချွဲ နှာရည်ကို ထုတ်ပေးပါ တော့တယ်။
နေကောင်းစဉ်တုန်းကချွဲကြည်ကြည်လေး တွေဟာ အခုလို ခပ်ပျစ်ပျစ် နှစ်နှစ်ကြီး ဖြစ်လာတော့ ရောင်ရမ်းနေတဲ့ အသက်ရှူ လမ်းကြောင်းက အမြှေးပါးတွေနဲ့ ပေါင်းပြီး နှာခေါင်း ပိတ်တာတို့၊ ချောင်းဆိုးလာတာတို့ ဖြစ်လာတဲ့ အပြင် နှာခေါင်း ပေါက်များနဲ့ နားတွေနဲ့ ဆက် ထားတဲ့ နား၊ နှာခေါင်းပေါက်ပြွန်လေးတွေထဲ ကိုပါ ထိုချွဲပျစ်ပျစ် အရည်တွေ ဝင်လာပြီ ဆိုရင် နှာစေး လေလေ နားတွေ အူလာလေလေ ဖြစ်လာပါတော့တယ်။ ဒါ့အပြင် နားအူတာ ဖြစ်ပြီး မကြာမီ နားတွေပါ ကိုက်ခဲနာကျင် လာစေပါတယ်။ အခု ပြောပြတဲ့ ဝေဒနာတွေဟာ ရက် အနည်းငယ် ကြာသည် အထိ ခံစားရပါတယ်။
နှာရည်ပျစ်ပျစ်ဟာ အစိမ်းရောင်၊ အဝါရောင် ပြောင်းလာပြီ ဆိုရင်ဖြင့် အအေးမိပြီ သို့မဟုတ် တုပ်ကွေးဖြစ်ပြီလို့ ညွှန်းပြနေပါပြီ။
အသက်ရှူ လမ်းကြောင်းကို ရောင်ရမ်းစေတဲ့ ပစ္စည်းများ
ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှု ရှိလာတဲ့အခါ ဥပမာ- နေ့စဉ် အပြင်ထွက်လို့ ကားတွေရဲ့ အိတ်ဇော ပိုက် က မှုတ်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ပါတဲ့ ဓာတ်ငွေ့တွေ ရှူမိလို့၊ အချို့ သော ကားဆေး မှုတ်/ သုတ်တဲ့ ဓာတုဆေးတွေ ရှူမိလို့၊ လေထဲမှာပါတဲ့ အမှုန်အမွှား၊ ပန်းဝတ်မှုန် တွေ၊ ဒါမှမဟုတ် မိမိ အိပ်ခန်း အတွင်းက မသန့်ရှင်းတဲ့ အမှုန်အမွှားတွေ၊ ရေချိုးခန်းထဲမှာ စိုထိုင်းပြီး မှိုနံ့တွေ စသည်တို့ ရှူမိတဲ့ အခါ မှာလည်း ဓာတ်မတည့်ဖြစ်ပြီး နှာရည်လေး တရှုတ်ရှုတ်ဟာ အတော်ကြာကြာ ဖြစ်လိုက်၊ ကောင်း လိုက်၊ ချောင်းဆိုးလိုက်၊ လည်ပင်းတွေ ယားယားပြီး တဟွတ်ဟွတ် ဆိုးလိုက် ဖြစ်တတ်ပါတယ်။
ရာသီ ဥတုအပြောင်းအလဲမှာ ဗိုင်းရပ်စ်ပိုးကြောင့် သော်လည်းကောင်း၊ ဗက်တီးရီးယား ပိုးကြောင့်သော် လည်းကောင်း ကူးစက်ခံရပြီး အသက်ရှူ လမ်းကြောင်း တစ်လျှောက် ရောင်ရမ်းကာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာပါတယ်။ အချို့သော အစားအစာတွေ ဖြစ်တဲ့ ငရုတ်သီးများ၊ ချင်း (ဂျင်း)၊ မဆလာ၊ ငရုတ်ကောင်း စတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ အများကြီး ပိုစားမိရင်လည်း စားနေရင်းနဲ့ ရှူးရှူး ရှဲရှဲ နှာရည် တွေယို ပြီး စီးကျလာကြတာကို ကြုံဖူးကြမှာပါ။ တစ်နေကုန် ဘာမှမဖြစ်ဘဲ ရှောက်သီးသုပ်ကို ငရုတ်သီး စပ်စပ် လေးနဲ့ စားပြီး ဟင်းခါး သောက်သူတွေ ပိုသိပါလိမ့်မယ်။ အဲဒီလို နှာရည် ယိုတာ မျိုးကတော့ အသက် ရှူလမ်းကြောင်းများ သန့်ရှင်းရေး လုပ်ပေးတာဖြစ်ပါတယ်။
ခေတ္တခဏ ဖြစ်ပြီး ပြန်ကောင်းသွားမှာ ဖြစ်ပါ တယ်။ ငရုတ်သီးသိပ်စပ်လွန်းရင် မျက်စိထဲက မျက်ရည်တွေ တောင် ထွက်ကျ လိုက်ပါသေးတယ်။ နှာတွေလည်းပွင့်၊ မျက်စိလည်း ကျယ်လာပြီး နေလို့ ထိုင်လို့ အတော် ကောင်းသွားမှာ ဖြစ်ပါတယ်။
ထို့အတူ ကြက် စွပ်ပြုတ်ရည် ပူပူလေးကို ချင်း၊ ကြက်သွန်ဖြူခတ်ပြီး သောက်တာဟာလည်း ဒီသဘောပါပဲ။
မြန်မာ လူမျိုးတွေ ကတော့ အအေးမိတဲ့ သူတွေကို ကင်ပွန်းချဉ် ဟင်းရည်
ဒါမှမဟုတ် ရှောက်သီးသုပ် စပ်စပ် လေးနဲ့ ဟင်းခါးကို ကျွေးလေ့ ရှိပါတယ်။
ဆေးဖက်ဝင် အပင်အနေဖြင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်ကောင်းတို့ဟာ သဘာဝ ဆေးမြစ်တွေအဖြစ် နှာရည်ယို တဲ့အခါ စားသုံးလေ့ ရှိပါတယ်။ ဒါ့အပြင် ဗီတာမင် C ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ရှောက်သီး၊ သံပရာသီး၊ လိမ္မော်သီး၊ ဆီးဖြူသီး၊ မာလကာသီးတို့ကို စားပေး နိုင်တဲ့ အပြင် ကင်ပွန်း ချဉ်နဲ့ ငါးဟင်းရည်လေးလည်း သောက်ပေးနိုင်ပါတယ်။ အသက်ရှူ လမ်းကြောင်း ကြွက်သားတွေကို သန်စွမ်း ကျန်းမာ ကြံ့ခိုင်စေတဲ့ ဗီတာမင် A ဓာတ်ကြွယ်ဝတဲ့ ရောင်စုံအသီးအနှံတွေ အားလုံးလည်း စားပေး နိုင်ပါတယ်။
ဒါ့အပြင် အသက်ရှူ လေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန် လုပ်ပေးသင့်ပါတယ်။ ယောဂနည်းဖြင့် အသက်ရှူသွင်း၊ ရှူထုတ် နေ့စဉ် မှန်မှန်လုပ်မယ်ဆိုရင် ဝမ်းဗိုက် လေးတောင် ချပ်ပြီး အဆီချပေး နိုင်ပါသေးတယ်။
ဒေါက်တာ ရည်ညွှန့်မေ
•••••••••••••••••••••••••••••••••••••••••••••••••••
ကျန်းမာရေးအတွက်ဆေးတစ်ခွက်

No comments:

Post a Comment