Wednesday, October 28, 2015

Swe Swe Zin's photo.
Swe Swe Zin
မြန်မာနိုင်ငံရေးလေ့လာသူ အီဂေါဗလာဇီဗစ်နဲ့ တွေ့ဆုံခြင်း
ဦးသိန်းစိန်အနေနဲ့ အငြိမ်းစားယူလိုက်တာက အကောင်းဆုံးဖြစ်ပြီး
ပြုပြင်ပြောင်းလဲရေးတွေကို စတင်ခဲ့သူအဖြစ် သမိုင်းက ချီးကျူးမှတ်တမ်းတင်
ထားပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ပဲ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲ
ရှုံးနိမ့်ရဲ့သားနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို အားကိုးပြီး သူ့ကိုပဲ
သမ္မတအဖြစ်ထပ်ပြီး တင်မြှောက်ဦးမယ်ဆိုရင်တော့ ရွေးကောက်ပွဲတွေကို
လိမ်ညာလှည့်ဖျားခဲ့သူအဖြစ် သမိုင်းကသူ့ကို အမှတ်ရနေပါလိမ့်မယ်။
____________________________
1) လက်ရှိအစိုးရနဲ့ အာဏာချုပ်ကိုင်ထားသူတွေရဲ့
ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာကို ဘယ်လိုမြင်သလဲ
အခုအထိတော့ မဟာဗျူဟာက တော်တော်လေးကို ရှင်းလင်းနေပုံပါပဲ။
ဦးသိန်းစိန်ကို "ဖွံ့ဖြိုးတိုးတက်ရေးသမ္မတ" "ငြိမ်းချမ်းရေးသမ္မတ
ကြီး"အဖြစ် ရုပ်ထွက်ကောာင်းလာအောင် တည်ဆောက်ပေးနိုင်မယ်လို့
အစိုးရအဖွဲ့နဲ့ အုပ်စိုးသူထိပ်သီးအလွှာတွေက တွက်ဆခဲ့ကြတယ်။
အဲဒီထိပ်သီးအလွှာဆိုတာ အရင်စစ်အာဏာရှင်ခေတ်တည်းက ပေါ်ပေါက်လာခဲ့တာလေ။
အဲဒီလိုသာ တည်ဆောက်နိုင်ရင် ၂၀၁၅ ကို အောင်နိုင်လောက်မယ်လို့
သူတို့မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ
ကြံ့ခိုင်ရေးပါတီ အပြတ်အသတ်ရှုံးသွားတော့ သူတို့စိတ်ကူးယဉ်နေရာကနေ
လန့်နိုးသွားတယ်။ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့အတွက်ဆိုရင်
တခြားတစုံတခု တော့လိုအပ်ဦးမယ်ဆိုတာကို ဦးသိန်းစိန်သမ္မတရုံးထဲက
မဟာဗျူဟာသမားတွေနဲ့ ၀ါဒဖြန့်ချီရေးသမားတွေ ၊ စစ်တပ်ထဲက မဟာဗျူဟာသမားတွေ
သဘောပေါက်သွားတယ်။ အဲဒါကြောင့်ပဲ အမျိုးသားရေးဝါဒနဲ့
ဘာသာရေးအစွန်းရောက်ဝါဒတွေ စတင်အသက်ဝင်လာတာပဲ။
အာဏာပိုင်စနစ်ကနေ ရွေးကောက်ပွဲ ရှိတဲ့နိုင်ငံရေးစနစ်ကို
ကူးပြောင်းသွားတဲ့ တခြားနိုင်ငံတွေမှာလည်း အဲဒီလိုနည်းဗျူဟာက
ကောင်းကောင်းအလုပ်ဖြစ်တယ်ဆိုတာ သွားတွေ့ရတယ်။ အစွန်းရောက်အမျိုးသားရေး
ဝါဒက အာဏာပိုင်ခေတ်လွန် ထိပ်သီးအလွှာအတွက်
နောက်ဆုံးအားကိုးရာခံစစ်လိုင်းပဲ။ စနစ်ဟောင်းမှာ ပေါ်ပေါက်ခဲ့တဲ့
ထိပ်သီးအလွှာက သူတို့အနေနဲ့ ရွေးကောက်ပွဲ အနိုင်မရနိုင်ဘူးဆိုတာ
သိသွားတဲ့အခါ လူ့အဖွဲ့အစည်းထဲမှာ တချို့ပဋိပက္ခတွေကို
မကြာခဏဖန်တီးပေးတတ်ကြတယ်။ အားလုံးနဲ့ အဆင်မပြေတဲ့ လူနည်းစုတွေနဲ့
လူများစုအုပ်စုကြီးကြားမှာ ဖန်တီးပေးပါတယ်။ လူတွေကြားထဲမှာ
အကြောက်တရားနဲ့ ဒေါသတွေ ပေါ်ထွက်လာအောင် လှုံ့ဆော်ပေးတယ်။
အဲဒီအကြောက်တရားနဲ့ ဒေါသတွေက ပျံ့ပွားသွားပြီဆိုတာနဲ့ လူမျိုးနဲ့
ဘာသာကို ကာကွယ်စောင့်ရှောက်မယ့်သူတွေအဖြစ် အာဏာပိုင်ခေတ်လွန်သမ္မတကြီးနဲ့
အာဏာရပါတီက သူတို့ကိုယ်သူတို့ အမွှန်းတင်ပြောဆိုပါတော့တယ်။
ဒီနေရာမှာ အရေးတကြီးသိထားရမှာက လက်ရှိအစိုးရနဲ့
အာဏာချုပ်ကိုင်ထားသူတွေအတွက် (ပြိုင်ဘက်ပါတီထက် မဲပိုရပြီး)
ရွေးကောက်ပွဲကို အနိုင်မရလည်း အရေးမကြီးဘူးဆိုတာပါ။ သူတို့ မဟာဗျူဟာကို
ရွေးကောက်ပွဲအောင်နိုင်ရေး အပေါ်မှာတည်ဆောက်ထားတာ မဟုတ်ဘူး။
အနိုင်မရနိုင်ဘူးဆိုတာ သူတို့သိတယ်။ သူတို့အတွက် အရေးကြီးတာက နောက်သမ္မတ
အသစ်ကို ရွေးချယ်တင်မြှောက်နိုင်ရေးပဲ။ NLD နဲ့ တိုင်းရင်းသားပါတီတွေ
မဟာမိတ်ဖွဲ့ပြီး သမ္မတကို ရွေးချယ်နိုင်မလား။ဒါမှမဟုတ်
ကြံ့ခိုင်ရေးပါတီရယ်၊ တခြားပါတီတွေရယ်၊ အစွယ်အပွားပါတီတွေရယ်၊
စည်းရုံးသိမ်းသွင်းခံထားရတဲ့ တိုင်းရင်းသားပါတီတွေရယ်ပေါင်းပြီး သမ္မတကို
ရွေးချယ်နိုင်မလား။ အဲဒီ သမ္မတကို ရွေးကောက်ပွဲမ၀င်တဲ့ တပ်မတော်သား
ကိုယ်စားလှယ်တွေက အမည်စာရင်းသွင်းတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်
ဘယ်လိုပဲဖြစ်ဖြစ် NLD ကိုယ်စားလှယ်လောင်း ဒါမှမဟုတ်
စစ်တပ်အမည်တင်သွင်းသူကို ရွေးချယ်ဖို့ နောက်ဆုံးမဲပေးရတော့မယ်ဆိုရင်တော့
လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၀ ကနေ ၃၂၀ ကြားလောက်ရဲ့ ထောက်ခံမှုကို
ရဖို့လိုပါလိမ့်မယ်။
အဲဒီလို သူတို့ရဲ့ ရည်မှန်းချက်ကို နားလည်ထားရင် အစိုးရနဲ့
ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲ မဟာဗျူဟာက ပိုပြီးရှင်းလင်းလာပါပြီ။
သူတို့ မဟာဗျူဟာမှာ ပစ်မှတ် ၃ ခုရှိတယ်။ ပထမတစ်ခုကတော့
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ခုမှာ ပါတီရနိုင်တဲ့
ကိုယ်စားလှယ်နေရာကို ၂၅၀ နဲ့ ၂၇၀ လောက်အထိနည်းနေအောင်
လျှော့ချနိုင်ဖို့ပါ။ အဲဒီလိုလုပ်နိုင်ဖို့အတွက်ဆိုရင် အသရေဖျက်
တိုက်ခိုက်တာတွေ၊ နာမည်ဖျက် အပုပ်ချတာတွေကိုလည်း သုံးမှာဖြစ်သလို မဘသ
အဖွဲ့ကိုလည်း အသုံးချဖို့ ကြိုးစားမှာဖြစ်ပါတယ်။
ဒုတိယ ပစ်မှတ်ကတော့ လွှတ်တော် ၂ ရပ်ပေါင်းပြီးရင် လွှတ်တော်ကိုယ်စားလှယ်
နေရာပေါင်း အနည်းဆုံး ၁၀၀ လောက် ကြံ့ခိုင်ရေးပါတီအတွက် ရသွားဖို့ပါ။
အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ဖံွ့ဖြိုးရေးလုပ်ငန်းတွေကို
အကြောင်းပြပြီး နာမည်ကောင်းယူတာနဲ့ မဲဝယ်တာတွေက
အဓိကနည်းဗျူဟာတွေဖြစ်လာပါမယ်။ မဘသ အဖွဲ့ရဲ့ အကူအညီကလည်း
အထောက်အကူပြုမှာဖြစ်ပါတယ်။ မြန်မာလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ဒါမှမဟုတ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီလိုမျိုး
အဆွယ်အပွားပါတီတွေကလည်း လွှတ်တော်အမတ်နေရာတွေ ယူပေးပါဦးမယ်။ အဲဒီလိုသာ
ဖြစ်လာမယ်ဆိုရင်တော့ ကြံ့ခိုင်ရေးပါတီရယ်၊ အဆွယ်အပွားပါတီတွေရယ်၊
တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ယောက်ရယ် ပေါင်းလိုက်ရင်
သမ္မတတင်မြှောက်နိုင်ဖို့ ၂၆၆ မဲ ရသွားပါလိမ့်မယ်။ ၂၆၆ မဲနဲ့
သမ္မတတင်မြှောက်နိုင်ဖို့ မလုံလောက်သေးဘူးဆိုပေမယ့် NLD ပါတီရမယ့်
ကိုယ်စားလှယ်နေရာတွေနဲ့ မတိမ်းမယိမ်းဖြစ်သွားပါလိမ့်မယ်။
တတိယ ပစ်မှတ်ကတော့ တိုင်းရင်းသားပါတီတွေကို တကွဲတပြားစီ ဖြစ်သွားအောင်
တတ်နိုင်သမျှလုပ်ဆောင်သွားဖို့ပါပဲ။ ဆိုလိုတာကတော့ ကြံ့ခိုင်ရေးပါတီ၊
တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပူးပါင်းပြီး သမ္မအသစ်ကို
တင်မြှောက်ပေးမယ့် တိုင်းရင်းသားပါတီတွေ လုံလုံလောက်လောက်
ထွက်ပေါ်လာဖို့ပါ။ NLD ပါတီက မဟာမိတ်ဖွဲ့စည်းနိုင်မယ့် အလားအလာထက်
ဦးသိန်းစိန်အုပ်စုက အခုအချိန်အထိမှာတော့ မဟာမိတ် ဖွဲ့စည်းနိုင်ဖို့
ပိုပြီး အလားအလာကောင်း နေတယ်ဆိုတာကိုတော့ ၀န်ခံရမှာပါ။
လွှတ်တော် ၂ ရပ်ပေါင်းမှာ NLD က လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၈၀
ကျော်လောက်ရသွားပြီး ကြံ့ခိုင်ရေးပါတီက ၅၀ ဒါမှမဟုတ် ၆၀
လောက်သာရသွားမယ်ဆိုရင်တော့ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ယောက်ကလည်း
ကြံ့ခိုင်ရေးပါတီကိုမကူနိုင်တော့ပါ။ အဲဒီလိုသာဆိုရင်တော့
ကြံ့ခိုင်ရေးပါတီကို ကယ်တင်ရေးဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ အလုပ်ကိုလည်း
စစ်တပ်က လုပ်မယ်မဟုတ်တော့ပါ။
2) ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံအနာဂတ်ကို ဘယ်လိုမြင်သလဲ။
မြန်မာ့နိုင်ငံရေးက အရမ်းကို ရှုပ်ထွေးပြီး တိုင်းပြည်တစ်ခုလုံးအနေနဲ့
ခြုံပြီးကြည့်မယ်ဆိုရင် ပိုပြီးတော့တောင်မှ ရှုပ်ထွေးပါတယ်။ ဒါကြောင့်မို့
ကြိုတင်ခန့်မှန်းရတာ ခက်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအလွန်မှာ
ဖြစ်ပေါ်လာစရာ အခြေအနေ ၄ ခုကိုတော့ ချပြချင်ပါတယ်။
ပထမဖြစ်နိုင်ချေ။ NLD က ရွေးကောက်ပွဲနိုင်(တခြားပါတီတွေထက် မဲပိုရ)
ပေမယ့် စစ်တပ်ရယ်၊ နဲ့ စည်းရုံးသိမ်းသွင်းခံထားရတဲ့
တိုင်းရင်းသားပါတီတွေက သမ္မတကို ရွေးကောက်တင်မြှောက်သွားတဲ့ အခြေအနေပါ။
တပ်မတော်သားကိုယ်စားလှယ်တွေ အမည်တင်သွင်းထားသူကို ရွေးချယ်သွားမှာပါ။
အဲဒီလိုသာဖြစ်လာရင်တော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလည်း
မြင်ရမှာမဟုတ်တော့ဘူး။ စစ်တပ်အစောင့်ရှောက်ခံ နိုင်ငံရေးစနစ်နဲ့
စပ်ကြား/ကပြားနိုင်ငံရေး စနစ်တွေပဲ အမြစ်တွယ်သွားပါလိမ့်မယ်။
စစ်တပ်အစောင့်ရှောက်ခံ နိုင်ငံရေးစနစ်ဆိုတာ စစ်တပ်က နိုင်ငံကို
တိုက်ရိုက်အုပ်ချုပ်တာမျိုးမလုပ်တော့ဘူး။ ဒါပေမယ့် နိုင်ငံရေးစနစ်ကနေ
အပြင်ကိုထွက်ထိုင်ပြီး နိုင်ငံရေးစနစ်တစ်ခုလုံးကို အဆုံးအဖြတ်ပေးသူ
ဒိုင်လူကြီးအဖြစ် ကြီးကြပ်တာ စော့င်ရှောာက်တာလုပ်နေလိမ့်မယ်။
စပ်ကြားနိုင်ငံရေးစနစ် ဆိုတာကတော့ ရွေးကောက်ပွဲတွေ ပုံမှန်လုပ်ဆောင်နေတဲ့
နိုင်ငံရေးစနစ်ပါပဲ။ ဒါပေမယ့် နိုင်ငံရေးစနစ်တစ်ခုလုံးနဲ့
ရွေးကောက်ပွဲတွေက တရားမျှတမှုတွေ ကင်းမဲ့လွန်းနေတာကြောင့် အာဏာရပါတီကပဲ
ရွေးကောက်ပွဲတွေ အမြဲတမ်းနိုင်တဲ့ စနစ်ပါ။
အဲဒီလိုအစိုးရစနစ်မျိုးအောက်မှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ပြီး
စီးပွားရေးကလည်း ကြီးထွားလာပါလိမ့်မယ်။ ဒါပေမယ့် ခရိုနီတွေနဲ့
တိုင်းပြည်မှာအချမ်းသာဆုံး မိသားစု ၁၀ ၀၀၀ လောက်ကပဲ အကျိုးအမြတ်တွေ
အများစုကို ခံစာနိုင်ကြပါလိမ့်မယ်။ ကျန်တဲ့တခြားသူတွေကတော့ အကျိုးကျေးဇူး
များများစားစား ခံစားရမယ်မဟုတ်ပါ။ ဖက်ဒရယ်စနစ်ဆီကို
မတက်လှမ်းနိုင်မှာလည်း သေချာနေသလောက်ပါပဲ။ ဒါပေမယ့်
အကျင့်ပျက်ခြစားမှုတွေကို အောက်ခြေအဆင့်ထိ ရောက်အောင်ပါ
ချကျွေးတော့မှာဖြစ်ပြီး တိုင်းရင်းသားထိပ်သီးပိုင်း တချို့လည်း
အကျိုးအမြတ်ခံစားရမှာ ဖြစ်ပါတယ်။
ဒုတိယဖြစ်နိုင်ချေ။ NLD က ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရသွားပြီး
အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ ဖိအားပေးလာပါလိမ့်မယ်။
ဆန္ဒခံယူပွဲတွေကျင်းပဖို့ ဖိအားပေးလာပြီး အခြေခံဥပဒေ
ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ စတင်ကြိုးစားလာတာပါ။ အဲဒီလိုသာ
လုပ်လာမယ်ဆိုရင်တော့ အခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ဖို့
ကိရိယာမျိုးစုံကို စစ်တပ်သုံးလာမှာ စိုးရိမ်ရတယ်။
ဘာသာရေးအစွန်းရောက်ဝါဒကို သုံးလာမှာစိုးတယ်။ လူမှုအသိုက်အ၀န်း
အကြမ်းဖက်မှုတွေ အသုံးချလာမှာ စိုးရတယ်။ အခြေအနေကို
အကြီးအကျယ်မတည်မငြိမ်ဖြစ်အောင် အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်း
အသုံးချလာမှာ စိုးရတယ်။ မြောက်ပိုင်းဒေသက တိုင်းရင်းသားဒေသတွေမှာ
ပဋိပက္ခတွေ ပြန်လည်အရှိန်မြင့်လာနိုင်တယ်။ “ဘင်္ဂလားဒေ့ရှ် ခြိမ်းခြောက်မှု”
နဲ့ “တရုတ်ခြိမ်းခြောက်မှု” ကို ပြန်ပြီးအသက်သွင်းလာနိုင်တယ်။ NLD
ပါတီရွေးကောက်ပွဲ နိုင်ရုံသက်သက်နဲ့တော့ စစ်တပ်က နောက်တစ်ကြိမ်ပြန်ပြီး
အာဏာသိမ်းမယ်တော့ မထင်ဘူး။ ဒါပေမယ့် အခြေခံဥပဒေကိုပြင်ဆင်ဖို့ NLD က
အကြီးအကျယ် ဖိအားပေးလာရင် စစ်တပ်က အခြေအနေကို မတည်မငြိမ်ဖြစ်အောင်
လုပ်လာမှာ စိုးရတယ်။ ဆူပူအုံကြွမှု အခြေအနေကို ဖန်တီးနိုင်တယ်။
ပြီးရင်ဖြစ်ပေါ်လာတဲ့ မတည်မငြိမ်မှုတွေကို အကြောင်းပြပြီး
ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရနဲ့ လွှတ်တော်ကို ဆိုင်းငံ့လိုက်တာ
ရပ်နားလိုက်တာတွေ လုပ်လာနိုင်တယ်။ ဖြစ်နိုင်ချေ ၄ ခုထဲမှာ
အလားအလာအနည်းဆုံးပါပဲ။ အဲဒီလိုသာဖြစ်လာမယ်ဆိုရင် စစ်တပ်အပါအ၀င်
အားလုံးနစ်နာဆုံးရှုံးသွားမှာပဲ။ ဒါပေမယ့် လုံးဝမဖြစ်နိုင်ဘူးဆိုပြီး
ပစ်ပယ်ထားလို့တော့ မရဘူး။
တတိယ ဖြစ်နိုင်ချေ။ NLD ကရွေးကောက်ပွဲ အောင်နိုင်သွားပေမယ့်
အခြေခံဥပဒေပြင်ဆင်ရေးကို တွန်းအားပေး လုပ်မလာဘူးဆိုတဲ့ အခြေအနေပါ။
အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရကို
စစ်တပ်ကအုပ်ချုပ်ခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် တက်လာတဲ့ အစိုးရသစ်ကို
အားနည်းချည့်နဲ့သွားအောင် လုပ်နိုင်မယ့်အခွင့်အရေးကိုတော့
စစ်တပ်ကအမြဲတမ်းစောင့်နေပါတယ်။ အစိုးရသစ် ဒုက္ခရောက်သွားနိုင်မယ့် အခြေအနေ
အကြောင်းအရာတွေကလည်း အများကြီးပါ။ အဓိကအချက်တွေကိုတော့ ဒီလိုမြင်ပါတယ်။
အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရသစ်က
ပြန်ပြီးစတင်ဖို့လိုပါလိမ့်မယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို
ပြန်လည်စတင်ရပါလိမ့်မယ်။ ဒါပေမယ့် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့တွေကြားမှာ အစိုးရသစ်က "ညပ်" နေမှာကြောင့် အလွယ်တကူ
ဒုက္ခရောက်သွားနိုင်ပါတယ်။ ဘာသာရေးအစွန်းရောက်ဝါဒ၊ မူဆလင်ဆန့်ကျင်ရေး
အဓိကရုဏ်းတွေ၊ တရုတ်ဆန့်ကျင်ရေးတွေကို အစိုးရသစ်က နိုင်နိုင်နင်းနင်း
ကိုင်တွယ်ဖြေရှင်းနိုင်ချင်မှ နိုင်ပါလိမ့်မယ်။ ကုန်ပစ္စည်းတွေကို
ဈေးနှုန်းသက်သက်သာသာနဲ့ ၀ယ်ချင်သူတွေ၊ အလုပ်အကိုင်သစ်တွေ၊
လစာကောင်းကောင်းလိုချင်သူတွေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊
သောာက်သုံးရေ၊ မြေယာ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကိစ္စတွေကို
ချက်ချင်းလက်ငင်းနဲ့ ကောင်းကောင်းမွန်မွန်လိုချင်သူတွေက ပေးလာတဲ့
ဖိအားတွေ မျိုးစုံအောက်မှာ အစိုးရက ကျရောက်သွားနိုင်ပါတယ်။
မြန်မာနိုင်ငံလိုမျိုး လူမှုစီးပွားပြဿနာတွေ ရှိနေတဲ့ နိုင်ငံမျိုးမှာ
ဘယ်လိုအစိုးရမျိုးကမှ ချက်ချင်းလက်ငင်းဖြေရှင်းပေးနိုင်မယ် မဟုတ်ပါ။
ဒါကြောင့်မို့ အခြေခံဥပဒေရဲ့ အကာကွယ်ကို ကောင်းကောင်းယူထားတဲ့ စစ်တပ်က
အစိုးရသစ် လူကြိုက်နည်း ထောက်ခံမှုနည်းသွားပြီး ဒုက္ခရောက်ပျက်စီးသွားမယ့်
အချိန်ကို အသားလေးထိုင်စောင့်နေရုံပါပဲ။ အစိုးရသစ်အဖြစ်အနေနဲ့
အုပ်ချုပ်ပြီး ၂ နှစ် ၃ နှစ်အကြာမှာ အဲဒီလိုရွေးကောက်ပွဲနဲ့ တက်လာတဲ့
အစိုးရတွေက လူထူစိတ်ကျေနပ်အောင် မအုပ်ချုပ်နိုင်တာကို နိုင်ငံများစွာမှာ
ကြုံတွေ့ခဲ့ဖူးပါပြီ။ တဖက်မှာကျတော့ မျှော်လင့်ချက်တွေက
အရမ်းကိုကြီးမားနေပြီး တဖက်မှာကျတော့ လက်တွေ့အခြေအနေတွေက တကယ့်ကိုပဲ
ပြင်းထန်နက်ရှိုင်းနေပါတယ်။ အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင်တော့ စစ်တပ်နဲ့
စစ်သားဟောင်းတွေပါဝင်တဲ့ နိုင်ငံရေးပါတီတွေက
တိုင်းပြည်တည်ငြိမ်ရေးအတွက် သူတို့မရှိရင် မဖြစ်ဘူးလို့
ပြောနိုင်ဆိုနိုင်လာပါတော့မယ်။
စတုတ္ထဖြစ်နိုင်ချေ။ NLD က ရွေးကောက်ပွဲနိုင်သွားပြီး အားလုံးပါဝင်တဲ့
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အစိုးရကို ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီအစိုးရသစ်ထဲမှာ တိုင်းရင်းသား ပါတီကိုယ်စားလှယ်တွေနဲ့
စစ်ဗိုလ်ချုပ်ဟောင်းတွေလည်း ပါဝင်ပါတယ်။ စစ်တပ်ရယ်၊
တိုင်းရင်းသားပါတီတွေရယ်ပါဝင်တဲ့ ဟန်ချက်ညီ အာဏာခွဲဝေရေး
သဘောတူညီချက်ကိုလည်း NLD က အောင်အောင်မြင်မြင် ရယူနိုင်လိုက်ပါတယ်။
ပြီးတော့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ အစိုးရအဖွဲ့ကိုလည်း
ဖွဲ့စည်းနိုင်လိုက်ပါတယ်။ ရွေးကောက်ပွဲအလွန် အသွင်ကူးပြောင်းရေး
ပဋိညာဉ်ကိုလည်း အဓိကအကျိုးဆိုင်သူတွေကြားမှာ ဖန်တီးလိုက်နိုင်ပါတယ်။
ဒါကြောင့် နိုင်ငံရေးစိတ်ဝမ်းကွဲပြားမှုတွေ ထိပ်တိုက်တွေ့မှုတွေ
ဖြစ်ပေါ်နိုင်တဲ့ အလားအလာကိုပါ အကြီးအကျယ်လျှော့ချနိုင်ပါတော့တယ်။
နိုင်ငံရေးရာသီဥတုက သာယာကောာင်းမွန်လာတာကြောင့် အစိုးရသစ်က
စီးပွားရေးတိုးတက်အောင်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရှိလာအောင်
အဓိကအာရုံစိုက်လုပ်ကိုင်နိုင်ပါတော့တယ်။ စီးပွားရေးပေါ်လစီ သစ်တွေက
အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေအတွက်
ဦးစားပေးလုပ်ကိုင်ပါလိမ့်မယ်။ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေရဲ့
အကူအညီနဲ့ အစိုးရသစ်က လျှပ်စစ်မီးပေးရေးနဲ့ အခြေခံအဆောက်အဦး
တည်ဆောက်ရေးလိုမျိုး ရည်မှန်းချက်ကြီးမားတဲ့ ကိစ္စတွေကိုတောင်
စတင်ဆောင်ရွက်လာနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ပညာရေးနဲ့ ကျန်းမာရေး
ကဏ္ဍကိုလည်း အဓိကဦးစားပေး နိုင်ပါလိမ့်မယ်။ အစိုးရသစ်အတွက်
နောက်ထပ်ကြီးမားတဲ့ အလုပ်တာဝန်တစ်ခုကတော့ တိုင်းရင်းသားလူနည်းစု
အုပ်စုဝင်တွေကို နိုင်ငံတော်အင်စတီကျူးရှင်းတွေထဲမှာ
အရေအတွက်ပိုများများ ထည့်သွင်းခန့်ထားဖို့နဲ့ ဗဟိုချုပ်ကိုင်မှု
ဖြေလျှော့ရေးကို ဖြည်ဖြည်းချင်းနဲ့ သေချာလုပ်ကိုင်သွားဖို့ပါ။ ဘယ်သူပဲ
အစိုးရသစ်ဖြစ်လာဖြစ်လာ လုပ်သင့်တာတွေချည်းပါပဲ။
အဲဒီလိုမျိုး လုပ်နေတာတွေနဲ့အပြိုင် လွှတ်တော်နဲ့ တခြား နိုင်ငံအဆင့်
တွေ့ဆုံဆွေးနွေးရေး အင်စတီကျူးရှင်းတွေက တိုင်းပြည်အနာဂတ်နဲ့ အနာဂတ်
ဒီမိုကရေစီ ဖက်ဒရယ်မြန်မာနိုင်ငံကို ဘယ်လိုဖွဲ့စည်းတည်ထောင်သင့်တယ်
ဆိုတာကို အချိန်ယူပြီး စနစ်တကျဆွေးနွေးနေပါလိမ့်မယ်။
3) လက်ရှိသမ္မတဦးသိန်းစိန်ကိုပဲ
စစ်တပ်ရယ်၊ကြံ့ခိုင်ရေးရယ်၊သူတို့အပေါင်းအပါမဟာမိတ်တွေရယ် စုစည်းပြီး
နောက်သက်တမ်းအတွက် သမ္မတအဖြစ်ထပ်ပြီး ခန့်အပ်လိုက်တယ်ဆိုပါတော့။
မြန်မာနိုင်ငံတစ်ခုလုံးရယ်၊ သာမန်ပြည်သူတွေရယ်၊ အတိုက်အခံတွေရယ်၊
တိုင်းရင်းသား အုပ်စုတွေရယ်အတွက် ဘာတွေဖြစ်လာမလဲ။
ပထမဦးဆုံးပြောချင်တာကတော့ အဲဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်
မဟုတ်ဘူးဆိုတာပါ။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ်
ရှုံးနိမ့်သွားပြီး NLD ပါတီ အနိုင်ရသွားတဲ့အခါ ပြည်သူလူထုအများစုက
ရှင်းရှင်းလင်းလင်း ပြသလိုက်တဲ့ ဒီမိုကရေစီ စိတ်ဆန္ဒကို စစ်တပ်က
နောက်တစ်ကြိမ်ထပ်ပြီး နင်းချေဖျက်ဆီးလိုက်မယ်ဆိုရင်
သမိုင်းမှာဖျက်မရတဲ့ အမှားကြီးဖြစ်သွားပါလိမ့်မယ်။ အနိုင်ရသူကို
အာဏာမလွှဲပေးပဲ ရွေးကောက်ပွဲရှုံးနိမ့်သွားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့
စစ်တပ်က နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်ပြီး
အာဏာဆက်လက်ချုပ်ကိုင်ထားမယ်ဆိုရင် တည်ငြိမ်မှုတွေကို
ဖန်တီးပေးနိုင်မယ်တော့မဟုတ်ပါ။ ပြုပြင်ပြောင်းလဲရေးတွေ
လုပ်ဆောင်ရလွယ်ကူစေမယ့် နိုင်ငံရေးရာသီဥတုမျိုးကို
ဖန်တီးပေးနိုင်မယ်မဟုတ်ပါ။ ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ
ရှုံးနိမ့်သွားမယ်ဆိုရင် အကောင်းဆုံးကတော့ အတိုက်အခံအဖြစ်နဲ့
ဆက်လက်ရပ်တည်ပြီး နောက်ရွေးကောက်ပွဲတွေအထိ စောင့်ဆိုင်းနေဖို့ပါ။
ဦးသိန်စိန်အနေနဲ့ အငြိမ်းစားယူလိုက်တာက အကောင်းဆုံးဖြစ်ပြီး
ပြုပြင်ပြောင်းလဲရေးတွေကို စတင်ခဲ့သူအဖြစ် သမိုင်းက ချီးကျူးမှတ်တမ်းတင်
ထားပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ပဲ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲ
ရှုံးနိမ့်ရဲ့သားနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို အားကိုးပြီး သူ့ကိုပဲ
သမ္မတအဖြစ်ထပ်ပြီး တင်မြှောက်ဦးမယ်ဆိုရင်တော့ ရွေးကောက်ပွဲတွေကို
လိမ်ညာလှည့်ဖျားခဲ့သူအဖြစ် သမိုင်းကသူ့ကို အမှတ်ရနေပါလိမ့်မယ်။
ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုလေးစားတာက စစ်တပ်အတွက်လည်း
အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တပ်မတော်သားကိုယ်စားလှယ် ၂၅%ကို
ရွေးကောက်ပွဲရှုံးနိမ့်သူတွေနဲ့ ပူးပေါင်းပြီး အမှန်တကယ်အနိုင်ရသူကို
ရှုံးသူဖြစ်သွားအောင် မလှည့်ဖျားတာက
စစ်တပ်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲ အနိုင်ရသူကိုသာ
စစ်တပ်က ထောက်ခံမှုပေးသင့်ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရသူကလည်း
အမျိုးသားပြန်လည်ရင်ကြားစေ့ အစိုးရမျိုးကိုသာ ဖွဲ့စည်းသင့်ပါတယ်။
အဲဒီအစိုးရမှာ အားလုံးပါဝင်နိုင်ဖို့ လိုပါတယ်။ ဆိုလိုတာကတော့
တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ထည့်သွင်းဖွဲ့စည်းဖို့လိုပါတယ်။
ဒါပေမယ့် အရည်အချင်းရှိပြီး ပြုပြင်ပြောင်းလဲရေးလိုလားတဲ့
အဆင့်မြင့်စစ်တပ်အရာရှိဟောင်းတွေလည်း ပါဝင်ရမှာပါ။အဲဒီလိုသာ
ဖြစ်လာမယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေး နယ်ပယ်အတွင်းက အဓိကဇတ်ကောင်တွေ
အားလုံးအတွက် အရှုံးမရှိ အနိုင်ရသွားတဲ့ အခြေအနေမျိုးကို
ဖန်တီးပေးပါလိမ့်မယ်။ မြန်မာနိုင်ငံသား အားလုံးအတွက်လည်း အကောင်းဆုံး
မျှော်လင့်ချက်တွေ ပေးအပ်နိုင်ပါလိမ့်မယ်။
အဲဒီလိုမှမဟုတ်ပဲ၊ လူများစုကြီးရဲ့ ဒီမိုကရေစီစိတ်ဆန္ဒနဲ့ ဆန့်ကျင်ပြီး
စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက နောက်သမ္မတကို ရွေးချယ်ပေးလိုက်မယ်ဆိုရင်တော့
အဲဒီအစိုးရသစ်က နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးမှုကို
ဆက်ပြီးကာကွယ်ထိန်းသိမ်း သွားပါလိမ့်မယ်။ စီးပွားရေးမှာ
ခရိုနီတွေကြီးစိုးထားတာကို ဆက်ပြီးထိန်းသိမ်းသွားပါလိမ့်မယ်။
တိုင်းရင်းသားလူနည်းစုတွေအပေါ် ဗမာလူများစု ကြီးစိုးထားတာကို
ဆက်ပြီးထိန်းသိမ်းသွားပါလိမ့်မယ်။ အဲဒီလိုသာဆိုရင်တော့ တည်ငြိမ်မှုတွေလည်း
ရှိလာမှာမဟုတ်သလို ပြုပြင်ပြောင်းလဲရေးတွေလည်း
ဆက်လက်ဖြစ်ပေါ်လာမယ်မဟုတ်ပါ။ ငြိမ်းချမ်းရေးရယူဖို့နဲ့
စီးပွားရေးအောင်မြင်မှုတွေကို စတင်ဖန်တီးဖို့ အတွက်ကောင်းမွန်တဲ့စမှတ်လည်း
ဖြစ်မလာနိုင်ပါ။
4) မြန်မာ့နိုင်ငံနဲ့ ပက်သက်ရင် စိုးရိမ်ပူပန်စရာရှိပါသလား။ ရှိတယ်ဆိုရင်
အဲဒါကဘာလဲ။ ဘာကြောင့်စိုးရိမ်ပူပန်ရတာလဲ။
မြန်မာနိုင်ငံက နိုင်ငံရေးစိတ်ဝမ်းကွဲပြားမှု ပြင်းပြင်းထန်ထန်
နက်နက်ရှိုင်းရှိုင်းဖြစ်နေတဲ့ နိုင်ငံပါ။ နိုင်ငံရေးအသွင်ကူးပြောင်းမှု
မအောင်မြင်အောင် တားဆီးထားတဲ့ အကြီးဆုံးအခက်အခဲကြီးလည်း ဖြစ်နေပါတယ်။
နိုင်ငံတော် စရိုက်လက္ခဏာတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအုပ်စုတွေကြား
နိုင်ငံရေးအရ သဘောတူညီချက် မရနိုင်တာကကိုပဲ ပြည်တွင်းစစ်နဲ့
စစ်အာဏာရှင်စနစ်တွေ သက်ဆိုးရှည်နေရခြင်းရဲ့
အဓိကအကြောင်းရင်းဖြစ်နေပါတယ်။ တိုင်းပြည်ကို ဘယ်လိုစရိုက်လက္ခဏာတွေနဲ့
တည်ဆောက်မယ်ဆိုတာကို အဓိကအကျိုးဆိုင်သူတွေကြားနဲ့ အထင်ကရ
တိုင်းရင်းသားအုပ်စုတွေကြားမှာ သဘောတူညီချက် မရနိုင်ဘူးဆိုရင်
အခုပြောမယ့် ၃ ခုလုံးကိုလည်း ရနိုင်မယ်မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီအရေး
အသွင်ကူးပြောင်းမှုက အောင်မြင်မယ်မဟုတ်ပါ။ မြန်မာနိုင်ငံမှာ
ငြိမ်းချမ်းရေးရမယ်မဟုတ်ပါ။ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေတာကို
ဖြည်းဖြည်းချင်းလျှော့ချ ထွက်ခွာခိုင်းတာနဲ့ အရပ်သားအုပ်ချုပ်စနစ်ဆီ
အရောက်သွားမှုကလည်း အောင်မြင်မယ်မဟုတ်ပါ။
လူတွေတော်တော်များများကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ
မျှော်လင့်ချက်ထားနေကြတယ်။ ဒါပေမယ့် အဲဒီဆွေးနွေးပွဲတွေ
အောင်မြင်ဖို့အတွက် အထောက်အကူပြုအခြေအနေတွေကို ဖန်တီးပေးနိုင်ဖို့
နောက်ထပ်ဖြစ်စဉ်တစ်ခုကို လိုမယ်လို့တော့ထင်တယ်။ ရွေးကောက်တင်မြောက်ခံရတဲ့
အရပ်သားနိုင်ငံရေးပါတီတွေ (ဒီမိုကရေစီအမှန်တကယ်လိုလားတဲ့ပါတီတွေနဲ့
တိုင်းရင်းသားပါတီတွေ)က သူတို့အချင်းချင်းကြားမှာ ၂ ဖက်နားလည်မှုတွေနဲ့
သဘောတူညီချက်တွေ ရယူဖို့လိုပါတယ်။ အားလုံးနဲ့ အကျုံးဝင်တဲ့မူဝါဒတွေ၊
ဗဟိုချုပ်ကိုင်မှုဖြေလျှော့ရေး မူဝါဒတွေကို အမျိုးသားပြန်လည်ရင်ကြားစေ့
အစိုးရက စတင်အကောင်အထည်ဖော်ဖို့လိုပါတယ်။ အနာဂတ် အခြေခံဥပဒေကို
ဘယ်လိုပြန်ပြင်ဆင် ရေးဆွဲမယ်ဆိုတာ အားလုံးကသဘောမတူနိုင်ခင်မှာတောင်
အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်ရမှာပါ။
နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အားလုံးကိုချဆွေးနွေးပြီး
သဘောတူညီချက်ရတဲ့အထိ ထိုင်စောင့်မနေဖို့ ကတော်တော်အရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ်ရောက်နေတဲ့ မယုံကြည်မှုအတိုင်းအတာ
စိတ်ဝမ်းကွဲပြားမှု အတိုင်းအတာနဲ့တော့ ဘယ်လိုသဘောတူညီချက်မျိုးကိုမဆို
ရအောင်ယူဖို့ခက်ပါလိမ့်မယ်။ အရင်ဆုံးလုပ်စရာရှိတာကို
အရင်ဆုံးလုပ်ဖို့လိုပါတယ်။ အားလုံးပါဝင်နိုင်တဲ့
အစိုးရကိုဖွဲ့စည်းဖို့လိုပါတယ်။ ဆိုလိုတာကတော့ အဆင့်အားလုံးမှာရှိတဲ့
နိုင်ငံတော်အင်စတီကျူးရှင်းတွေအားလုံးမှာ တိုင်းရင်းသားတွေကို အနည်းဆုံး
၃၀% လောက်ထည့်သွင်းနေရာပေးပြီး ဖွဲ့စည်းဖို့ပါ။ ယဉ်ကျေးမှု၊ ပညာရေးနဲ့
ဘာသာစကား အခွင့်အရေးတွေကို တိုင်းရင်းသားတွေအားလုံးအတွက်
ချက်ချင်းလက်ငင်း ပေးအပ်ရပါမယ်။ ဗဟိုချုပ်ကိုင်မှုဖြေလျှော့တဲ့
လုပ်ငန်းစဉ်ကို တတ်နိုင်သလောက် လုပ်ကိုင်သင့်ပါတယ်။ အခြေခံဥပဒေကို
မပြင်ဆင်နိုင်ခင်မှာတောင်မှပဲ စတင်လုပ်သင့်ပါတယ်။
5)အတိုက်အခံတွေ ရွေးကောက်ပွဲ အောင်နိုင်သွားရင် အာဆီယံအသိုက်အ၀န်းအတွက်
ဘယ်လိုသက်ရောက်စေမလဲ။ အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာရော
ဘာတွေဖြစ်လာမလဲ။ ဒေသတွင်းနိုင်ငံတွေအပေါ်မှာရော ဘယ်လိုအကျိုးသက်ရောက်မှုတွေ
ရှိလာမလဲ။
ဘယ်သူပဲ ရွေးကောက်ပွဲနိုင်ပြီး နောက်အစိုးရကို ဘယ်သူပဲဖွဲ့သည်ဖြစ်စေ
မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးမူဝါဒတွေမှာ ကြီးကြီးမားမား
အပြောင်းအလဲတော့ ရှိမှာမဟုတ်ဘူး။ ဦးသိန်စိန်အစိုးရက
တရုတ်နိုင်ငံလွှမ်းမိုးတာခံရတဲ့ မြန်မာနိုင်ငံအဖြစ်ကနေ ပထ၀ီနိုင်ငံရေးမှာ
ကြားနေရပ်တည်နိုင်တဲ့ နိုင်ငံအဖြစ်ရောက်အောင် အောင်အောင်မြင်မြင်
ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ အဲဒီလိုပြောင်းရွှေ့နိုင်တာကြောင့် တရုတ်နဲ့
အမေရိကန်နိုင်ငံခြားမှာ အဆင်ပြေအောင်ကစားလာနိုင်ပါတယ်။ တရုတ်နဲ့
အိန္ဒိယကြားမှာ၊ တရုတ်နဲ့ ဂျပန်ကြားမှာ အဆင်ပြေအောင် ကစားလာနိုင်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အစဉ်အလာအရ ရပ်တည်ခဲ့တာလည်း အဲဒီအတိုင်းပါပဲ။
အင်အားကြီးနိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားတွေအချင်းချင်းကြား
ပြိုင်ဆိုင်မှုကြားမှာ ဘက်မလိုက်အနေအထားနဲ့ ရပ်တည်ခဲ့တာပါ။
ပထ၀ီနိုင်ငံရေးမှာ ကြားကျကျ ရပ်တည်တာကပဲ မြန်မာနိုင်ငံအတွက်
အကျိုးအမြတ်အများဆုံး ရနိုင်ပါလိမ့်မယ်။ အကျိုးအမြတ်ဆိုရာမှာ
လုံခြုံရေးအရပြောတာလည်း ဖြစ်သလို စီးပွားရေးအရလည်း ပြောတာာပါ။
မြန်မာနိုင်ငံမှာဘယ်သူပဲ အစိုးရအဖြစ်တက်လာတက်လာ ရပ်တည်ချက်ကို
အဲဒီအတိုင်းပဲ ထားသင့်တယ်။ အာဆီယံအသိုက်အ၀န်းမှာဖြစ်ဖြစ်၊ တရုတ်နဲ့
အမေရိကန်ကြားမှာဖြစ်ဖြစ်၊ တခြားဘယ်သူတွေကြားမှာဖြစ်ဖြစ် ဘက်မလိုက်ကြားနေ
အနေအထားနဲ့ပဲ ဆက်ပြီးရပ်တည်သင့်တယ်။
အီဂေါဗလာဇီဗစ် သည် Center for Democracy and Culture တွင်
သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ ပညာရှေ့ဆောင် (Educational
Initiatives) အဖွဲ့ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဌာနတွင်လည်း
အဓိကသင်ကြားပို့ချသူဖြစ်သည်။
---------------------------
Credit Ko lu min

No comments:

Post a Comment