Thursday, January 14, 2016

21 hrs
ဘ၀ထဲကပဋ္ဌာန်း (၃)
=========
ဝိပဿနာရဲ့ အရေးကြီးပုံ
=========
အချို့သော ပုဂ္ဂိုလ်များ ခဏခဏ မေးလေ့ရှိသော မေးခွန်းတစ်ခုရှိပါတယ်။ ``ခင်ဗျားတို့ အဘိဓမ္မာ ဆရာတွေ အဘိဓမ္မာတွေ တက်နေတော့ တရားအားထုတ်စရာ မလိုတော့ဘူးဆိုတာ .. အဲ့ဒါဟုတ်လား?´´ တဲ့...။
သြော် ကြံကြီးစဉ်ရာ .... ဘယ့်နှယ့် မေးပါလိမ့်။
အရပ်စကားနဲ့ ခပ်လွယ်လွယ်ဖြေရမယ်ဆိုရင် အဘိဓမ္မာကို သာမန်စာပေသင်သလို သင်ရင် စာတက်သလိုပဲတက်ပြီး စာရသလိုပဲ ရပါလိမ့်မယ်လို့ ဖြေလိုက်ပါမယ်။
ဒီအဖြေကို ပဋ္ဌာန်းရှုထောင့်ကနေ ဖြေရမယ်ဆိုရင် ပိုရှင်းလင်းပါတယ်။ ပဋ္ဌာန်းတရားတော်မှာ ပုထုဇဉ်ကစလို့ ကျင့်ဆဲအရိယာရော အရဟန္တပုဂ္ဂိုလ်အထိတိုင်အောင် ၀ိပဿနာ ကျင့်ကြံကြောင်းကို အာရမ္မဏ၊ ဥပနိဿယ၊ ပုရေဇာတ၊ အတ္ထိ၊ အ၀ိဂတ ပစ္စည်းတရားတွေနဲ့ ဟောကြားထားကြောင်း တွေ့ရပါတယ်။ ထင်ရှားပေါ်လွင်စေရန် ရဟန္တာပုဂ္ဂိုလ်နှင့် ၀ိပဿနာ၏ ဆက်စပ်ပုံကို အာရမ္မဏနှင့် ဥပနိဿယ ပစ္စည်းနှစ်မျိုးဖြင့် ထုတ်ဆောင် ပါရစေ ..။
====
‪#‎အာရမ္မဏ‬ (ကု-ဗျာ)
အရဟာ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ။ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ၀ိပဿတိ။
(ရဟန္တာပုဂ္ဂိုလ်သည် ရှေး၌ ကောင်းစွာ အလေ့အကျင့်ပြုပြီး ကုန်သော ဒါန သီလ စသော ကာမကုသိုလ်တို့ကို ဆင်ခြင်သည်။ ဘုံသုံးပါ၌ ဖြစ်သမျှကုသိုလ်ကို မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရအနတ္တ ဟူ၍ ၀ိပဿနာ ရှုသည်။)
...
#အာရမ္မဏ (အကု-ဗျာ)
အရဟာ ပဟီနေ ကိလေသေ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သမုဒါ စိဏ္ဏေ ကိလေသေ ဇာနာတိ။
အရဟာ အကုသလံအနိစ္စတော ဒုက္ခတော အနတ္တတော ၀ိပဿတိ။
(ရဟန္တာပုဂ္ဂိုလ်သည် ပယ်အပ်ကုန်သော ကိလေသာတို့ကို ဆင်ခြင်သည်။ ရှေ့၌ပြုကျင့်လေ့ပြီးကုန်သော ကိလေသာတို့ကို ဆင်ခြင်ကြသည်။ အကုသိုလ်တရားကို မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရအနတ္တ ဟူ၍ ၀ိပဿနာ ရှုသည်။)
...
#အာရမ္မဏ (ဗျာ-ဗျာ)
အရဟာ (စက္ခုံ၊ သောတံ၊ ဃာနံ၊ ဇိဝှံ၊ ကာယံ၊ ရူပေ၊ သဒ္ဒေ၊ ဂန္ဓေ၊ ရသေ၊ ဖောဋ္ဌဗ္ဗေ၊ ၀တ္ထုံ၊ ၀ိပါကာဗျာကတေ ကိရိယာဗျာကတေ ခန္ဓေ) အနိစ္စတော ဒုက္ခတော အနတ္တတော ၀ိပဿတိ။
(ရဟန္တာပုဂ္ဂိုလ်သည် - မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ နှလုံးသားတည်ရာ ၀တ္ထု၊ ၀ိပါက်အဗျာကတစိတ် ကိရိယာအဗျာကတစိတ်နှင့်အတူ ဖြစ်ကုန်သော ခန္ဓာ - တို့အား မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရအနတ္တ ဟူ၍ ၀ိပဿနာ ရှုသည်။)
...
‪#‎ဥပနိဿယ‬ (ကု-ဗျာ)
အရဟာ မဂ္ဂံ ဥပါနိဿာယ အနုပ္ပန္နံ ကိရိယသမာပတ္တိံ ဥပ္ပါဒေတိ၊ ဥပ္ပန္နံ သမာပဇ္ဇတိ၊ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ၀ိပဿတိ။
(ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တမဂ်ကိုမှီ၍ မဖြစ်သေးသော ကိရိယသမာပတ်ကို ဖြစ်စေ၏၊ ဖြစ်ပြီးသော ကိရိယသမာပတ်ကို ၀င်စား၏၊ ဖြစ်ဖြစ်သမျှ ရုပ်နာမ် သင်္ခါရ တို့ကို မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရအနတ္တ ဟူ၍ ၀ိပဿနာ ရှုသည်။)
..
#ဥပနိဿယ (ဗျာ-ဗျာ)
အရဟာ (ကာယိကံ သုခံ၊ ကာယိကံ ဒုက္ခံ၊ ဥတုံ၊ ဘောဇနံ၊ သေနာသနံ) ဥပါနိဿာယ အနုပ္ပန္နံ ကိရိယသမာပတ္တိံ ဥပ္ပါဒေတိ၊ ဥပ္ပန္နံ သမာပဇ္ဇတိ၊ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ၀ိပဿတိ။
(ရဟန္တာပုဂ္ဂိုလ်သည် _ ကိုယ်ချမ်းသာကို၊ ကိုယ်ဆင်းရဲကို၊ ဥတုကို၊ အစာအာဟာရကို၊ အိပ်ယာနေရာကို _မှီ၍ မဖြစ်သေးသော ကိရိယာ သမာပတ်ကို ဖြစ်စေ၏၊ ဖြစ်ပြီးသော သမာပတ်ကို ၀င်စား၏၊ ဖြစ်ဖြစ်သမျှ ရုပ်နာမ် သင်္ခါရ တို့ကို မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရအနတ္တ ဟူ၍ ၀ိပဿနာ ရှုသည်။)
=======
ကဲ ကြည့်ပါဦး .... ကိလေသာပရိနိဗ္ဗာန်ပြုပြီးကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် ပင်လျှင် ၀ိပဿနာရှုသည်ဟု ဆိုလျှင် ကျွန်ုပ်တို့ အနေဖြင့်မူ ဆိုဖွယ်ရာ မရှိပါပေ။ အငြင်းပွားရန်/ ဆင်ခြေပေးရန် မလိုတော့ပြီဟု ယုံကြည်မိပါသည်။
သို့ဆိုရင် ၀ိပဿနာတရားတို့အား ခန္ဓပရိနိဗ္ဗာန် မပြုသေးမီအထိ ရှုအပ်သည်ဟု ယုံမှားကင်းစွာဖြင့် ဆုံးဖြတ်မှတ်ယူကြပြီးသကာလ ၀ိပဿနာ ကျင့်ကြံလိုစိတ်များ ထက်သန်ကြပါစေကုန်သော် ......
..
SLH (14-1-2016)
..

No comments:

Post a Comment