Pages - Menu

Pages

Sunday, August 9, 2015

ကျွန်တော်နှင့် ဓမ္မပဒအဋ္ဌကထာ

Akar Phyoe Kanbauk's photo.
ကျွန်တော်နှင့် ဓမ္မပဒအဋ္ဌကထာ
******************
ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ်တွင် စာမျက်နှာ ၄၅၅၊ ၀ဂ်ပေါင်း ၁၈၊ ၀တ္ထုဇာတ်လမ်းပေါင်း ၂၁၁ ပုဒ်ပါရှိပြီး မှတ်သားစရာများ စုံလင်သည်ကို တွေ့ရပါသည်။
အစဆုံးဝဂ်ကို ပါပ(မကောင်းမှု) နာမည်ပေးခြင်းဖြင့် စထားပြီး နောက်ဆုံးဝဂ်ကိုမူ ဗြာဟ္မဏနာမည် (မကောင်း မှုကို မျှောပစ်သူ) ဖြင့် ညွှန်းဆို ပြသထားသည်ကို တွေ့ရပါ သည်။ ၀ဂ်ပေါင်း တစ်ဆယ့်ရှစ်ခုတွင် တစ်ချို့ဝဂ်များကို ၀တ္ထု ပေါင်း အနည်းဆုံးရှစ်ခု၊ အများဆုံးအနေဖြင့် တစ်ချို့ဝဂ် များ ကို ဇာတ်လမ်းလေးဆယ်တို့ဖြင့် ဖွဲ့စည်းထား သည်ကို တွေ့ ရပါသည်။ ဤသို့တွေ့ရသဖြင့် ၀ဂ်တစ်ခုတွင် ဇာတ်လမ်းပုဒ် ရေကို တစ်သမတ်တည်း မှတ်သားရန် မဖြစ်နိုင်ပေ။
တိတိကျကျ လေ့လာသော် ၀တ္ထုဇာတ်လမ်း
ရှစ်ပုဒ် ပါသော ၀ဂ် သုံးခု (၂၄)၊
ကိုးပုဒ် ပါသောဝဂ် ငါးခု (၄၅) ၊
ဆယ်ပုဒ် ပါသောဝဂ် နှစ်ခု (၂၀)၊
တစ်ဆယ့်တစ်ပုဒ် ပါသောဝဂ် နှစ်ခု (၂၂)၊
တစ်ဆယ့်နှစ်ပုဒ် ပါသောဝဂ် ငါးခု (၆၀) နှင့် ဇာတ်လမ်းလေးဆယ်ပါဝင်သောဝဂ် တစ်ခု (၄၀) အားဖြင့် ၀တ္ထုဇာတ်လမ်းပေါင်း ၂၁၁ပုဒ် ရှိပါသည်။
ဇာတ်လမ်း တစ်ဆယ့်နှစ်ပုဒ် ပါဝင်သော ပါပ၀ဂ်တွင် ဆယ်ပုဒ်မှာ ဇေတ၀န်ကျောင်းတော်၌ ဟောကြားခဲ့သော ဇာတ်လမ်းများ ဖြစ်ကြပြီး ကျန်သောဇာတ်လမ်းနှစ်ပုဒ်တွင် တစ်ပုဒ်မှာ ဝေဠုဝန် ကျောင်း နှင့် တစ်ပုဒ်မှာ နိဂြောဓာရုံ ကျောင်းတော်တွင် ဟောကြားခဲ့သော ဇာတ်လမ်းများ ဖြစ်ပါသည်။
အထက်ပါ ကျောင်းတော်သုံးကျောင်း တည်ရှိသော မြို့တော် ၏ နာမည်များကို သာဝတ္ထိ၊ ရာဇဂြိုဟ် နှင့် ကပိလ၀တ္ထုဟု အစဉ်အတိုင်း မှတ်သားရပါမည်။ ဤပါပ၀ဂ်တွင် ရဟန်း၊ ရှင်ဘုရင်၊ ပုဏ္ဏား၊ သူကြွယ်နှင့် မုဆိုးတို့၏ အကြေင်းများကို လေ့လာနိုင်ပါသည်။
ဖွင့်ဆိုပြစရာ တစ်ဆယ့်နှစ်ဂါထာ ပါဝင်သော ၀တ္ထု တစ်ဆယ့်နှစ်ခုတွင် ပါပဟူသော ပါဠိကို အကြိမ်များစွာ တွေ့ရပါသည်။
ပါပဟူသော ပါဠိအသုံးအနုံး မပါသော ဂါထာတွင် နှိုင်းယှဉ်ချက်ကို ဆိုရာဖြစ်သော ပုညဟူသော ပါဠိကို သုံးစွဲထား ပါသည်။
ကာယဒုစရိုက်စသည့် မကောင်းမှုကို ပါပ ဟုခေါ်ဆိုရသလို အကုသိုလ်စိတ်များကိုလည်း ပါပ ဟုပင်ခေါ်ဆိုရပါသည်။ ပါပစိတ်ကို တားမြစ်ရမည်ဟု ပထမဆုံးဝတ္ထုတွင် ဟော ကြားထားပါသည်။ တားမြစ်ရခြင်း၏ အဓိကအကြောင်းပြ ချက်မှာ စိတ်သည် မကောင်းမှုတွင် မွေ့လျော်လေ့ရှိသော ကြောင့်ဟု ဟောပြပါသည်။
ဒုတိယ၀တ္ထုတွင်လည်း ပါပစိတ်ကြောင့်ဖြစ်သည် ပါပ အလုပ်ကို ခဏခဏ မလုပ်မိစေပါနှင့် ဟု ဟောကြားထား ပါသည်။ ခဏခဏ မလုပ်နှင့် ဟုဆိုသဖြင့် အနည်းဆုံး တစ်ကြိမ် တော့ပြုသင့်လေသလားဟု ထင်မိနိုင်ပေသည်။ ပုထုဇဉ်များသည် အကုသိုလ်ကို ပျော်မွေ့တတ် သူများဖြစ် ရာ တစ်ကြိမ်မက အကြိမ်များစွာ ပြုမိတတ်မည်မှာ ဖြစ်ပါ သည်။ သို့အတွက်ကြောင့် လုံးဝတားမြစ်ရန် မဖြစ်နိုင်သည် မှာလည်း သေချာနေပါသည်။
ထိုသို့ဖြစ်သဖြင့် ပါပကို ခဏခဏ မပြုပါ နှင့်ဟု ဟောလို ဟန် ရှိပေသည်။ ဖြစ်ပေါ်လာပါကလည်း ဤပါပသည် လက်ငင်းအကျိုး၊ ရေရှည် အကျိုး နှစ်မျိုးလုံးကိုပင် ပျက်စီး စေတတ်သဖြင့် ပါပကို ပြုလိုစိတ်ရှိခဲ့ပါသော်လည်း ဆင်ခြင် ဥာဏ်ကဲပြီး ဆန္ဒ နောက်မလိုက်ပါနှင့်ဟု ဟောတော်မူပါ သည်။
တတိယ၀တ္ထုတွင်မူ ပါပအစား ပုညကို ပြုကြပါဟု ဟော တော်မူထားပါသည်။ ပါပကို နားလည်ပါက ပုညကိုလည်း ပြောင်းပြန်အသိဖြင့် နားလည်ရပေမည်။ ပုညသည် အပြု သဘော၊ ယခုဘ၀ နောင်ဘ၀ နှစ်ခုအတွက် ကောင်းကျိုး ဖြစ်စေသည့် သဘော ရှိပါသည်။ ဤကဲ့သို့ ပုညကို နားလည်ပါမူ ပါပကိုလည်း နားလည်ကြပေမည်။
ပါပနှင့်ပုညကို နားမလည်သော သူက များပေသည်။ ဤသို့ နားမည်နိုင်အောင် ဖြစ်နေရခြင်းမှာ ပါပကို ပြုလုပ် နေသော သူ ဖြစ်လင့်ကစား အဆင်ပြေနေကြသည်ကိုသည် မြင် ရသောအခါ၊ သို့မဟုတ် ပုညကို ဆည်းပူးနေသူ ဖြစ်လင့် ကစား များစွာ ဒုက္ခတွေ့နေကြသည်ကိုလည်း မြင်ကြရပြန် သောအခါ နားမလည်ရခြင်း ဖြစ်ပါသည်။ လူတို့သည် ဘ၀ များစွာ ကျင်လည်ခဲ့ရသည်ကို သတိရသင့်ပြီး မိမိတို့ တတွေ သည် ကုသိုလ်များစွာကို ဆည်းပူးမိနိုင်သလိုပင် အကုသိုလ် များကိုလည်း ကျူးလွန်ခဲ့ကြမည်မှာ သေချာပါသည်။
ဤသို့ဆိုချေသော် ထိုကုသိုလ်နှင့် အကုသိုလ်ကံတို့သည် မိမိတို့၏ နောက်သို့ အရိပ်ပမာ လိုက်နေခဲ့သည်မှာ သေချာ ပါသည်။
ကောင်းသည့်ပုညကိုဖြစ်စေ၊ဆိုးသည့်ပါပကိုဖြစ်စေ ယခု ဘ၀တွင်လုပ်နေမိသော်လည်း ချက်ချင်းလက်ငင်း အကျိုးပေး သည့် သဘောသဘာဝကား နည်းမည်သာ ဖြစ်ပါသည်။ အကြောင်းများစွာဆုံမိမှ ချက်ချင်း အကျိုးပေး တတ်ပါသည်။ ဥပမာ အလှူပေးသည်ဆိုပါစို့၊ ပစ္စည်းက လည်း စင်ကြယ်ရမည်၊ စေတနာကလည်း ဖြူဖွေးရမည်၊ အလှူခံပုဂ္ဂိုလ်ကလည်း ပထမတန်းစားဖြစ်ရမည်၊ နိရောဓ သမာပတ်မှ ထသည့် ပုဂ္ဂိုလ်ကိုလည်း လှူဒါန်းမိသည့်သူ ဖြစ်ရပေမည်။ ဤသို့ဖြစ်မှ ချက်ချင်း အကျိုးပေးသည်ဟု ဆိုပါသည်။ တစ်ခုခု ချွတ်ယွင်းပါက အလကား ဖြစ်မသွား သော်လည်း ချက်ချင်းလက်ငင်း အကျိုးမပေးတတ်သည်က များပေသည်။ ရုပ်ပိုင်းဆိုင်ရာ အကျိုးမျိုးကို အဓိကအားဖြင့် ဆိုလိုပါသည်။ယခုဘ၀တွင် အဆိုးပြုလုပ်နေသူ၏ ကောင်း ကျိုးခံစားနေရမှုနှင့် အကောင်းပြုလုပ်နေသူ၏ မကောင်း ခံစားနေရမှုများသည် ယခုဘ၀၏ ချက်ချင်းလက်ငင်း အကျိုးများ မဟုတ်နိုင်ပေ။
အရာရာ တွင် အတိတ်ကံကိုချည်းလှည့်ချ၍ မဖြစ်နိုင်ဟု ဆိုမည်ဖြစ်သော်လည်း အကောင်းပြု နေသူများ အတွက် ဖြစ်သင့်လောက် အကောင်း မဖြစ်ခြင်းနှင့် အဆိုးလုပ်နေသူ များအတွက် အဆိုးတွေ ချည်းဖြစ် မနေခြင်းသည်လည်း အတိတ်ကံ၏ ပယောဂ မကင်းချေ။ ပစ္စုပ္ပန်ဘ၀၏ ဥာဏ်နှင့် ၀ီရိယသည်လည်း လူ့ဘ၀ကို တစ်စိတ်တစ်ပိုင်း ထိန်းညှိပေး ပါသည်။ ကံ၏ အစွမ်းလောက် အားမကောင်းတတ်ပေ။ သို့အတွက်ကြောင့် ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ် နည်းနည်းလေး ပြုမိတာပါဟု ဆင်ခြေမပြုနေဘဲ လုပ်သင့် သည့် အရာကိုသာ ဥာဏ်နှင့် ဆင်ခြင် သင့်ပါသည်။
မိုးပေါက်ကလေးများလည်း စုလိုက်သောအခါ သမုဒ္ဒရာရေ များ ဖြစ်သွားရပါသည်။ ကုသိုလ် ဖြစ်စေ၊ အကုသိုလ် ဖြစ် စေ ကောင်းကျိုးနှင့် ဆိုးကျိုးကို မဖြစ်စေနိုင်သော အဟောသိကံများ ရှိနိုင်ပါသည်။ သို့သော် အနည်းစုသာ ဖြစ်ပါသည်။ သတ္တ၀ါတို့သည် ကုသိုလ်နှင့် အကုသိုလ်ပြု သောအခါ အားထည့်ပြီး အများအားဖြင့် စိတ်ပါလက်ပါ ဆောင်ရွက်တတ်ကြပါသည်။ ထို့ကြောင့်ပင် ကောင်းကျိုးနှင့် ဆိုးကျိုးကို ရမည်သာ ဖြစ်ပေသည်။ အချိန်တန်၍ ကောင်း ကျိုး ဆိုးကျိုးကို ခံစားကြရမည် ဖြစ်သောအခါ တောင်ကြား တွင်ဖြစ်စေ၊ သမုဒ္ဒရာ အောက်တွင်ဖြစ်စေ၊ သို့မဟုတ် ကောင်းကင်ပေါ်တွင်ဖြစ်စေ ပုန်းနေသော်လည်း မဖြစ်နိုင်ပဲ နေရာမရွေး ခံစားကြရပါမည်။
အထက်ပါ သဘောတရားများကို နားလည်နိုင်စေရန် ဇာတ်လမ်းများဖြင့် အားဖြည့် ထားပါသည်။ ဆင်းရဲလှသော ပုဏ္ဏား ဇနီး မောင်နှံ နှစ်ဦးရှိရာ အမျိုးသားကြီးသည် လှူရန် တွန့်ဆုတ် နေခဲ့သဖြင့် နာရီပေါင်းများစွာ ကြာမှ ၀န်တိုစိတ် ကို ပယ်ခွါနိုင်ခဲ့ပြီး လှူဖြစ်ခဲ့ပါသည်။ အကျိုးပေးသောအခါ တွင်လည်း ခံစားရမှု နည်းသွား ခဲ့ရပါသည်။ သို့အတွက် လှူချင်စိတ်ဖြစ်ပါက လက်မနှေးပဲ လှူသင့်ပါသည်။ မိမိ ကိုယ်သာ တိုင်ပင်သင့်ပါသည်။ စိတ်သည် အမြဲပင် ပြောင်း လဲနေပေရာ လှူချင်စိတ်မှသည် မလှူဖြစ်သော အခြေ အနေ သို့ ရောက်စေရန်များစွာ အခွင့်ရှိနေပါသည်။
ဒုတိယ၀တ္ထုတွင် စိတ်ဖြင့်အာသာဖြေပြီး ကိလေသာပွါးစေ သော သေယျသကအား ဤသို့ မပြုစေရန် မိန့်တော်မူပါ သည်။ လောဘစိတ်သည် မွေးမိပါက ပွါးစီးလာမည်ဖြစ် သဖြင့် အကျိုး ယုတ်စေမည့်ဘေးမှ ကင်းဝေး စေရန်ရည် သန်ပြီး ဆုံးမထားပါသည်။
တတိယ၀တ္ထုတွင် အရှင်မဟာကဿပ မထေရ်ထံတွင် ဒါနပြုသော အမျိုးသမီး တစ်ဦး၏ နှစ်ဘ၀ အဖြစ်အပျက် အကြောင်းကို ဖေါ်ပြထားပါသည်။ လူ့ဘ၀တွင်သာမဟုတ် နတ်ဘ၀ရောက်သည်အထိ မထေရ်ကို ပြုစုနေသဖြင့် ဓမ္မကထိက ရဟန်းတော်များက တရားဟောရာတွင် ထည့် ပြီး အဟောခံရမှာ ကြောက်သော မထေရ်က နတ်သမီးကို နှင်ထုတ်ခဲ့ပါသည်။ သို့သော် ဘုရားရှင်က ကုသိုလ် ယူချင် သူသည် ဇွတ်ရအောင် ယူတတ်ရမည်ဟု တိုက်တွန်း ထား ပါသည်။ မည်သည့် အခြေအနေပင် ဖြစ်စေကာမူ ကုသိုလ် ပြုတတ်ကြပြီး ရှေးခေတ်က ဓမ္မကထိကဆရာတော်များ သည်လည်း ယနေ့ခေတ် ဓမ္မကထိကများ ကဲ့သို့ပင် အခွင့် ရပါက တရားဟောသောအခါ သူတို့၏ မကျေနပ်ချက် များကို ပရိတ်သတ်သို့ ချပြတတ်ကြောင်း သိရပါသည်။
စတုတ္ထ၀တ္ထုတွင်မူ ကုသိုလ်ပြုရာတွင် စေတနာသာ အဓိက ဖြစ်ကြောင်း ဟောတော်မူပြပြီး မိမိတို့ ဆောင်ရွက်နေသော ကုသိုလ်သည် မှန်ကန်သော နေရာတွင် လှူဒါန်းမိဖို့ အရေး ကြီးကြောင်း မိန့်တော်မူပါသည်။
ပဉ္စမ၀တ္ထုတွင်မူ အကုသိုလ် အလုပ်ကို ပြုလုပ်မိသည် ဆိုပါ က မသိသာပါဘူး ဆိုသော အသိမျိုး မရှိစေသင့်ကြာင်း ဟောပြတော်မူပြီး ရေတစ်စက်မှ မရှိသော အိုးတစ်လုံးပင် ဖြစ်စေကာမူ မိုးရွာသောအခါ အဖုံးကို ဖွင့်ထားပါက တစ် ပေါက်ချင်း ကျလာသော ရေပင်ဖြစ်စေကာမူ အချိန်ကြာ လာသောအခါ ရေအိုး ပြည့်သွားမည်ပင် ဖြစ်ပေသည်။ အကုသိုလ်ပြုရာတွင်လည်း ထိုနည်းတူပင် မှတ်သားကြရပါ မည်။
ဆဋ္ဌမ၀တ္ထုတွင်မူ ကုသိုလ်ပြုရာတွင်မူ မိမိကိုယ်တိုင်လည်း ပြု၊ သူတစ်ပါးကိုလည်း တတ်နိုင်သမျှ တိုက်တွန်းသင့် ကြောင်း ဖေါ်ပြပါသည်။ ဤသို့ပြုလုပ်ပါက အခြွေရံလည်း များ ကိုယ်စိတ်ချမ်းသာမှုကိုလည်း ရရှိမည်ဖြစ်ကြောင်း တိုက်တွန်းထားပါသည်။
သတ္တမ၀တ္ထု၏ ဇာတ်လမ်းတွင်မူ အသက်နှင့်စည်းစိမ်ရန်ကို ကြောက်သဖြင့် စီးပွါးရေးကိစ္စကို ဆောင်ရွက်နေစဉ်ပင် အချိန်ကိုက်ဆောင်ရွက်နေသည့် သူဋ္ဌေးတစ်ဦး၏ အကြောင်းကို ဖေါ်ပြထားပါသည်။ လူသား တို့သည်လည်း အသက်သေရမည့် ဘေးကိုကြောက်သဖြင့် အဆိပ်ကို မသုံး ဆောင်ကြသည့်အတူ အကုသိုလ်သည်လည်း အဆိပ်ထက် ပင် ကြောက်စရာ ဖြစ်သည်ကို သတိပြုသင့်ပေသည်။ အဆိပ်ကိုသောက်မိပါက ဤတစ်ဘ၀အတွက်သာ အန္တရာယ် ဖြစ်နိုင်သော်လည်း အကုသိုလ်ကို ပြုမိသူ အတွက်မူ ဘ၀များစွာတွင် အရိပ်ပမာ အန္တရာယ်လိုက် လာပေမည်။မိမိ၏လက်တွင် ဒဏ်ရာရှိမနေပါက အဆိပ်ကို ကိုင်သည်ပင် ဖြစ်စေဦး အန္တရာယ် မများ နိုင်သကဲ့သို့ပင် မိမိသည် စင်ကြယ်နေသူဖြစ်ပါက မကောင်းမှုကို ကျော် လွှား နိုင်သည်သာ ဖြစ်ပေ သည်။
သောတာပန်ဖြစ်သူသည်လည်း လက်မှာ ဒဏ်ရာမရှိသူနှင့် တူပေသည်။ သို့အတွက် ငါးပါး သီလကို လုံခြုံသည်သာ ဖြစ်ပေသည်။ သရဏဂုံးသုံးပါး မြဲသည့်သူသာ ဖြစ်ပေသည်။ ငါးပါးသီလနှင့် သရဏဂုံသုံးပါးကို မမြဲသေးသူသည် ပုထုဇဉ် သာ ဖြစ်သည်ကို မှတ်သားနိုင်ပေသည်။
န၀မ၀တ္ထုတွင်မူ မပြစ်မှား ထိုက်သူကို ပြစ်မှားပြီး သေစေ သဖြင့် သူတစ်ပါးမထိဘဲ ဘေးဒဏ်ကို မိမိသာ ခံစားခဲ့ ရသော မုဆိုး၏ အကြောင်းကို ဖေါ်ပြထားပါသည်။ ဤသို့စိတ်ထားရှိသူမျိုးကို ဘေးဒဏ်ဆယ်ပါး ထိတတ် သည်ဟု ဟောတော်မူပါသည်။ ဘေးဒဏ်တစ်ခုသည်ပင် ကြောက်စရာကောင်းပေရာ ဆယ်ခုသာ ခံစားရပါမူ မတွေး ၀ံ့စရာပင် ဖြစ်တော့သည်။ သို့အတွက် ပါပဆိုသည်ကို ဘာကွဟုပင် မတွေး ထိုက်တော့ပေ။
ဒသမ၀တ္ထုတွင်မူ ဆွမ်းခံရင်းငှက်သင့်ဆိုသလိုပင် ပတ္တမြား ခိုးသည်ဟု စွပ်စွဲခံရသော ရဟန်းတော်၏ အကြောင်းကို ဖေါ်ပြထားပါသည်။
ဧကာဒသမ၀တ္ထုတွင်မူ အကုသိုလ် အကျိုးကို ခံစားရသော သတ္တ၀ါများ၏ ထူးဆန်းသော အကျိုးပေးဆိုးများကို ဖေါ်ပြ ထားပါသည်။ ဤခေတ်တွင် လည်း များစွာရှိနေပေသည်။ နောက်ဆုံးဝတ္ထုတွင်မူ ဘုရားရှင်၏ ဦးကြီးအရင်းဖြစ်သော သုပ္ပဗုဒ္ဓ၏ အကြောင်းကို ဖေါ်ပြထားပါသည်။ ထိုဘုရင်၏ အတွေးတွင် ဘုရားရှင်သည် သူ၏သမီးကို စွန့်ပစ်ခဲ့သူ၊ သူ၏သား ဒေ၀ဒတ်ကိုလည်း ရဟန်းဖြစ်စေခဲ့ပြီး ရန်ငြိုး ကိုပွါးစေခဲ့သူဟု ယူဆနေခဲ့ပါသည်။ သို့အတွက်ကြောင့် ဘုရားရှင်ကို ဆွမ်းခဲကြွလာသောအခါ လမ်းပိတ်ဆို့ပြီး နှောက်ယှက်ခဲ့ပါသည်။ ယခုခေတ်တွင်လည်း နေရာတကာ လမ်းပိတ်ဆို့ထားတတ်ကြသော ယဉ်ထိန်းသမားများ အနေ ဖြင့် သတိမူ စဉ်းစားစရာပင် ဖြစ်တော့သည်။ သူ၏စေတနာ ဆိုးများကြောင့် သူ့ကိုထမ်းထားသော မြေကြီးကပင် သူ့ အပေါ် နေထိုင်ခွင့် မပေးတော့ပေ။ ဤသို့ဖြင့် မကောင်းမှု ပြုသူများသည် ဇာတ်သိမ်းမလှစွာဖြင့် ဘ၀ကို အဆုံးသတ် ရလေ့ရှိပါသည်။ ပါပနှင့် ပုညသည် ဘ၀ကို သရုပ်ဖေါ်ပေးပါ သည်။ ဘ၀ ပန်ချီကားတစ်ချပ်ကို ပီပီပြင်ပြင် ကြည်ကြည် လင်လင် ဇာတ်ရုပ်ကို ပေါ်အောင်ရေး ဆွဲတတ်ကြသည်မှာ ပါပနှင့် ပုညတို့ဖြစ်ပေရာ မည်သည့်ဇာတ်ရုပ်ကို ကြိုက် သလဲ ဟူသောအမေး၏ အဖြေကို စာဖတ်သူများက ဖြေကြ ရပါမည်။ ပါပလား သို့မဟုတ် ပုညလား ကြိုက်တာ ရွေးယူ နိုင်ပေသည်။
ဓမ္မပဒမှာ သိလိုတာ အမြန်ရှာနိုင်ဖို့ အောက်မှာ လင်္ကာလေး နဲ့ ညွှန်ပေးလိုက်ပါတယ်
ကောင်းတာ၊ မကောင်းတာ အစုံပါ၊ ယမက၀ဂ်မှာ ဟောကြားတာ
သတိ မမေ့ပါနဲ့ဗျာ အပ္ပမာဒက မိန့်မြွက်တာ
စိတ်ဆိုတာက ဆန်းကြယ်သား၊ စိတ္တ၀ဂ်က သင်ပြထား
ပန်းလိုမွှေးသည့် စိတ်ကိုပွါး၊ ပုပ္ဖ၀ဂ်မှာ ညွှန်ပြထား
မိုက်သည့်စိတ်ကို မမွေးရာ၊ ဗာလ၀ဂ်တွင် ဖေါ်ပြပါ ပညာရှိများ ဖြစ်ကြဗျား၊ ပဏ္ဍိတ၀ဂ်၌ ဆုံးမထား
ရဟန္တာဖြစ်ရန်ကြိုးစားပါ၊တစ်ဆင့်ထပ်တက်ကာ၊
အရဟန္တ၀ဂ်က နည်းပြလာ
ထောင်သောင်းရက်ထက် ဂုဏ်လွန်ကဲအရိယာဖြစ်က တစ်ရက်တည်း၊ သဟဿဝဂ်က ထောက်ပြဆဲ
ဂုဏ်ကြက်သရေတွေ ထပ်ဆင့်ကဲ၊ခုပဲရသည်ပဲ၊ခုလိုရသည့် စိတ်တန်ခိုး၊ ဓမ္မပဒ ဖတ်ရကျိုး၊နေ့စဉ်လဲပဲ ကုသိုလ်တိုး။
ကိုးကား
၁။ ဓမ္မပဒအဋ္ဌကထာ ပါပ၀ဂ်

No comments:

Post a Comment