4 hrs ·
အရှင် ပညာသီရိ with Aung Aung and 45 others
" ဒါနပြုအပ် ယုတ်လတ်မြတ် အတပ်သိပါစေ "
( က )
ဗုဒ္ဓဘာသာဝင်တို့တွင် လုပ်သင့်၊ လုပ်ထိုက်၊ လုပ်ကိုလုပ်ရမည့် လုပ်ငန်းစဉ်များစွာ ရှိပါသည်။ ဒါန၊ သ်ီလ၊ ဘာဝနာတို့ဖြစ်၏။ အကျိုးတရားမှာ နိဗ္ဗာန်ရခြင်းပင်ဖြစ်သည်။ ဤမျှော်လင့်ချက်ဖြင့်ပင် ပြုလုပ်ရမည်ဖြစ် ပါသည်။

မြတ်စွာဘုရားရှင်သည် ကုသိုလ်တို့၏ အကျိုးဖြစ်သော ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ ကိုဟောခဲ့ပါသည်။ ဤသို့ဟောခဲ့ခြင်းသည် သဘာဝအဖြစ်တရားများဖြစ်၍ ဟောခဲ့ခြင်းဖြစ်သည်။ လိုချင်ဖွယ်ဖြစ်အောင် စည်းရုံးခဲ့ခြင်း မဟုတ်ပေ။ စာရေးသူတို့အနေဖြင့်လည်း သဘာဝ သဘောတရားကို ယုံကြည်ထားလျှင် လုံလောက်ပါသည်။ တပ်မက်နေစရာ မလိုပေ။
" ကုသလာ အနဝဇ္ဇ သုခ ဝိပါက လက္ခဏာ - ကုသိုလ်ဆိုသည်မှာ အပြစ်ကင်း၍ ကောင်းကျိုးချမ်းသာ ကိုသာ ပေးပါ၏။ "
အပြစ်ကင်းသော အလုပ်ကိုလုပ်လျှင် ကုသိုလ်ရနေပြီဖြစ်ပါသည်။ သို့ဆိုလျှင် ကုသိုလ်ရသည်ဆိုသည် မှာ မည်သို့ရသနည်းဟုမေးစရာရှိလာပါသည်။ " ကုသိုလ်ရသည် " ဆိုသည်မှာ " ကျမ်းမာရေးကောင်းတယ်၊ ရာထူးတိုးတယ်၊ စီးပွားရေးအဆင်ပြေတယ်၊ နတ်ပြည်ရောက်တယ်၊ နိဗ္ဗာန်ရတယ် " ဟု ပြောကြပါသည်။ ဟုတ် နိုင်ပါသည်။ မငြင်းလိုပေ။
တချို့ကုသိုလ်တွေလုပ်နေရင်း ရာထူးပြုတ်၊ စီးပွားကျသွားသည်များကိုလည်း တွေ့နေရပါသည်။ ဤသို့ ဆိုလျှင် " ကုသိုလ်လုပ်ရတာ အကျိုးမရှိတော့ဘူးလား " ဟု မေးစရာ ဖြစ်နေပြန်ပါသည်။ ( လောသကတိဿမ ထေရ်သည် ရဟန္တာဖြစ်သည်အထိ ဆွမ်းမလုံလောက်ဘဲ ငတ်ပြတ်ခဲ့ရပါသည်)။
ကုသိုလ်ရသည်ဆိုသည်မှာ နောင်ဘဝကောင်းစားတာလား…၊ နိဗ္ဗာန်ရတာလား….ဟု တွေးစရာရှိလာ ပြန်ပါသည်။ ဘယ်လုပ်ငန်းမဆို လက်တွေ့အကျိုးရှိမှ၊ အကျိုးကိုနားလည်မှ ပိုမိုပြီး နှစ်နှစ်ကာကာကြီး လုပ်ချင် ကြမည်ဖြစ်ပါ၏။ ကုသိုလ်လုပ်ရင်းလဲ လက်ငင်းအကျိုးရှိရမည် ဖြစ်ပါလိမ့်မည်။
စာစောင်တစ်ခု၌ ဖတ်ဖူးပါသည်။ လူတစ်ယောက်သည် သူပိုင်သည့် အိမ်ခြံကို မိဘမဲ့ကလေးဂေဟာသို့ လှူဒါန်းလိုက်၏။ သူကမူ တဲတစ်လုံးဆောက်၍နေ၏။ သူ၏ခြံဝင်းထဲ၌ ကလေးများ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ကြသည်ကို မြင်ရသောအခါ သူလည်း ပီတိဖြစ်၍ မဆုံးပါတဲ့။
ဤပုဂ္ဂိုလ်မှာ နိုင်ငံခြားကဖြစ်၏။ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်ပေ။ နောင်ဘဝဆိုတာကို ယုံချင်မှ ယုံပါလိမ့်မည်။ သို့သော် သူလက်တွေ့ စိတ်ချမ်းသာနေပါ၏။ ဤသည်ပင် သူကုသိုလ်ရနေခြင်းဖြစ်ပါ၏။ ဗုဒ္ဓဘာ သာအမြင်ဖြင့်ဆိုလျှင် နောင်ဘဝတွင်လည်း ကောင်းစားပါလိမ့်မည်။
( ခ )
ဗုဒ္ဓဘာသာဝင်များအနေဖြင့်မူ လက်တွေ့စိတ်ချမ်းသာရုံသာမကဘဲ နိဗ္ဗာန်အထောက်အပံ့အတွက်ပါ ဦးတည်လျှင် စိတ်ထားတတ်ရပါမည်။ ဉာဏ်ပါရပါမည်။
ဗုဒ္ဓဘာသာဝင်များသည် နောင်ဘဝကိုယုံကြည်ကြသည်။ ယုံကြည်သည့်အတိုင်းလည်း အချို့က ဘဝ ကောင်းကို တောင့်တကြ၏။ ထိုစိတ်ဖြင့် ကုသိုလ်ပြုကြပါသည်။ ကုသိုလ်ဆိုသည်မှာ သူ့ချည်းသက်သက် အဖြူ ထည်ဖြစ်ပါ၏။ တဏှာအမည်း ဝင်မရောသင့်ပေ။ တဏှာဝင်ရောခံရသောကုသိုလ်သည် ပါရမီမမြောက်နိုင်ပေ။
ကုသိုလ်လုပ်ငန်းစဉ်ထဲတွင် ဒါနကို လေ့လာကြည့်ပါ။ ဒါနသည် စွန့်ခြင်းလက္ခဏာရှိ၏။ ဒေယျဓမ္မဝတ္ထု ၌ ငြိတွယ်သောလောဘကို ဖျက်ဆီးခြင်း ကိစ္စရှိ၏။ မငြိတွယ်ခြင်းလျှင် ဉာဏ်၌ထင်သော အခြင်းအရာ ရှိ၏။ စွန့် လှူထိုက်သော ဝတ္ထုလျှင် အကြောင်းပဒဋ္ဌာန် ရှိ၏။
မြတ်စွာဘုရားရှင်သည် " ဒါနဉ္စ ယဒ္ဓဉ္စ သမံ ဟောတိ " ဟောခဲ့ပါသည်။ ဒါနသည် လောဘ၊ ဣဿ၊ မစ္ဆ ရိယတို့ကို သတ်သည့်အတွက် စစ်တိုက်သည်နှင့်တူပါ၏။ မိမိပစ္စည်းစွန့်လှူလိုက်ခြင်းသည် ပစ္စည်း၌တွယ်တာ တပ်မက်နေသောတဏှာကို သတ်ခြင်းဖြစ်သည့်အတွက် ဤဒါနကြောင့် စည်းစိမ်ဥစ္စာတိုးပါစေ၊ ဘဝကောင်းရ ပါစေဆိုသော ဆုတောင်းများ မလိုအပ်တော့ပေ။ လောဘဆိုသည်မှာ ပူလောင်သော မီးတစ်မျိုး ဖြစ်ပါ၏။ ထိုမီး ကြောင့် အို၊ နာ၊ သေဆိုသည့် ဒုက္ခများ ရနေကြခြင်း ဖြစ်သည်။
ဆုမတောင်းသော်လည်း ကုသိုလ်ကံသည် ကုသိုလ်၏သဘာဝအလျှောက် နိဗ္ဗာန်မရောက်မချင်း ဘောဂသမ္ပတ္တိ၊ ဘဝသမ္ပတ္တိကို ပေးပါလိမ့်မည်။ " ဆုမတောင်းဘဲကုသိုလ်လုပ် ဂတိမမြဲဘူး " ဟု ပဏ္ဏာသ အဋ္ဌကထာတစ်ခုက ဆိုပါ၏။ ထိုအဆိုနှင့်ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီးက " ပါရမီ ဒီပနီ " ၌ဓာတု သံယုတ်အဋ္ဌကထာကို ကိုးကားပြီး….
" လောကုတ္တရာချမ်းသာသုခကို တောင့်တ၍ ပြုအပ်သော ကုသိုလ်သည် ကုသိုလ်တကာတို့ထက် လွန် ကဲထူးမြတ်သော ဥက္ကဋ္ဌတမကုသိုလ်ထူးဖြစ်၍ ထိုကုသိုလ်သည်ပင် မိမိအလိုလို အလိုက်သိသဖြင့် သင့်တင့်လျောက်ပတ်သော ဘဝဌာန၊ အမျိုးအနွယ်သို့ နေရာချပေလတ္တံ " ဟု ရေထားပါ၏။
ဆရာတော်ဘုရားကြီးသည် ပဏ္ဏာသအဋ္ဌကထာ စကားကိုလည်း မပယ်လိုသည့်အတွက်..
" ရှေးဘဝများစွာ နေခဲ့ဖူးသည် ကို အစွဲပြု၍ ဖြစ်သော နိကန္တိကများကို တားမြစ်ဖျောက်ဖျက်လျက် ထို ထက်သင့်တင့်လျောက်ပတ်သော အရပ်ဒေသကို တောင့်တခြင်း၌ အကျိုးရှိ၏ " ဟု ဖြေရှင်းပေးပါ၏။
( ဂ )
ပါရမီမြောက်သောဒါနနှင့် ပတ်သက်၍ ဆွေးနွေးမှုတစ်ခုအကြောင်း ပြောချင်ပါသည်။ ဒါနပြုသည့်အခါ " ပုဂ္ဂိုလ်ရွေးပြီးလှူသင့်-မလှူသင့် "အဆိုတင်သွင်းပြီး ဆွေးနွေးကြခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ပုဂ္ဂိုလ် ရွေးပြီးလှူရန် ဟောခဲ့ခြင်းရှိပါသည်။ ထိုသို့ရွေးလှူခြင်းကြောင့် ရရှိသည့် အကျိုးအဆင့်ဆင့်ကိုလည်း ဟောခဲ့ ပါသည်။ သို့ကြောင့် ပုဂ္ဂိုလ်ရွေးလှူသင့်သည်ဟု တစ်ဖက်က ဆိုပါသည်။
အခြားတစ်ဖက်ကလည်း " ပါရမီမြောက်သောဒါနဖြစ်ချင်ရင် ပုဂ္ဂိုလ်ရွေးမလှူသင့်ဘူး " ဟုဆို၏။ မြတ် စွာဘုရားရှင်၏ အလောင်းတော်ဘဝဖြစ်စဉ်ကို ထောက်ပြကြ၏။ " ဝေဿန္တရာမင်းကြီးဘဝ၌ အလှူခံအချို့ သည် မိစ္ဆာဒိဋ္ဌိဖြစ်သလို၊ သီလမရှိသူလည်းဖြစ်သည်။ ထိုပုဂ္ဂိုလ်မျိုးကို လှူသောအလှူသည်ပင် ပါရမီမြောက်ပြီး ဘုရားဖြစ်သေးသည် " ဟုပြော၏။
ပုဂ္ဂိုလ်ရွေးခြင်း၏ ဆိုးကျိုးကိုထောက်ပြကြ၏။ " ဘယ်နေရာမှာရဟန္တာပေါ်တယ်၊ ဘယ်သူက အရိယာ ဖြစ်တယ် " ဆိုလျှင်လူတွေဝိုင်းအုံကြသည်။ " ငါတို့ဆရာမှ သ်ီလရှိတာ၊ တခြားပုဂ္ဂိုလ်တွေထက် မြတ်တယ် " ဟူသောအစွဲများ ၊ " နာမည်ကြီးပုဂ္ဂိုလ်ကို လှူရမှ " ဟူသော အစွဲများဖြင့် သံဃဂုဏ်ပျောက်ကုန်ကြသည်။
အချို့ဆိုလျှင်ဆွမ်းချိုင့်ကြီးကိုင်၍ ကျောင်းသို့ရောက်လာ၏။ ဆရာတော်ခရီးထွက်သွားသည် ဆိုလျှင် မလှူတော့ဘဲ ပြန်ယူသွားကြ၏။ အလှူရှင်၏ စေတနာသည်မသင့် ၊ လောဘပါနေသည် ဟုထောက်ပြကြ၏။
" သို့ဆိုလျှင် သီလရှိသူကော၊ မရှိသူကော၊ သာသနာပအလှူခံပုဂ္ဂိုလ်တွေကော လှူရမှာလား၊ ဗုဒ္ဓ ဘာသာအင်္ဂါရပ်တွင် အယူပျက်သော အလှူခံများကို မလှူရလို့ပါတယ်မဟုတ်လား။ အလဇ္ဇီကိုထောက်ပံ့ရင် သာသနာဖျက်ရာမကျလား " ဆိုပြီး အခြားတစ်ဖက်က စောဒကတက်၏။
ထိုအခါ တစ်ဖက်ကလည်း လယ်တီဆရာတော်ဘုရားကြီး၏ " ဒါနဒိ ဒီပနီ " ပါ အဆိုအမိန့်များဖြင့် ချေ ပကြပြန်၏။
ဆရာတော်ဘုရားကြီးက " အလဇ္ဇီကိုလှူသောဒါနသည် အကျိုးမကြီး၊ လဇ္ဇီကိုလှူမှ အကျိုးကြီးသည်ဟု အကျိုးကိုခင်မင်၍ ရွေးချယ်ချက်နှင့်တကွ လှူဒါန်းသော ဒါနသည် ဟီနဒါန သာဖြစ်ချေသည်။ ပါရမီမြောက် သောဒါနမဟုတ်ချေ။
" အကျိုးကြီးရာကို ရွေးချယ်၍လှူရမည်ဟု ဟောတော်မူသည်မှာ ပါရမီမြောက်-မမြောက်ကို ပဓာနမပြု ဘဲ ပုဂ္ဂလဇ္ဈာသယ အားလျော်စွာ အကျိုးကို ပဓာနပြု၍ ဟောတော်မူသောဒေသနာဟု မှတ်ရမည် " ဟု ဆရာ တော်ကြီးစကားကို ကိုးကားပြ၏။
ထို့နောက် မေးခွန်းတစ်ခုမေး၏။ လမ်းမထက်တစ်နေရာ၌ ဆွမ်းအပြည့်ပါသော ရဟန္တာတစ်ပါးနှင့် စားစရာမရှိ၍ ချည့်နဲ့ငတ်ပြတ်နေသည့် အလဇ္ဇီတစ်ပါးကိုတွေ့လျှင် မည်သူ့ကိုလှူမည်နည်း။ ထိုအခါ ပုဂ္ဂိုလ်ရွေးလှူသင့်သည့် ဘက်က နှစ်ပါးစလုံးလှူမည်ဟု မတင်မကျဖြေ၏။ ယတိပြတ် မဖြေပေ။
ဤအခြေနေ၌ အလှူခံပုဂ္ဂိုလ်ထက် အလှူရှင်၏ စေတနာက ပိုပြီးအရေးကြီးသည်ဟု ထင်မိပါသည်။ အလဇ္ဇီမှန်း တော့သိ၏။ အားပေးချင်သော စေတနာလည်းမရှိ။ သူ့မှာလည်း အမှန်တယ်လိုအပ်နေသောအခြေနေဖြစ်နေ လျှင် လှူသင့်သည်ဟု ဆိုချင်ပါသည်။
နိုင်ငံခြား၊ ဘာသာခြား တိုင်းပြည်တစ်ခုတွင် ရေဘေးဒုက္ခရောက်သည်ဆိုပါစို့။ ဗုဒ္ဓဘာသာဖြစ်သော ကျွန်ုပ်တို့ သည် သူတို့အတွက် လိုအပ်သောကူညီထောက်ပံ့မှုကို ပြုရပါမည်။ ဤအခြေအနေသည် ဒုဿီလကို အားပေး ခြင်းမဟုတ်သလို သာသနာပအလှူခံကို ရှာမှီးခြင်းလည်း မဟုတ်ပေ။
( ဃ )
ဒါနတစ်ခုဖြစ်မြောက်ရန်အတွက် အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ပစ္စည်း၊ အလှူရှင်၏စေတနာ၊ သုံးခုပြည့်စုံရပါ မည်။ အလှူခံပုဂ္ဂိုလ်ဘက်က ဒုဿီလဖြစ်ပြီး မစင်ကြယ်သော်လည်း အလှူပစ္စည်းနှင့် အလှူရှင်၏ စေတနာက ဖြူစင်လျှင် ပါရမီမြောက်ပြီး အကျိုးကြီးပါသည်။ ဝေဿန္တရာမင်းကြီး၏ အလှူသည် မြေကြီးပင် တုန်လှုပ်စေပါ ၏။
အလှူခံပုဂ္ဂိုလ်က ဂုဏ်ကြီးသော်လည်း အလှူရှင်ဘက်က အလှူပစ္စည်း၊ စေတနာ၊ သီလမစင်ကြယ် လျှင် ဤကုသိုလ်သည် ဘောဂသမ္ပတ္တိသာ အလွန်ဆုံးပေးနိုင်ပါလိမ့်မည်။ ပါရမီမမြောက်နိုင်ပေ။
ပါရမီမြောက်ရန်အတွက်မူကား စေတနာကို ပို၍ဂရုစိုက်သင့်ပါသည်။ အလှူခံပုဂ္ဂိုလ်၏ ဂုဏ်ကြီး၊ဂုဏ် ငယ်ကို ထည့်တွက်နေရန်မလိုပေ။ သာမန်အခြေနေမျိုးမှာဆိုလျှင်တော့ ကျေးဇူးတရားကို ထည့်တွက်ရပါမည်။
အမိအဖနှင့် တခြားပဂ္ဂိုလ်၊ ရဟန်းနှင့် သာသနာပပုဂ္ဂိုလ် ယှဉ်လာလျှင် အမိအဖနှင့် ရဟန်းကို ရွေးချယ် ရပါမည်။ ကျေးဇူးတရားဆိုသော ရှုထောင့်ကကြည့်ခြင်းဖြစ်၏။ စေတနာဖြူစင်ပါ၏။ အကျိုးကြီးမားမှုကို မျှော်လင့် ပြီး ပြုခြင်းမဟုတ်ပေ။
ဤ၌ ကျေးဇူးရှင်ကို ကျေးဇူးသိတတ်သော စေတနာကြောင့် ကောင်းကျိုးရမည်သာဖြစ်သည်။ နိဗ္ဗာန် ရည်မှန်းလျှင် ရည်မှန်းသောအကျိုး ပြည့်မည်သာ ဖြစ်ပါ၏။
နိဗ္ဗာန်ဆိုသည်မှာ လောဘ၊ ဒေါသ၊ မောဟ တို့၏ ကုန်ရာဖြစ်၏။ နိဗ္ဗာန်ကို မြန်မြန်ရချင်လျှင် လောဘ၊ ဒေါသ၊ မောဟ မြန်မြန်သတ်နိုင်လေ နိဗ္ဗာန်နှင့်နီးလေ ဖြစ်၏။
" ဒါနသည် လောဘကို အခိုက်အတန့်သတ်ပါ၏။ လောဘကိုသတ်ချင်၍လည်း ဒါနလုပ်ခြင်းဖြစ်ပါသည် ။ ဘဝမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ အကျိုးကြီးမားမှုကို မျှော်လင့်ပြီး လုပ်ခြင်းသည် လောဘကို သတ်ရာမကျဘဲ အမြတ် လိုချင်၍ အရောင်းအဝယ်လုပ်ခြင်းမျိုး ဖြစ်နေပါလိမ့်မည်။
နိဗ္ဗာန်ရောက်ချင်သည့် ဒါနဖြစ်လိုလျှင် အကျိုးကြီးမှု-ငယ်မှုတွေကို ထည့်တွက်မနေဘဲ၊ ပုဂ္ဂိုလ်မရွေးဘဲ နိဗ္ဗာန်ဦးတည်၍ လှူသင့်ပါ၏။ "
ဤစကားဝိုင်းတွင် စာရေးသူသည် စေတနာကိုသာ ပို၍ဂရုစိုက်သင့်ကြောင်း၊ အခြေနေနှင့် အချိန်ခါအရ ပုဂ္ဂိုလ်မရွေးဘဲ လိုအပ်သောနေရာ၌ လိုအပ်သောအရာကိုသာ လှူသင့်ကြောင်း၊ သို့မှသာ ပါရမီမြောက်၍ လိုအပ် သောအကျိုးပြည့်နိုင်ကြောင်း….ဆိုသည့် ဘက်ကနေလိုက်ပါ၏။
အရှင်ပညာသီရိ ( ရမ္မာကျွန်း )
{ ဓမ္မရတနာ မဂ္ဂဇင်း စာမူ }

No comments:
Post a Comment