Pages - Menu

Pages

Tuesday, May 17, 2016

Ashin Ashin Awthadalinkaya Awthadalinkaya added 10 new photos.
မာန်လည်ဆရာတော်ကြီးက
(မာန)၏အပြစ်တို့ကို ဥပမာအမျိုးမျိုးဖြင့်
နှိုင်းခိုင်း၍ ဆုံးမသွန်သင်ခဲ့-
လူ့ဘုံ ရပ်ခွင်
ငါသာလျှင်တည့် ငါ့ပြင်မရှိ
ဇာတိတူလျှင်း ပြည်ထောင်ချင်းတို့
ဘယ်မင်းဆိုင်ကာ ပြိုင်ဝံ့စွာလိမ့်။
ထက်မှာသကြား အောက်နဂါးဟု
ကြုံးဝါးဆိုယောင် လက်ရုံးထောင်လျက်
မျက်မှောင်ဖားဖား ကိုက်လို ကျားသို့
သွား တကြိတ်ကြိတ် ဟိတ် တပေးပေး
မာန် သွေးသွေးဖြင့် အရေး လိုလို
ရန်မီး ပိုအောင် သူ့ကိုအောက်ထား
မလောက်လား ဘဲ 
လေးစားမဖြုံ ကိုယ့်အားယုံပြီး
ခွေးပုံမထူး မာနရူး၍
လွန်ကျူး မထွေရစ်စေနှင့်။(မဃဒေဝ ပိုဒ် ၁၉၄)
ကလိင်္ဂမင်း ဆင်ခြင်ကင်းလျက်
ချွတ်ယွင်းတရား ဗိုလ်ပါများဟု
မာန်ကြွား တက်ပြီး လက်ရုံး တီး၍
သမီးလွှတ်ကာ ရန်စရှာသို့
ပြည်ရွာအခြား တိုင်းတစ်ပါးနှင့်
လိုလား စစ်မက် ရန်ဘက် ရှာရှာ
မပြုရာဘူး။ (မဃဒေဝ ပိုဒ် ၁၉၅)
ပမာမလောက် မာန်ဟုန်မြောက်၍
မုန်သောက်ဆင်ပြောင် ကိုယ်ကြီးတောင်နှင့်
သေးမျောက် ငယ်နုတ် တဆုပ်မျှလျက်
နှံစုပ်ငှက်တွင် အသက်သေရ
ထိုမှတကြောင်း သောင်းနှင့်တစ်ရာ
ရာနှင့်တစ်ယောက် မမှုလောက်ဟု
မအောင့်မေ့သာ ရေးအရာကို
လွန်စွာဥာဏ်ချိ ဆင်ခြင်ဘိလော့
သတိဟု ဆို တရားကိုယ်မူ
ပိုသည်မရှိ လိုသည်တည့် ရှင့်။(မဃဒေဝ ပိုဒ် ၁၉၅)
ပညာကင်းဘိ
သတိမမူ ပြုတတ်သူကား
ဖလ်ဂူ အောင်းနေ မြေခွေးလေသို့
သေစိမ့်အပြီး မျက်ဟုန်ကြီးဖြင့်
ခြောက်စီး နောင်ညီ ကေသရီသို့
တူပြီး မာန်လိုက် အပြင်းတိုက်သော်
ရင်၌ ပေါက်ဖူး ဖလ်ညောင့်စူး၍
သေဘူးကုန်ကြ ပုံကိုဆလော့။
ခါးလည်းမသန် အားမသန်ဘဲ
မာန်တကဲကဲ ဆင်တပဲလျက်
တင့်ရဲမရှောင် တစောင်စောင်နှင့်
မာန်ထောင်အစဉ် လွှဲမကြဉ်သည့်
ခါချဉ်မိုက်သို့ ပျက်စီးဘို့တည့်
ကိုယ့်မာန်နှင့် ကိုယ် ဒေါသပို၍
ထိုထို သတ္တဝါ ဘေးဖြစ်စွာခဲ့။(မဃဒေဝ ပိုဒ် ၁၉၅)
နွားချေးပိုးကောင် ဆင်ကိုစောင်၏
ယခေါင်ရှေးက ဝိဒေဟ၌
ဒွါရ အထွက် တံခါးထက်ဝယ်
ပဲဝက်ရွေ့သာ ရွှေသပြာကို
လည်မှာဆွဲရ ပုတ်သင်မျှလည်း
မာနတက်စောင် မင်းကိုထောင်၏။(မဃဒေဝ ပိုဒ် ၂၁၈)
ပညာမြင်ကြား ရှိပါငြားလည်း
တရားအလွတ် စကားတတ်လျက်
သူမြတ် ပုဂ္ဂိုလ် လူထိုထိုအား
အလိုမိုက်ဆိုး မာနကိုး၍
လွှမ်းမိုးနှုတ်လျှာ ပြောတတ်စွာမူ
ထိုပညာရှိ
မိမိအတတ် ကိုယ့်ကို သတ်၏
ပရိသတ်ခွင် ပွဲမဝင်ရာ
သဘင် လွှတ်ရုံး မသုံးနိုင်ကြ
ဝိုင်းပယ်ရလိမ့်
သဇ္ဇန လက္ခဏာ မဟူရာဘူး။(မဃဒေဝ ပိုဒ် ၁၉၉)
အထက်ပါ မာနစပ်၍
ရေးသားဆုံးမခဲ့ပုံလေးတွေကို သေချာစွာကြည့်ရှုလျက်
အသက် စည်းစိမ် အိုးအိမ်နှင့်တကွ
နိုင်ငံပါဆုံးရှုံးခဲ့ရသည့် ထုံးသာဓကတို့ကို သတိထား၍
မာနတရား ချိုးနှိမ်နိုင်ကြပါစေ။

No comments:

Post a Comment